သီးလေးသီးပြည်တော်ပြန် အငြိမ့်အဖွဲ့၏ပထမဆုံးအကြိမ် ပြန်လည်ဖျော်ဖြေမှုအဖြစ်
အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မျှော်စင်ကျွန်း
ဖျော်ဖြေပွဲအား ပရိသတ်စိတ်ပါဝင်စားမှု နည်းပါးလျက်ရှိပြီး အလှစုံစွာ
မြပုဏ္ဏမာ၏ရင်သွေး၊ သီး လေးသီးဆေးရောင်စုံအဖွဲ့ဟုကြေညာထားသော်လည်း
ပါဝင်ကပြမည့်အဖွဲ့သားများမှာ စုံလင်ခြင်းမရှိခြင်းကြောင့်
ပရိသတ်စိတ်ပါဝင်စားမှုမှာ သိသာစွာနည်းပါးနေခြင်းဖြစ်သည်ဟု
သုံးသပ်ပြောကြားခဲ့ကြသည်။
''သီးလေးသီးအဖွဲ့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပြီး ပထမဆုံးအကြိမ်အဖြစ်ဖျော်ဖြေပွဲကို မျှော်စင်ကျွန်းမှာလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့အချိန်မှာတော့ စိတ်ပါဝင်စားမှု သိသိသာသာများတာမျိုး မရှိပါဘူး။ အခုလို အဖွဲ့သားမစုံ သေးခင်မှာ လုပ်တဲ့ပွဲဖြစ်တဲ့အတွက် စိတ်ဝင်စားမှု နည်းနေတယ်လို့ ထင်ပါတယ်။ သီးလေးသီးအဖွဲ့ရဲ့ အဖွဲ့သားတချို့ပြန်လည်မရောက်လာသေးသလို အဲဒီအဖွဲ့ရဲ့အဓိကလို့ ဆိုရမယ့်သူတွေလည်း ပါဝင်မယ်ဆိုရင်တော့ စိတ်ဝင်စားမှု အတိုင်းအတာက အခုထက်အဆပေါင်းများစွာ မြင့်တက်သွားနိုင်မယ်လို့ ထင်ပါတယ်။ အခုတော့ မျှော်စင်ကျွန်းဖျော်ဖြေပွဲအကြောင်း ဂျာနယ်တွေမှာ ဖော်ပြလာတာတွေရှိပေမယ့် စုံစမ်းမေးမြန်းမှုတွေ၊ စိတ်ပါဝင်စားမှုတွေ သိသိသာသာ မရှိသေးပါဘူး'' ဟု ရန်ကုန်မြို့တွင် ကျင်းပလျှက်ရှိသည့်ပွဲများနှင့် ပတ်သက်၍လေ့လာသုံးသပ်သူတစ်ဦးက ရှင်းပြခဲ့ပါသည်။
ထို့အပြင် ပရိသတ်တစ်ဦးကလည်း ''သီးလေးသီးအငြိမ့်အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို လူစုံတက်စုံနဲ့ ကြည့်ချင်လို့အားခဲထားတာ။ အခုကတော့ သူတို့အခုပြန်လာသလောက် အဖွဲ့ဝင်တွေကိုပဲ ဒီကလူရွှင်တော်နှစ်ယောက်နဲ့ ပေါင်းပြီးဖျော်ဖြေမယ်ဆိုတော့ သိပ်တော့ စိတ်မ၀င်စားတော့ဘူး။ သီး လေးသီးရဲ့ ဒါရိုက်တာကြီး ကိုဇာဂနာ ကလည်း မပါသေးဘူးလေ။ ပြောရရင်တော့အဖွဲ့သား အားလုံးရော၊ သူတို့အဖွဲ့အတွက် အရေးပါတဲ့သူရော စုံစုံညီညီ ပါဝင်ဖျော်ဖြေတဲ့ပွဲလေး ဖြစ်စေချင်တယ်။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကြည့်ရဖို့ ဘယ်လောက်ပဲခက်ခဲပါစေ သွားကြည့်မယ်လို့ ဆုံးဖြတ်ထားတယ်။ ပြောရရင်တော့ ၂၀၀၇ ဖျော်ဖြေပွဲရဲ့ အနှစ်သာရထက် ပိုပြီး သာလွန်တဲ့ ဖျော်ဖြေပွဲတစ်ခုကြည့်ခွင့်ရမယ့်အချိန်ကို မျော်လင့်နေမိတယ်'' ဟု သူ၏ခံစားချက်အား ရှင်းပြသွားခဲ့သည်။
သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့ ကန်တော်ကြီးမျော်စင်ကျွန်း၌ ဖျော်ဖြေခဲ့ပြီးနောက် ယင်းနှစ်ဒီဇင်ဘာလတွင် ချင်းမိုင်သို့ရောက်ရှိခဲ့သော ပြည်ပ ရောက် မြန်မာနိုင်ငံသား အနုပညာရှင်အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။ ယင်းအဖွဲ့မှ မင်းသမီးတစ်ဦးနှင့် လူရွှင်တော်သုံးဦးတို့သည် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ အချိန်က အဲပုဂံလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံချင်းမိုင်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ လူရွှင်တော်ဂေါ်ဇီလာမှ ဦးဆောင်ကာ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းအဖွဲ့တွင် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့်ချောစုမျိုးတို့ ပါဝင်ခဲ့ကြသည်။ ဦးဆောင်ပြန်လာခဲ့သူ လူရွှင်တော်ဂေါ်ဇီလာသည် ယခင်ကရထားရဲဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ချင်းမိုင်သို့ ရောက်ရှိနေစဉ်အချိန်အတွင်း မင်းသမီးချောစုမျိုးနှင့် ဒုတိယအိမ်ထောင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီးလေးသီး မျော်စင်ကျွန်းအငြိမ့်ပွဲအား စိတ်ပါဝင်စားမှု နည်းပါး
Reviewed by သစ်ထူးလွင်
on
00:04
Rating:
No comments:
Post a Comment