၀၆၁၀၁၁ (ထက်အောင်ကျော်)
ပြီးခဲ့တဲ့ သောကြာနေ့။ စက်တင်ဘာ ၃၀-ရက်နေ့မှာ မျော်လင့်မထားတဲ့ ထူးခြား သတင်း ၂-ပုဒ် ကို တပြိုင်တည်း ကြားလိုက်ရပါတယ်။ ပထမ-တပုဒ်ကတော့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ဆက်မလုပ်ဘဲ ယာယီ-ဆိုင်းငံ့ထားမယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ကြေငြာ ချက် ပါ။ ပြည်ပအသံလွင့်ဌာနတွေရဲ့ သတင်းလွင့်ချိန်မတိုင်မီတက်လာတဲ့ အဲဒီသတင်းကို Face book, Twitter နဲ့ အင်တာနက်သတင်းဆိုက်တွေမှာဖတ်ရှုပြီး "တယ်ဟုတ်ပါလား။ သမ္မတဦးသိန်းစိန် အစိုးရ က တကယ်ဘဲ့ပြည်သူ့ဆန္ဒကိုလေးစားတော့မလား" ဆိုပီး စိတ်ကူးယဉ်လို့ကောင်းတုန်း။
အဲဒီပျော်ရွင်ဘွယ် သတင်းနဲ့ ဆန့်ကျင့်ဘက်သတင်းတပုဒ် ကျနော့် Face Book ပေါ်ရောက် လာပါတယ်။ "ဒီဗွီဘီ-သတင်းဌာနအတွင်း အမေရိကန်ဒေါ်လာ ၃-သိန်းကျော် အလွဲသုံးစားလုပ်မှုကြီးရှိ နေတဲ့အတွက် ဒိကိစ္စကို နော်ဝေး ရဲ ဆီတိုင်ပီး တရားရုံးကနေ စစ်ဆေးတော့မယ်" တဲ့။ ဒီကိစ္စအတွက် ပြည်တွင်း ယူဂျီ-လုပ်နေတဲ့အဖွဲ့က တာဝန်ရှိသူ ၃-ဦးကို စစ်ဆေးမှာဖြစ်ပီး ညွန်မှုး ၂-ဦးကတော့ အုပ် ချုပ်ရေးတာဝန်ကနေ ခေတ္တနှုတ်ထွက်ထားတယ်။ ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ စပ်ဟန်ညောင်ရွေက ယာယီ ညွန်မှုးအဖြစ်တာဝန်ယူပေးထားတယ်...တဲ့။ ဘာတွေဖြစ်ကုန်ကြပီလဲ။ ဒီဗွီဘီ-ထဲမှာ ဘာတွေ ဖြစ်ကုန်ကြပီလဲ။
တာဝန်အရပြောမယ်ဆိုရင် ဒီဗွီဘီ-အုပ်ချုပ်ရေးအဖွဲ့ကနေ လွန်ခဲ့တဲ့မေလကတည်း က ကျနော် ကို အလုပ်ကနေထုတ်ပစ်ထားပီးသားဖြစ်တဲ့အတွက် ဒီကိစ္စဟာ ကျနော်နဲ့ ဘာမှမဆိုင်တော့။ ဒါပေမဲ့ ပရိတ်သတ်တွေ။ ရဲဘော်ရဲဘက်တွေက ဒီလာဒ်စားမှုအကြောင်းကို ကျနော်ဆီ တချိန်လုံးမေးလာနေ လို့ သောကြာနေ့ကနေအခုထိ အဲဒီမေးခွန်းတွေကိုဖြေနေရတာကိုက ကျနော့်အတွက် အလုပ်ကြီး တခု ဖြစ်နေပါတယ်။ ဒီလိုတဦးချင်းကို ဖြေနေတာနဲ့စာရင် စာနဲ့ပေနဲ့ရေးပီး သိသလောက်တင်ပေးလိုက်ရင် ပိုကောင်းမလားလို့စဉ်းစားမိရင်းနဲ့ ဒီဆောင်းပါးဖြစ်လာတယ်ဆိုပါတော့။
ဒီဗွီဘီ-အစ မာနယ်ပုလောက
"လူတွေဟာ ဆင်းရဲမှုဒဏ်ကိုခံနိုင်ပေမဲ့ ချမ်းသာမှုဒဏ်ကို မခံနိုင်ကြဘူး" ဆိုတဲ့စကားလုံးကို အစက ကျနော်သိပ်နားမလည်ခဲ့။ ဒါပေမဲ့ အခုတော့ ဒီစကားလုံးရဲ့ အဓိပယ်ကို ဒီဗွီဘီ-က လက်တွေ့ ပြလိုက်ပါပီ။ အခုဖြစ်သွားတဲ့ မဟာလာဒ်စားမှုကြီးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဒီဗွီဘီ-စတင် ထူထောင်ကာစ ၁၉၉၂-တုန်းကဆိုရင် ဘယ်လိုမှပေါ်လာစရာအကြောင်းမရှိ။ ဘာကြောင့်လဲဆိုရင် အဲဒီကာလက စား စရာလာဒ်နဲနဲလေးမှမရှိသေးတဲ့အပြင် ထမင်းတောင်နပ်မှန်အောင် စားနိုင်ဖို့မလွယ်ခဲ့တဲ့ အခြေနေက နေ ဒီဗွီဘီ-ဆိုတဲ့မီဒီယာတခုဖြစ်လာအောင် စတင်ကြိုးစားလာခဲ့ကြလို့ပါ။
ဒါမေပဲ့ အခုနှစ် ၂၀-ကြာပီး တဲ့အခါမှာတော့ "စိုင်ကော်လို့ နယ်စပ်ကျွန်းပင်တန်းကနေ အော်စလိုမြိုက ထင်ရူးပင်တန်ပေါ်ရောက် လာတဲ့ မိုက်ကယ်-သာဂိ တို့လဲ လှည်းနဲ့နွားနဲ့။ အိမ်နဲ့ကားနဲ့။ လက်ပတော့နဲ့ အိုင်းပက်နဲ့... ရုံးပစ္စည်း လား ကိုယ်ပိုင်လား သိပ်မကွဲပြားတော့တဲ့ဘ၀..." စသဖြင့်- အခြေနေက လုံဝပြောင်းပီး အောက်ခြေ လွတ် ဘ၀မေ့သွားရာကနေ အခုလို မဟာလာဒ်စားမှုကြီး ဖြစ်လာတယ်လို့ ကျနော်ထင်ပါတယ်။
