တောင်ဒဂုံ
စက်မှုဇုန်ရှိ ငမိုးရိပ်ချောင်းအတွင်း အရှည်ကိုးပေ နီးပါးရှိ
မိကျောင်းပေါ်လာ၍ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း အဆိုပါ
စက်မှုဇုန်ရှိ စက်ရုံများမှ သိရသည်။ အဆိုပါ မိကျောင်းကို အောက်တိုဘာ ၃
ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်တွင် စက်မှုဇုန် ၁ ၊မေယုလမ်းရှိ May Yu Marine
Products ကုမ္ပဏီ လီမိတက်မှ ငါး၊ ပုစွန် အအေးခန်း စက်ရုံဝန်ထမ်းများက စတင်
တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ငမိုးရိပ်ချောင်း ကမ်းစပ်နားတွင် တွေ့ရှိခဲ့ခြင်း
ဖြစ်ကြောင်း၊ ယခင်က ထိုသို့ မိကျောင်းပေါ်ခြင်းမျိုး မတွေ့ခဲ့ဖူးကြောင်း
အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။ ”ချောင်းစပ်
တစ်လျှောက်တော့ လာကြည့်တဲ့သူတွေ ရှိတယ်။ အဲဒီမိကျောင်းက လှေတွေဘာတွေ
ထွက်လာလည်း အန္တရာယ်မပေးဘူး”ဟု ၄င်းက ပြောသည်။ လူများ လာကြည့်သည့် အခါတွင်မူ
ရေထဲသို့ ထွက်ပြေးသွားတတ်ပြီး သိပ်မကြာမီ မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။
အောက်တိုဘာ ၄ ရက်နေ့အထိ အဆိုပါ ကမ်းစပ်တွင်ပင် ရှိနေကြောင်း သိရသည်။
မိကျောင်းကို တွေ့ရှိပြီးနောက် တောင်ဒဂုံ ရဲစခန်းနှင့် သာကေတ မိကျောင်း
မွေးမြူရေးစခန်းသို့ အကြောင်းကြား လိုက်သောကြောင့် ထိုနေ့တွင်ပင်
တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ သာကေတ
မိကျောင်းမွေးမြူရေးစခန်း သည်ယခင်ကလည်း ထိုကဲ့သို့ပေါ်လာသော
မိကျောင်းများကို သွားရောက်ဖမ်းယူပြီး စခန်းတွင် ထိန်းသိမ်းထား ကြောင်း၊
ယခုတွေ့ရသော မိကျောင်းသည် ၂ဝ၁၁ ခုနှစ်အတွင်း ပထမဆုံး သွားရောက် ဖမ်းယူရသော
မိကျောင်းဖြစ်ကြောင်း အဆိုပါစခန်းမှ သိရသည်။ ”ဒီနေ့ပဲ သွားဖမ်းမှာပါ။
အရှည် ကိုးပေနီးပါးဆိုတော့ အကောင်ကြီး အမျိုးအစားထဲမှာ ပါတယ်လို့
ပြောလို့ရတယ်” ဟု မိကျောင်း မွေးမြူရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြော
သည်။
မေဇင်ဝင်း
လူကို အန္တရာယ် မပေးသော မိကျောင်း တောင်ဒဂုံရှိ ငမိုးရိပ်ချောင်း ကမ်းစပ်သို့ ရောက်လာ
Reviewed by သစ်ထူးလွင်
on
11:38
Rating:
No comments:
Post a Comment