၈-လေးလုံးအရေးတော်ပုံအပီး ကျနော်တို့ကျောင်းသားတွေ နယ်စပ်ဒေသဆီတောခိုကာစ။ ABSDF လှုပ်ရှားမှုအရှိန်ကောင်းနေစဉ်။ ၁၉၉၁-မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှုားမှုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ် အော်စလိုအခြေစိုက် နိုဗယ်ဆုရွေးချယ်ရေးကော်မီတီ ကကြေငြာလိုက်ပါတယ်။ အဲဒီ နိုဗယ်ဆုပေးပွဲဆီရောက်လာတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် နဲ့ နော်ဝေးတာဝန်ရှိသူတွေကြား ဆွေးနွေးရာကနေ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေကို ဘာအကူညီ ပေးရင်ကောင်းမလဲလို့ နော်ဝေးဖက်ကမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကအစပြုပီး ရေဒီယို-တခု ထောင်ပေးရင်ကောင်းမှာဘဲ့ဆိုတဲ့ စဉ်းစားချက်ပေါ်လာရာကနေ ၁၉၉၂ ဇူလိုင်လ ၁၉-ရက်နေ့ အာဇာ နည်နေ့ကြီးမှာ အခု ပြသာနာပေါင်းစုံနဲ့ကြုံနေရတဲ့ ဒီဗွီဘီ-အသံလွင့်ဌာနဆိုတာ စတင်ပေါ် ပေါက်လာ တာဖြစ်ပါတယ်။
အသံလွင့်ဌာနကြီးပေါ်လာတယ်ဆိုလို့ စီအင်အင်။ ဘီဘီစီ-တို့လို တာဝါတိုင်တွေ။ စလောင်း တွေနဲ့ ထိုးထိုးထောင်ထောင် ရုံးခန်းကြီးလို့ မထင်လိုက်ပါနဲ့။ တနေ့မှဒေါ်လာ ၁၀၀- တောင်မပေးရတဲ့ ဈေးပေါတဲ့ အော်စလိုဟိုတယ် အခန်းတခုမှာယာယီရုံးခန်းဖွင့်ထားပိး ထုတ်လုပ်မှုအားလုံးကို တော် လှန်ရေးဌာနချုပ် မာနယ်ပုလောကနေ ထုတ်လုပ်ခဲ့တာပါ။ ကျနော်အမှတ်မမှားဘူးဆိုရင် ပထမ-ဆုံး ၁၉၉၂ ဇူလိုင်လ ၁၉-ရက်နေ့မှာအသံလွှင့်မဲ့ မီနစ် ၃၀-စာ တိတ်ခွေလေးကို မာနယ်ပုလောကနေ ထုတ် လုပ်ပီး အော်စလိုကို စာတိုက်နဲ့ပို့။ အော်စလိုကနေတဆင့် အသံလွင့်ရုံရှိတဲ့ ...သမုဒရာထဲက မြိုတ ခုဆီ စာတိုက်နဲ့ပို့ခဲ့ရပီးမှ စတင်အသံလွင့်ခဲ့ရတာပါ။
ပထမ-ဆုံးနေ့လွင်တဲ့ အသံက ဖမ်းလို့ရတချက်။ မရတချက်။ ဒါမေပဲ့ ပြသာနာမရှိ။ ရုပ်ဝတ္တု ပစ္စည်းတွေမပြည့်စုံသေးပေမဲ့ စိတ်ဓါတ်နဲ့ ဂုဏ်သိက္ခာ အပြည့်အလျှံရှိနေတဲ့ကာလဆိုတော့ စိတ်ပျက် အားငယ်ခြင်းအလျင်းမရှိ။ အဲဒီကစပီး တဆင့်ပီးတဆင့်ကျိုးစားလာခဲ့တဲ့ ဒီဗွီဘီ-ဟာ တော်လှန်ရေး မီဒီယာတခုအဖြစ် တဖြေးဖြေးနဲ့ထင်ရှားလာခဲ့ပေါ့။ ABSDF တောင်ပိုင်းဒေသ ပြန်ကြားတာဝန်ခံဖြစ်ခဲ့ ဖူးတဲ့ ကျနော်ကိုယ်တိုင်ကတော့ ၁၉၉၅-နှောင်းပိုင်းမှာမှ ဒီဗွီဘီ- နယ်သတင်းထောက်ဖြစ်လာသူပါ။ တောင်ပိုင်းဒေသတခုလုံးအတွက် တလမှ ဘတ်ငွေ ၂၀၀၀-နဲ့စတင်လုပ်ဆောင်ခဲ့ရပီး နယ်စပ်သတင်း တွေ။ တိုက်ပွဲသတင်းတွေကို လူကြုံ။ ကားကြုံနဲ့ တောထဲကနေ ထိုင်းထဲပို့။ အဲဒီကတဆင့် ဘန်ကောက် ABSDF ရုံးကနေ ဖက်စ်နဲ့ထိုးပီး အော်စလိုက ၀ါရင့်သတင်းအယ်ဒီတာ ဒေါက်တာအောင်ခင် တို့ဆီ ပို့ ပေးခဲ့ရတဲ့ဘ၀ကနေ စတင်ခဲ့ရတာပါ။
ကွယ်လွန်သွားပီဖြစ်တဲ့ ကေအန်ယူ-မှ ပဒိုမန်းရှာလာဖန်းတို့။ ဒီဗွီဘီ-က ကိုစိုးဝင်းညိုတို့ဟာ ဒီဗွီဘီ ခေတ်ဦးပိုင်း မာနယ်ပုလောစတူဒီယိုကို ကောင်းကောင်းမီခဲ့သူတွေပေါ့။ စတူဒီယို အသံမလုံလို့ မုဒုံစောင်တွေကာပီး အသံသွင်းခဲ့ရတာတွေ။ ခေါတ်မီအသံဖမ်းစက်တွေမရှိလို့ ရိုးရိုးကက်ဆက်ကြီးနဲ့ ဒီအတိုင်း အသံဖမ်းခဲ့ရတာတွေ။ လျှပ်စစ်မီးမရှိလို့ ဖုရောင်းတိုင်မီးနဲ့ သတင်းဖတ်ရ။ ဇါတ်လမ်းအတွက် အသံတွေ ဖတ်ခဲ့ရတာတွေ။ စသဖြင့်. စသဖြင့် ဒီဗွီဘီ-ခေတ်ဦးကာလ အခြေနေတွေကို မာနယ် ပုလောနဲ့ ဒေါင်းဂွင်ဖက်မှာ တာဝန်ထမ်းဖူးတဲ့ ABSDF ရဲဘော်တွေ။ ကေအန်ယူ-နဲ့ မဟာမိတ်အဖွဲ့စည်း အသီးသီးကပုဂိုလ်တွေ ကျနော့်ထက် ပိုသိကြပါလိမ့်မယ်။
မရှိအတူတူ ရှိလာတဲ့အခါ အားလုံးငါယူမယ်
"မရှိအတူ။ ရှိအတူ"။ "အေးအတူ ပူအမျှ" ဆိုတဲ့စကားလုံးတွေဟာလဲ ဒီဗွီဘီ-ခေါတ်သစ် လူကြီးမင်းတွေနဲ့တွေ့တော့မှဘဲ့ အဘိဓာန်ထဲကနေ ပြန်ဖြုတ်ရမလို။ အနဲဆုံးတော့ ပြန်ပြင်ရမလို ဖြစ် လာနေပါပီ။ ဘာမှမရှိခင်က အားလုံးနီးပါး အိုကေ-ပြနေတဲ့ ဒီဗွီဘီ-ဟာ ၂၀၀၅-အစောပိုင်း တီဗွီ-စတင် ထူထောင်ရာကနေစပီး အကွဲအပြဲဇါတ်လမ်းနဲ့ ငွေကြေးအရှုပ်ရှင်းပြသာနာတွေ စတင်ထွက်ပေါ်လာ တာကို ကျနော်သတိပြုမိပါတယ်။
၂၀၀၅-မတိုင်မှီ ဇါတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်တော့ ကြားတချက်မကြားတချက်နဲ့ ဖွက်ချက်-ဖွတ်ချက်-သွားနေရတဲ့ ရေဒီယိုလိုင်းဟာ ၁၉၉၉။ ၉-လေးလုံး ကာလမှာ နဲနဲအရှိန်ရလာတယ်လို့ထင်ပါတယ်။ စွမ်းအားမြင့်ကျောင်းသားစစ်သည်တော်များအဖွဲ့က ဘန်ကောက် သံရုံးကိုဝင်စီးတဲ့အချိန်။ ဘုရားသခင်တပ်မတော်က ရတ်ချပူရီဆေးရုံကို ၀င်သိမ်းတဲ့ အချိန်တွေမှာ လိုက်ဖ်သတင်းတွေ တင်ဆက်ပေးနိုင်ခဲ့ပီး တခြားစင်ပြိုင်ရေဒီယိုတွေက ပြိုင်ဖက်တခု ရေဒီယိုတခုအဖြစ် တစုံတရာအသိမှတ်ပြုတဲ့အဆင့်ဆီရောက်လာတယ်လို့မြင်မိပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ နယ်စပ်က အတိုက်ခံလှုပ်ရှားမှုသတင်း။ တိုင်းရင်းသားဒေသက လူ့ အခွင့်ရေးချိုးဖေါက်ခံရမှုသတင်း။ ရွာနီးခြုံစပ်က တောသတင်း။ ရွာသတင်း။ တပ်တွင်းခြစားမှု သတင်း တွေနဲ့ ဒီဗွီဘီ-ပိုပီး ခေါတ်စားလာခဲ့ပါတယ်။ ၂၀၀၂ ၀န်းကျင်မှာတော့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင် သိန်းဖေ-လိုပုဂိုလ်မျိုးက ဒိဗွီဘီ-ကို အင်တာဗျုးပေးတဲ့အထိ အခြေနေက တိုးတက်လာပါတယ်။ ဒီဗွီဘီ-ရေဒီယိုရဲ့ ခေါတ်ကောင်းဆုံးကာလကတော့ ၂၀၀၃- ဒီပဲယင်းအရေးခင်းကာလလို့ပြောရမယ်ထင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေကို နေ့စဉ်သတင်းလိုက်ရင်းနဲ့ သတင်းကွန် ယက် ပိုမိုကျယ်ပြန့်လာပီး စီတဇင်ဂျာနယ်လစ်အများအပြားကို ကျနော်တို့ရရှိလာခဲ့ပါတယ်။
အဲဒီ အချိန်ထိ ယူဂျီ-နက်ဝမရှိ။ လခစား ပြည်တွင်းသတင်း ထောက်မရှိ။ သတင်းလိုက်ပေးသူတွေ။ တယ်လီ ဖုန်း အင်တာဗျုးလုပ်ဖို့ လူခေါ်ပေးသူတွေကို ကျနော်တို့လစာထဲက အနဲအကျဉ်းဖဲ့ပီး မုန့်ဖိုးပေးယုံ ထက်ပိုတဲ့ ထောက်ပံ့မှုမျိုး ကျနော်တို့မလုပ်နိုင်သေးပါ။ တဖက်က ကျနော်တို့ကို ကူညီခဲ့သူတွေကလဲ အန်အယ်ဒီ-ပါတီဝင် လူငယ်တွေဖြစ်တဲ့အတွက် ငွေကြေးကိစ္စကို စကားထဲထည့်ပြောဖို့မလိုခဲ့ပါ။ သူတို့ နဲ့ကျနော်တို့ကြား ဘာပွဲစားမှမရှိဘဲ အော်စလို-ရန်ကုန် တိုက်ရိုက် ဆက်သွယ်မှုတွေနဲ့ဘဲ့ ကျနော်တို့ သွားခဲ့တာဖြစ်ပါတယ်။
တဖက်မှာ ဒီလိုအောင်မြင်မှုတွေရနေပေမဲ့ လေလှို်င်းကတော့ တခြားရေဒီယိုတွေနဲ့စာရင် အား နဲနေဆဲပါ။ ၁၀-နှစ်ကျော်လုံးလုံးကျိုးစားအဖြေရှာခဲ့သော်လဲဘဲ့ (လွတ်လပ်တဲ့မီဒီယာလို့ ကိုယ်ဘာသာ ကြေငြာထားပေမဲ့ နိုင်ငံတကာဖက်ကတော့ အတိုက်ခံနိုင်ငံရေးမီဒီယာလို့ မြင်နေဆဲဖြစ်တာကြောင့် အာရှဒေသမှာ ထပ်ဆင့်အသံလွင့်ရုံထားဖို့ခွင့်ပြုချက်မပေးတဲ့အတွက်) လေလှိုင်းကကောင်းမလာ။ ဒီလို အချိန်မှာ စလောင်း တီဗွီ-လွင့်ရင် ကောင်းမယ်ဆိုပီး ဒီဗွီဘီ-လူကြီးမင်းတွေကြား အကြံတခုပေါ်လာပါ တယ်။
ဒီကိစ္စကို ကျနော်တို့ကြားဆွေးနွေးတဲ့အခါမှာ "ခေါတ်နဲ့အညီ မီဒီယာအသစ် တခုပေါ်လာတာ တော့ ကောင်းပါတယ်။ ဒါပေမဲ့ ရှိပီးသားကိုအသေချာနိုင်အောင်ကိုင်ပီးမှ အသစ်ကိုချဲ့တာကိုလုပ်ရင် ကောင်းမယ်ထင်တယ်။ မူလရှိပီးသား အခြေမခိုင်သေးဘဲ့နဲ့ ချဲ့တာကိုနင်းကန်လုပ်မိရင် ရှိပီးသားလဲ အားနဲ။ အသစ်လဲ အလုပ်မဖြစ်တာနဲ့ကြုံရနိုင်တယ်"လို့ ကျနော် အကြံပြုခဲ့ဖူးပါတယ်။ ဒါမေပဲ့ ဒိုနာတွေ ကလဲ အဆင်သင့်ရှိနေပီဆိုတော့ ကျနော်ရဲ့ အကြံပြုချက်ကို ဘယ်သူမှ အလေးမထား။ ဒီလိုနဲ့ ၂၀၀၄-နှောင်းပိုင်း။ ၂၀၀၅-အစောပိုင်းမှာ တီဗွီ-စတင်လာခဲ့တယ်ဆိုပါတော့။
ပထမ-ပိုင်းထုတ်လုပ်မှုအားလုံးကို ဘန်ကောက်အခြေစိုက် အဖွဲ့တခုကသီးခြားတာဝန်ယူလုပ် ပေးတဲ့အတွက် ကျနော်တို့ အော်စလိုဝန်ထမ်းတွေနဲ့ တိုက်ရိုက်ပါတ်သက်မှုဘာမှမရှိခဲ့။ (အခု ပြသာနာ တက်နေတဲ့ ဘားမားဗွီဂျေအဖွဲ့နဲ့ အဲဒီ ၂၀၀၅-အဖွဲ့ ခပ်ဆင်ဆင်တူမလားဘဲ့။ ဒီ ၂-ဖွဲ့စလုံးဟာ ဒီဗွီဘီ-ရဲ့ အမြဲတန်းဝန်ထမ်း လူဟောင်းတွေထဲကမဟုတ်ဘဲ အခြားအဖွဲ့တခုခုမှာလုပ်နေသူတွေကို လိုအပ်ချက် အရအရေးပေါ် ဆွဲခန့်လိုက်တဲ့ သဘောပိုဆောင်တယ်လိုထင်မြင်မိပါတယ်) သိပ်မကြာပါဘူး။ ပြသာနာ ကစတော့တာပါဘဲ့။ တီဗွီ-ထုတ်လုပ်ရေးကိုတာဝန်ယူထားတဲ့ ဘန်ကောက်အဖွဲ့နဲ့ အော်စလိုက ညွန်မှုး တွေအကြား ငွေရေးကြေးရေးအပါဝင် ကျနော်တို့အတိအကျ မသိရတဲ့။ အခုချိန်ထိလဲ တရားဝင်ရှင်း လင်းချက်မရှိသေးတဲ့ ကိစ္စတွေနဲ့ပါတ်သက်ပီး ကွဲကြ ပြဲကြတာပါ။
ဒီလိုနဲ့ အဲဒီ တီဗွီ-စလောင်းကြီးဟာ ကျနော်တို့ အော်စလိုဝန်ထမ်းတွေရဲ့ ပခုံးပေါ်ကျလာပါလေ ရော။ အလုပ်ကစလဲစထားပီးသား။ ပရိတ်သတ်ကလဲ တစုံတရာရှိနေပီးသား။ အောင်မြင်မှုကလဲ တစုံ တရာရထားပီးသား။ နောက်ဆုံးပေါ်မီဒီယာအသစ်လဲဖြစ်နေတယ်ဆိုတော့ "ပစ်ရမှာလဲ ဆီရွဲရွဲ။ စားရမှာ လဲ သဲရှပ်ရှပ်" ဆိုသလို မပစ်ရက်တဲ့ ကျနော်တို့ဟာ ကျရာတာဝန် ကျေပြွန်ခဲ့ရပြန်ပေါ့။ ဒါပေမဲ့ ရှေ့မှာ ကျနော်ပြောခဲ့တဲ့ မူလ-လက်ဟောင်း ကိုစိုးဝင်းညိုတယောက်ကတော့ မူလဒီဗွီဘီ-မှာအလုပ်ခန့်တုန်းက ရေဒီယိုဘဲ့ပါပီး တီဗွီ-မပါဘူး။ တီဗွီ-အကြောင်း သူနားမလည်လို့မလုပ်နိုင်ဘူး။ ရေဒီယိုတခုတည်းဘဲ့ လုပ်ပါရစေဆိုပီး ကန့်ကွက်ရာကနေ အလုပ်ကနေ အထုတ်ခံရ။ နောက်ဆုံးတော့ စိတ်ညစ်ဘ၀ပျက်ပီး ဘ၀တပါး ပြောင်းသွားတဲ့အထိပါဘဲ့။
တဖက်မှာ ဒီလိုအဆင်မပြေမှုတွေရှိနေခဲ့ပေမဲ့ တခြားတဖက်မှာလဲ့ အခုပြသာနာတက်နေတဲ့ ဘားမားဗွီဂျေ-ဖြစ်လာမဲ့ ယူဂျီ-အဖွဲ့ကို ညွန်မှုးတွေက ဆက်သွယ်မိခဲ့တယ်ဆိုပါတော့။ ကံကောင်းတာ လား။ ကံဆိုးတာလားမပြောတတ်။ အဲဒီအချိန်မှာ ၂၀၀၇-ရွေဝါရောင်တော်လှန်ရေးနဲ့ တည့်တည့်တိုးပီး ဒီဗွီဘီ-တီဗွီဟာ အထွတ်အထိပ်ရောက်တဲ့အထိ အောင်မြင်မှုတွေနဲ့ကြုံလိုက်ရပါတယ်။ ကျနော်မှတ်မိ သလောက်ဆိုရင် တပါတ်တကြိမ်လွင့်နေတဲ့ တီဗွီ-ကို ရွေဝါရောင်တော်လှန်ရေးကာလအတွင်း နေ့စဉ် လွင့်ဖို့။ ဖြစ်နိုင်ရင် ၂၄-နာရီအထိလွင့်ဖို့ ကျနော်တို့အကြား ထပ်ဆွေးနွေးကြပါတယ်။ ဒီတကြိမ်မှာတော့ ကျနော်တင်မကဘဲ ညွန်မှုး ၂-ဦးထဲက တဦးကပါ "ကျနော်တို့ချဲ့တာ သိပ်အရှိန်မြန်နေသလားမသိဘူး။ မနိုင်မနင်းဖြစ်မှာကို စိုးရိမ်မိတယ်" လို့ ရွေဝါရောင်ကာလ မီဒီယာအောင်ပွဲခံ အခန်းနားတခုအတွင်း ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်မြင်မှုဆက်တိုက်ရနေပြီဖြစ်တဲ့ တီဗွီ-ကို ဘယ်လိုမှဆွဲ ထားလို့မရတော့။ ဒီလိုနဲ့ ဒီဗွီဘီ-တီဗွီဟာ မြန်မာမီဒီယာလောကမှာတင်မက နိုင်ငံတကာမီဒီယာလော ကအထိပါ ကျော်ကြားသွားပီး ရွေခေါတ်ကို ရောက်သွားခဲ့တယ်ဆိုပါတော့။ နောက်ပိုင်းမှာတော့ ဘာ မားဗွီဂျေ-ဆိုတဲ့ ရုပ်ရှင်ဟာ ဟောလီးဝုဒ် အော်စကာရနိုင်တဲ့ အထိတန်းဝင်သွားသလို အဲဒီနောက်ပိုင်း ထုတ်လုပ်ခဲ့တဲ့ နာဂစ်မုန်တိုင်းရုပ်သံတို့။ ဗိုလ်မှုးစိုင်းသိန်းဝင်း အကူညီနဲ့ဖြစ်လာတဲ့ ညူးကရီးယားရုပ်သံ တို့ဟာ ဒီဗွီဘီ-တီဗွီ-ကို ပြည်တွင်း ပြည်ပမှာ စံချိန်သစ်တင် ပေးခဲ့ပါတယ်။
ဒိလိုအောင်မြင်မူတွေနဲ့အတူ ငွေကြေးတွေ။ အလှုရှင်တွေဟာလဲ ဒီဗွီဘီ-ဆီ အရှိန်အဟုန်နဲ့စီး ဆင်းလာခဲ့ပေါ့။ အဲဒီအချိန်ကစပီး ဒီဗွီဘီ-ထိပ်တန်းတာဝန်ရှိသူတွေကြား အောက်ခြေလွတ်မှုတွေ။ အဝေမတည့်မှုတွေ။ အချင်းချင်းကြားအပြစ်ရှာဝေဖန်မှုတွေ။ သူ့လူ ကိုယ့်လူမွေးမှုတွေ။ တိုးလာတာကို ကျနော်သတိထားမိပါတယ်။
ထိပ်ဆုံးရောက်ပီးရင်တော့ အကျသက်သာအောင်သာ ကရုစိုက်ပေတော့
"ထိပ်ဆုံးရောက်ပီးရင်တော့ ချန်ပီယံ-ဆုကို ဆက်ထိမ်းထားဖို့မလွယ်ဘူး။ ကြောင်ကျ ကျနိုင် အောင်တော့ လေ့ကျင့်ထားရမယ်" ထိပ်ဆုံးရောက်ဖူးသူတိုင်း။ ဒါမှမဟုတ် ထိပ်ဆုံးကိုရောက်နေသူ တွေကို သူတို့ရဲ့မိတ်ဆွေတွေက ပြောနေကြစကားလုံးတခုပါ။ ဒါပေမဲ့ တကယ်တန်းမှာတော့ အောင်မြင် နေသူတွေဟာ အဲဒီလိုလေ့ကျင့်ဖို့ အချိန်မရကြ။ လေ့ကျင့်ရကောင်းမှန်းလဲသိပ်မသိကြ။ အောင်မြင်မှု ဆိုတာ အမြဲတန်းရနေလိမ့်မယ်လို့ဘဲ့ မသိစိတ်ထဲထင်နေပီး အောင်မြင်မှုအပေါ် သာယာနေရင်းနဲ့ အ ချိန်တွေကုန်လွန်သွားလေ့ရှိပါတယ်။ အခု ဒီဗွီဘီ-ရဲ့ ကြောင်ကျမဟုတ်တဲ့ ပြုတ်ကျခြင်းကလဲ ဒီနည်းအ တိုင်းဘဲ့လို့ ထင်မြင်မိပါတယ်။
ဘာကြောင့် ဒီလိုဖြစ်လာခဲ့တာလဲ။ အယ်ဒီတာတွေ။ အုပ်ချုပ်ရေးမှုးတွေ။ ငွေကိုင်နေသူတွေ။ ယူဂျီ-ဆရာတွေရဲ့ အားနဲချက်ကြောင့်လား။ လွတ်လပ်ပွင့်လင်းမှုမရှိသေးတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အ ခြေနေကြောင့်လား။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လူ-ကြောင့်လား။ မူ-ကြောင့်လား။ ကျနော် ဘဲ့ဖြစ်ဖြစ်။ ခင်ဗျားဘဲ့ဖြစ်ဖြစ် သူတို့နေရာမှာသာတာဝန်ယူရမယ်ဆိုရင် သူတို့လိုဘဲ့ လာဒ်စားမိကြမှာ လား။ ဆက်စဉ်းစားသင့်ပါတယ်။
တကယ်ကတော့ ယူဂျီ-နက်ဝမှာ ငွေကြေးပြသာနာတက်တယ်ဆိုတာဟာ သတင်းထူးမဟုတ် ပါ။ အင်္ဂလိပ်ကိုလိုနီခေါတ်။ ဂျပန်ခေါတ် မြေအောက်လှုပ်ရှားမှုသမိုင်းတွေမှာလဲ ဒီလိုပြသာနာတွေရှိခဲ့ဖူး တယ်ဆိုတာကို စာတွေထဲမှာ ကျနော်ဖတ်ဖူးပါတယ်။ အဲဒီနောက်ပိုင်း တောခိုလာတဲ့ ဗမာပြည်ကွန်မြူ နစ်ပါတီကနေ အစပြုပီး အခုနောက်ဆုံး ABSDF လိုတော်လှန်ရေးအဖွဲ့တွေ။ တော်လှန်ရေးတပိုင်း။ NGO တပိုင်းအဖွဲ့တွေ။ စသဖြင့် နယ်စပ်တကျောက အဖွဲ့ပေါင်းစုံမှာ ဒီလိုပြသာနာမျိုး နေစဉ်လိုလိုကြုံ နေရတယ်ဆိုတာကို ယူဂျီ-လုပ်ငန်းနဲ့နီးစပ်သူတိုင်း အသိဖြစ်ပါတယ်။
ဒါပေမဲ့ တခြားအဖွဲ့တွေမှာ လာဒ် စားတာသိပ်မပေါ်ဘဲ ဒီဗွီဘီ-လာဒ်စားမှ ဘာလို့ သတင်းထူးအဖြစ်ဟိုးလေးတကျော်ဖြစ်သွားတာလဲ။ စားတာသိပ်များသွားလို့လား။ မီဒီယာ-အဖွဲ့ဖြစ်နေလို့ ၀ိုင်းအားပေးကြတာလား။ ချင်းမိုင်အခြေစိုက် တော်လှန်ရေး-အန်ဂျီအို-ရုံးတခုက ငွေကိုင်တဦးလို ငွေတွေ သန်းနဲ့ချီယူပီး ထွက်ပြေးခွင့်မပေးလိုက်လို့ လား။ ABSDF ခေါတ်ဦးပိုင်းက ကိုအောင်ဟိန်းလိုမျီုး ငွေ ယူပီး ရန်ကုန် ပြန်ဝင်သွားနိုင်တဲ့ခေါတ် ကုန် သွားလို့လား။ အမျီုးမျီုးစဉ်းစားမိပါတယ်။
အဲဒီစဉ်းစားချက်တွေထဲက ဖြစ်နိုင်ခြေအရှိဆုံးလို့ ကျနော်ထင်တဲ့အချက်တခုကတော့ UG နဲ့ OG ကိုသွားပေါင်းမိလို့ပါဘဲ့။ ယူဂျီ-လုပ်ငန်းဆိုတာက လုံခြုံရေးအခြေနေအရ ဘာကိုမှ ဖွင့်ပြောလို့မရ။ ယုံကြည်မှုနဲ့အလုပ်လုပ်ရသူ။ မယုံရင် အစကတည်းက ငွေ-မပေးနဲ့။ အလုပ်လာမအပ်နဲ့။ ဒီလိုမျိုးသွား ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အိုဂျီ- သို့မဟုတ် မြေပေါ်အလုပ်တခုဖြစ်တဲ့ မီဒီယာဆိုတာကတော့ အရာ ရာကို ပွင့်လင်းမြင်သာမှုရှိမှ။ သတင်းရရင်တောင် အဲဒီသတင်းဘယ်လောက်မှန်သလဲ။ သတင်းဆို့စ်က တခုမကရှိရဲ့လား။ အတည်ပြချက်ရထားရဲ့လား။ ဒီလို အမေးအမြန်းထူတဲ့အလုပ်။ ဘာမှကို ကွယ်ဝှက် ထားလို့ မရတဲ့အလုပ်မျိုး။ အသွင်မတူတဲ့ ဒီလုပ်ငန်းအမျီုးစား ၂-ခုကို မဆီမဆိုင်သွားတွဲမိရာကနေ "မြွေပါလဲဆုံး။ သားလဲဆုံး" ဖြစ်ရမဲ့ကိန်းနဲ့ ဒီဗွီဘီ-ကြုံလာခဲ့ရတာလို့ ကျနော်ကထင်မိပါတယ်။
ပွဲစားမဲ့ လွတ်လပ်မီဒီယာခေါတ်ကို တကယ်ရောက်တော့မလား
"ဒါဆိုရင် ယူဂျီ-မရှိဘဲ့နဲ့ ပြည်တွင်းသတင်းတွေကို မင်းဘယ်လိုယူနိုင်မလဲ" လို့ စာဖတ်ပရိတ် သတ်ကမေးလာနိုင်ပါတယ်။ "ယူဂျီ-နက်ဝက ရတဲ့သတင်းတွေကြောင့်ဘဲ့ မင်းတို့ ဒီဗွီဘီ- ကမ္ဘာကျော် ခဲ့တာဘဲ့မို့လား" ဆိုပီးလဲ ထောက်ပြလာနိုင်ပါတယ်။ ဒါတွေဟာလဲ အမှန်တွေပါဘဲ့။ အာဏာရှင်တွေ။ စစ်ဗိုလ်တွေအုပ်ချုပ်နေဆဲဖြစ်တဲ့ တခြားနိုင်ငံတွေမှာလဲ ဒီလိုဘဲ့ ယူဂျီ-နက်ဝတွေနဲ့သွားခဲ့ရတာပါဘဲ့။ ဒါပေမဲ့ ဒီနေ့ခေါတ်သစ် ယူဂျီ-ပြသာနာမှာပါလာတဲ့ ဘေးထွက်အခက်ခဲတခုက ဒိုနာနဲ့ နိုင်ငံတကာအဖွဲ့ တွေပါ။ နိုင်ငံတကာပြည်သူတွေရဲ့ အခွန်ဆောင်ငွေကို ဒိုနာတွေဆီကတဆင့် ယူထားတဲ့ ဒီဗွီဘီ-ယူဂျီ-နက်ဝဟာ သူတို့အသုံးပြုတဲ့ စာရင်းဇယားတွေကို နိုင်ငံတကာစံချိန်မှီအောင် စာရင်းဇယား-တင်ပြဖို့ လိုလာပါတယ်။
အယင်ကလို ငွေကအနဲအကျဉ်းဆို သိပ်ပြသာမရှိသေး။ အခုဟာက ပြီးခဲ့တဲ့တနှစ် အတွင်းမှာတင် ၀င်ငွေက နော်ဝေးခရိုနာ ၂၃-သန်း။ (အမေရိကန် တဒေါ်လာကို နော်ဝေး ၆-ခရိုနာ ၀န်းကျင်ရှိပီး အခု လာဒ်စားတဲ့ ဒေါ်လာ ၃-သိန်းကို ခရိုနာ ၁-သန်း ၇-သိန်းလို့ နော်ဝေးမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်) အဲဒီထဲက ယူဂျီ-နက်ဝက ဘယ်လောက်ယူထားမှန်း ကျနော်တို့ မသိ။ ကျန်တဲ့ငွေ ဘယ်လိုသုံးမှန်းလဲ ကျနော်တို့မသိ။ ညွန်မှုးတဦးရဲ့ မိသားစုအတွက် ရုံးငွေတွေသုံးခဲ့ဖူးတယ်ဆိုတဲ့ သ တင်းတွောကိုလဲ ဘယ်သူမှမမေးရဲ။ ရုတ်စွအဆုံး ညွန်မှုးကလစာဘယ်လောက်ရပီး အနိမ့်ဆုံးသတင်း ထောက်က ဘယ်လောက်ရမှန်းတောင် ကျနော်တို့မှာ သိခွင့်မရ။
ဒီနေရာမှာ ၈၈-ကာလ တော်လှန်ရေးခေါတ်ဦးပိုင်းနဲ့ကွာလာတဲ့ အချက်တခုကတော့ ဒီမိုကရေ စီရေးအတွက်ဖွဲ့ထားတဲ့ နိုင်ငံရေးအဖွဲတွေနဲ့ မီဒီယာအတွက်ဖွဲ့ထားတဲ့အဖွဲ့တွေ။ အန်ဂျီအို-ဆန်ဆန်။ ကုပ္ပဏီဆန်ဆန်ဖွဲ့ထားတဲ့ အင်စတီကျုးရှင်း (Institution) တွေရဲ့ ကွာခြားချက်ပါ။ ဒီလိုငွေကြေးပြသာ နာမျိုးကို ကျနော် တာဝန်ယူခဲ့ဖူးတဲ့ နယ်စပ်က ABSDF လိုအဖွဲ့မျိုးမှာဆိုရင် ဥက္ကဌကိုမေးလို့ရပါတယ်။ စာရင်းကိုင်ကိုမေးလို့ရပါတယ်။ ဒုရဲဘော်ကလဲ ဥက္ကဌအထိ တက်မေးခွင့်ရှိပိး ဥက္ကဌကလဲ ဖြေရှင်းပေးရ မဲ့ တာဝန်ရှိပါတယ်။ တကယ်လို့ ဒုရဲဘော်ကျေနပ်လောက်အောင် ဥက္ကဌက မဖြေရှင်းပေးနိုင်ဘူးဆိုရင် နောက်တကြိမ် ရွေးကောက်ပွဲမှာ သူ-ကို ဥက္ကဌ-အဖြစ် အဲဒီရဲဘော်က မဲ-ပေးတော့မှာမဟုတ်။ အများ ကြိုက် မဲဆန္ခနဲ့ ခေါင်းဆောင်ရွေးပီးသွားတဲ့ အဖွဲ့တွေမှာ ဒီလိုမျီုးလွတ်လပ်ခွင့်တွေရှိပါတယ်။
ဒါပေမဲ့ ဒီဗွီဘီ-လို မီဒီယာ အင်စတီကျုးရှင်းလိုလို။ ကုပ္ပဏီလိုလိုအဖွဲ့မှာတော့ (တချို့ဝေဖန် သူ တွေကတော့ ဒီဗွီဘီ-ကို တော်လှန်ရေးအဖွဲ့စစ်စစ်လဲမဟုတ်။ မီဒီယာအင်စတီကျုးရှင်း စစ်စစ်လဲမဟုတ် သေးတဲ့ ဖားတပိုင်း ငါးတပိုင်းအဖွဲ့ လို့ဆိုကြပါတယ်) ဒီလိုဝေဖန်ခွင့်မရှိတော့။ "မင်းအလုပ်က သတင်း ထောက်။ မင်းကိုပေးထားတဲ့လစာနဲ့တန်အောင် မင်းထုတ်လုပ်မှုကိုမင်းပြ။ အုပ်ချုပ်ရေးကိစ္စ။ ငွေ ကြေး ကိစ္စမင်းနဲ့မဆိုင်။ မဆိုင်တာကို လာမမေးနဲ့" ဒီလိုအပြောခံရတဲ့ အခြေနေပါ။
ပီးတော့ ရွေးကောက် ပွဲနဲ့သွားတဲ့ စနစ်လဲမရှိတဲ့အခါကျတော့ အောက်ခြေရဲ့တင်ပြချက်ကို အပေါ်ကလူတွေက သိပ်အလေး ထားစရမလို။ ဝေဖန်ထောက်ပြတဲ့လူတွေသာ တာဝန်ကနေတယောက်ပြီးတယောက် ထုတ်ပစ်ခံရမယ်။ ညွန်မှုးဆိုသူတွေကတော့ ဘယ်တော့မှပြုတ်ဖို့မရှိ။ ပင်စင်မယူမချင်း တာဝန်ကဆင်းပေးမဲ့ လမ်းလဲမမြင် မိ။ ဆိုတော့ ညွန်မှုးနဲ့သွားတဲ့ ဒီစနစ်ကလဲ မြန်မာတွေအတွက်တော့ သိပ်မဟုတ်သေး။ တခုခုလွဲနေ ဆဲဖြစ်နေသလိုပါဘဲ့။
ဒီဆောင်းပါးရေးတုန်းမှာ ကွယ်လွန်သွားတဲ့ Apple ကွန်ပြူတာကုပ္ပဏီ ဖေါင်ဒါနဲ့ CEO အဖြစ် တာဝန်ယူခဲ့တဲ့ Steve Jobs ကို မဆီမဆိုင်သွားသတိရမိပါတယ်။ Steve Jobs -လိုမျိုး တကယ့်ဖေါင်ဒါ တွေ။ တကယ်စွန့်စားတီထွင်အလုပ်လုပ်ခဲ့သူတွေကိုကြည့်ပီး အမည်ခံဖေါင်ဒါတွေ။ ခါတော်မှီ CEO-တွေကို ပိုမိုစိတ်ပျက်မိပါတယ်။
ဒီလိုနဲ့ အရာရာမှာပွင့်လင်းမြင်သာရမယ်လို့ပြောနေတဲ့ သတင်းဌာနကြီးဟာ ယူဂျီ-နက်ဝ မှာ တင် လျို့ဝှက်ထားတာမဟုတ်ဘဲ နေရာတကာမှာ လျို့ဝှက်ချက်အပြည့်နဲ့သွားနေတဲ့ ဌာနကြီးဖြစ်လာ ခဲ့ပေါ့။ ဒါပေမဲ့ ကံကောင်းတာကတော့ အလှုရှင်တွေက လက်ခံနိုင်လောက်တဲ့စာရင်းဇယားတွေကို ပြနေနိုင်သေးတဲ့အတွက် အခုချိန်ထိ မြေပေါ်ရုံးတွေမှာ ကြီးကြီးမားမားပြသာနာမတက်သေး။
ဒါပေမဲ့ မမြင်ရတဲ့ မြေအောက်ရုံးမှာတော့ အခု ရှင်းလို့မရ။ လင်းလို့မရတော့ဘဲ ပြသာနာတွေဖြစ်လာခဲ့ပါပီ။ ဒါမှမဟုတ် ရှင်းလို့မရ။ လင်းလို့မရနိုင်တဲ့ မြေအောက်ရုံးကိုမှ တမင်ရွေးပီး လက်ညှိုးထိုးပြလိုက်တာ လား။ ကျနော်လဲမသိ။ ခင်ဗျားလဲ မသိ။ ခန့်မှန်းခြေတွေနဲ့ ရမ်းတုတ်လို့လဲ မသင့်တော်တဲ့အတွက် နော်ဝေး ရဲ နဲ့ နော်ဝေး တရားရုံးတွေရဲ့ အဆုံးအဖြတ်ကိုစောင့်ကြည့်ဖိုဘဲကျန်ပါတော့တယ်။
ဒါပေမဲ့ သေချာတာတခုကတော့ နော်ဝေးတရားရုံးရဲ့ဆုံးဖြတ်ချက် ဘယ်လိုဘဲ့အဖြေထွက်လာ သည်ဖြစ်စေ။ ကျနော်တို့ ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေ။ မီဒီယာသမားတွေအတွက် အလား လာ သိပ်မကောင်းနိုင်တော့။ နှစ် ၂၀-ကျော်ကြာတဲ့အထိ သိသာမြင်သာတဲ့အောင်မြင်မှုတခုခုကို လက် ဆုပ်လက်ကိုင်မပြနိုင်ခဲ့တဲ့ ပြည်ပကလူတွေကိုနဲနဲခွါပီး ပြည်တွင်းကို သွားချင်နေတဲ့ ဒိုနာတွေ။ ပွင့်လင်း ကာစပြုနေတဲ့ ဦးသိန်းစိန် အစိုးရဆီသွားချင်နေတဲ့ ဒိုနာတွေအတွက် ဒီအခြေနေက တွန်းပို့ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒိုနာငွေနဲ့ လည်ပါတ်ရတဲ့ ပြည်ပအခြေစိုက် ဒီမိုကရေစီလှုပ်ရှားမှုခေါတ်တခေါတ် တခန်းရပ်သွားနိုင်တဲ့အထိဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့ တဖက်ကနေ ပြန်ကြည့်မယ်ဆိုရင်လဲ ဒီဗွီဘီ-အတွင်း မဟာလာဒ်စားမှုကြီးပေါ်ပေါက် တဲ့အချိန်ဟာ ပြည်တွင်းနိုင်ငံရေးအခြေနေ တစုံတရာ တိုးတက်ပွင့်လင်းလာနေတဲ့အချိန်။ မီဒီယာ လောကအတွက် တစုံတရာပွင့်လင်းမှုတွေရလာနေတဲ့အချိန်ဖြစ်ပါတယ်။ ဗွီအိုအေ။ ဘီဘီစီ မြန်မာ ပိုင်း သတင်းထောက်တွေကိုယ်တိုင် နေပြည်တော်နဲ့ ရန်ကုန်ကနေ (၇-ရက်ဗွီဇာမျှသာ) သတင်းပို့ခွင့်ရနေပီ။ ဧရာဝတီမဂဇင်း အယ်ဒီတာနဲ့အင်တာဗျုးကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာ တရားဝင်ဖေါ်ပြခွင့်ရနေပီ။ သင့်ဘ၀မဂဇင်း အယ်ဒီတာဟောင်း ကိုတင်မောင်သန်း ရန်ကုန်မြိုဆီ ပြန်လည်ခွင့်ရနေပီ။ ပြည်ပ မီဒီယာ ၀က်ဆိုက်အားလုံးကို ပိတ်ဆို့မထားတော့ဘဲ ပြန်ဖွင့်ပေးလိုက်ပီ။ ပြည်ပမီဒီယာတချို့ရဲ့ ရုံးခွဲ တွေကိုတောင် ရန်ကုန်မှာဖွင့်ခွင့်ရတော့မလိုလို သတင်းတွေကြားလာနေရပါတယ်။ ဒါတွေဟာ မီဒီယာ ကို မီဒီယာလို တကယ်လုပ်ချင်သူတွေအတွက် ကောင်းတဲ့အခင်းအကျင်းတွေပါ။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှီပ်ချုပ်ကိုင်မှုတွေကြောင့် မပြောရဲမဆိုရဲဖြစ်နေတဲ့ လူထုဆီကသတင်းတွေကိုရနိုင်ဖို့။ စစ်အစိုးရကပိတ်ဆို့ထားလို့ နိုင်ငံတကာက သိခွင့်မရဖြစ်နေတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု မှတ်တန်းမှတ်ရာတွေကို ဓါတ်ပုံ ဗွီဒီယိုတွေနဲ့တကွ နိုင်ငံ တကာဆီထုတ်ပြနိုင်ဖို့ ကြားခံပွဲစားလုပ်ပေးနေရတဲ့ ယူဂျီ-အဖွဲ့တွေ သိပ်မလိုတော့တဲ့။ သတင်း အယ် ဒီတာနဲ့ ပြည်တွင်းသတင်းထောက်။ ဒါမှမဟုတ် စီတဇင် ဂျာနယ်လစ်တွေနဲ့ အယ်ဒီတာကြား တိုက်ရိုက် ပြော။ တိုက်ရိုက်သတင်းပို့နိုင်တဲ့ခေါတ်တခုကို ရောက်လာဖို့ဦးတည်နေပီလို့ထင်မြင်မိပါတယ်။
ဒါပေမဲ့ ဒါဟာ အခိုင်အမာလက်ဆုပ်လက်ကိုင်နဲ့ရှိသေးတာမဟုတ်တဲ့အတွက် အချိန်မရွေး ဒုံရင်း-ဆီ ပြန်ဆင်းသွားနိုင်ပါတယ်။ ဒီလမ်းကြောင်းပေါ် တကယ်ရောက်သွားအောင် ပြည်တွင်း-ပြည်ပ မီဒီယာသမားအားလုံး။ ဒီမိုကရေစီလိုလားသူ အားလုံးက ၀ိုင်းကျိုးပန်းဖို့လိုနေဆဲဖြစ်ပါတယ်။ ဒီကျိုး ပန်းမှုကနေတဆင့် "ပွဲစားမဲ့ လွတ်လပ်မီဒီယာခေါတ်" ကို တကယ်ရောက်လာလိမ်မ့ယ်လို့ ကျနော် မျော်လင့်မိပါတယ်။
အဲဒီအချိန်ကြရင် အားလုံးကို ပွင့်လင်းစွာစိမ်ခေါ်နိုင်ပီဖြစ်တဲ့အတွက် မမြင်ရတဲ့ ယူဂျီ-နက်ဝ တွေအပေါ် လက်ညိုးထိုး စွပ်စွဲတဲ့အမှုတွေ ပပျောက်သွားပါလိမ်မ့ယ်။ လွတ်လပ်ပွင့်လင်းမှုဖက်မှာ အား သာလာတဲ့အတွက် မလွတ်မလပ်။ လျုီဝှက်ချက်အပြည့်နဲ့လုပ်နေဆဲဖြစ်တဲ့ လုပ်ဟန်တွေကို လွပ်လပ် မှုက သူအလိုလိုဖေါ်ထုတ် ဒဏ်ခတ် ရှင်းလင်းသွားနိုင်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။ အဲဒီ လွတ်လပ် မီဒီယာခေါတ်ကို ရောက်အောင် ကျနော်တို့မကြိုး စားနိုင်သေးသ၍ကတော့ ဒီလိုလာဒ်စားမှု မျိုးနဲ့ တခု မဟုတ်တခု ကြုံနေရဦးမှာဖြစ်ပါတယ်။
တချိန်တည်းမှာဘဲ့ ပွင့်လင်းစပြုလာနေတဲ့ နိုင်ငံရေးအခြေနေ။ မီဒီယာအခြေနေတွေနဲ့ အံဝင် ဂွင်ကျဖြစ်စေမဲ့ မီဒီယာ အင်စတိကျုးရှင်းတွေကိုလဲ အောက်ခြေကစပြိး စနစ်တကျ ပြန်လည်ပြင်ဆင် စု ဖွဲ့မှုတွေလုပ်ဖို့လိုအပ်နေပါတယ်။ Steve Jobs -လိုအရည်ချင်းပြည့်ဝ ကျွမ်းကျင်တဲ့ CEO တွေ တကယ် လိုအပ်နေပီဖြစ်ပါတယ်။ လာဒ်စားမှုကို ၀ိုင်းပီးဝေဖန်နေ။ တရားခံရှာနေတာအပြင် ဒီဗွီဘီ-ကို ဒီထက် ပို ကောင်းလာအောင် တကယ့်အရည်ချင်းရှိသူတွေက ဦးဆောင်နိုင်အောင် ဒီမိုကရေစီလိုလားသူတိုင်း။ မီ ဒီယာလွတ်လပ်ခွင့်ကိုလိုလားသူတိုင်းက ၀ိုင်းဝန်းကျိုးပန်းဖို့အချိန်တန်လိုနေပီလို့ တင်ပြအပ်ပါတယ်။

ပွဲစားမဲ့ လွတ်လပ် မီဒီယာခေတ်ကို တကယ်ရောက်တော့မလား
Reviewed by သစ်ထူးလွင်
on
12:34
Rating:
No comments:
Post a Comment