ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု သိသိသာသာကျဆင်းလာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ၌ သိသိသာသာ ကျဆင်းလာနေသည့်အတွက် ရေရှည်တွင် တိုးပွား လာနေသည့် လူဦးရေနှင့် မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကြောင့် စားနပ်ရိက္ခာဖူလုံ ရေးအတွက် စိတ်ပူမိသည်ဟု လယ်/ဆည်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင် ဘာ ၁၈ ရက်တွင် ပြောသည်။
”ဒါက လက်ရှိ ပကတိ အခြေအနေမှာ တောင်သူတွေက စိုက်ပျိုးတဲ့ သီးနှံအပေါ်မှာရော ဆန်စပါး စိုက် ပျိုးမှုအပေါ်မှာပါ ကြောင့်ကြမှုတွေ ရှိနေတာကို ပကတိအခြေအနေပေါ် မူတည်ပြီး လက်တွေ့မှာ တွေ့နေ မြင်နေရတာကို လယ်/ဆည်ဝန်ကြီးတစ်ယောက်အနေနဲ့ တွေ့နေရပါတယ်။ ဒါကြောင့် ဝမ်းစာအတွက် ပူမယ်ဆိုလည်း ပူလို့ရပါတယ်။ ပူရမယ့်အချိန်ကာလလည်း ရောက်နေပါပြီ” ဟု ပြည်တွင်းမီဒီယာများ၊ စီးပွားရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောသည်။ စပါးတင်း ၁ဝဝ က ရွှေ ၁ ကျပ်သားနဲ့ ညီတယ်လို့ ကျွန်တော်တို့ မိဘဘိုးဘွားတွေ အမြဲပြောပါတယ်။ ဘာတွေပဲပြောင်းပြောင်း ဒါကမပြောင်းဘူး။ ကျွန်တော်တို့မိဘတွေအထိ မှန်နေပါသေးတယ်။ ဒါက ကျွန်တော်တို့ ခေတ်လည်း ရောက်ရောမမှန်တော့ဘူး ဖြစ်နေတယ်။ ယနေ့ ရွှေတစ်ကျပ်သား ဈေးနှုန်း ၇ သိန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင် စပါးတင်း ၁ဝဝ ဈေးနှုန်းက ၃သိန်းဆိုတော့ တွက်ကြည့်လိုက်လေ။ တောင်သူတွေကျားကုတ် ကျားခဲလုပ်တာတောင် အဆင်မပြေ ဖြစ်နေကြတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောဆို သည်။
”ကျွန်တော်တို့ဌာနက ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတဲ့အချက် ၅ ချက်ကိုကြည့်ရင် အားလုံးက စာရွက် ပေါ်မှာ၊ ဆိုင်းဘုတ်ပေါ်မှာသာရှိပြီး လက်တွေ့အလေးအနက် မဆောင်ရွက်နိုင်ပါဘူး။ ဒါကြောင့် စိုက်ပျိုး ရေးထုတ်ကုန်များ၊ အရည်အသွေးရော အရေအတွက်ပါ နိမ့်ကျနေကြရပါတယ်။ ဥပမာ ပထမအချက် ဖြစ်တဲ့ မျိုးဆိုရင် ပကတိ လက်တွေ့မှာအရည်အသွေးကောင်းတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့ကို တောင် လယ်သမားတွေ မသုံးနိုင်ဘူး။ လက်လှမ်း မမီကြဘူးဖြစ်နေကြတယ်” ဟု ၄င်းကပြောသည်။
တက်ရောက်လာသည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်ကြီးတစ်ဦးမှ ”ပြည်ထောင်စုဝန်ကြီး တစ်ယောက်အနေနဲ့ ပကတိလက်ရှိအခြေအနေကို ထုတ်ဖော်ပြော ပြတာ တစ်ခါမှမကြားဖူးဘူး။ ဒါက ပထမဦးဆုံးပဲ။ ဒါကိုကြိုဆိုတယ်။ ဝန်ကြီးက အားလုံးပူးပေါင်းကြပါလို့ တိုက်တွန်းထားတယ်” ဟု ဝန်ကြီးတစ်ဦးအနေဖြင့် ပြောဆိုမှုကို ထောက်ခံဆွေးနွေး ပြောပြသည်။
လက်ရှိ၌ဈေးနှုန်း ကျဆင်းနေမှုများကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာရခြင်းအကြောင်းမှာ ဆန်စပါးအရည်အသွေးများ မမီခြင်း၊ ဈေးကွက်အခိုင်အမာ မရှိ ခြင်းတို့ကြောင့် ဖြစ်ကြောင်း လယ်/ဆည်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ပင် မိန့်ခွန်းပြောကြားရာ၌ တောင်သူများစိုက်ပျိုး ထုတ်လုပ်သည့် ကောက် ပဲသီးနှံများကို သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းချက်ရှိသည့်အတွက် ဈေးအနှိမ်မခံရအောင် ထုတ်လုပ်မှုစရိတ်ကာမိအောင် ပုဂ္ဂလိက ကဏ္ဍမှ ကူညီဆောင်ရွက်ရန်လည်း ဖော်ပြပါရှိသည့်အတွက် အစိုးရကိုယ်စားပုဂ္ဂလိကမှ အလေးအနက်ထားကာ အဖြေရှာဆောင်ရွက် ပေးဖို့လိုသည်ဟု ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်းပြောဆိုသည်။
ယခုကျင်းပနေသည့် လွှတ်တော် ၂ ရပ်စလုံး၌ လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လက်ရှိ ပကတိအခြေအနေနှင့် ပတ်သက်၍ တိုက်ရိုက် မေးမြန်းမှုများကိုဆက် တိုက် ပြုလုပ်နေကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သိရသည်။
”ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုဘာကောင်းအောင် လုပ်ကြမလဲဆိုတာ ဆွေးနွေးကြတဲ့ပွဲဖြစ်တဲ့အတွက် အဖြေပေါ်လာမှာပါ။ အကျိုးဆက်က တောင်သူတွေ ကောင်းကျိုး ခံစား ရဖို့ပါပဲ” ဟု ဆန်စပါး ဆွေးနွေးပွဲသို့ တက်ရောက်လာသူတစ်ဦးက ထပ်လောင်းဆိုသည်။
”AFTA” သဘောတူညီချက်အရ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံအတွင်း၌ သီးနှံများလွတ်လပ်စွာ တင်ပို့ရောင်းချသည့် အချိန်၌ မိမိတို့နိုင်ငံမှ ဆန်စပါးအပါအဝင် သီးနှံ များမှာ ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံတိုက်တွန်း ပြောဆိုလိုက်သည်။
မင်းသုအောင်
ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု သိသိသာသာကျဆင်းလာ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု သိသိသာသာကျဆင်းလာ Reviewed by သစ်ထူးလွင် on 22:54 Rating: 5

1 comment:

Top Gun said...

ဟေ့ ဦးမြင့်လှိုင်လျှောက်ပြောမနေနဲ့။ ခင်ဗျား တပ်မတော်လေကြောင်းရန် ကာကွယ်ရေးနှင့်အမြောက်တပ် မှာရှိစဉ်က နိုင်ငံတော်ပိုင်ငွေတွေနဲ့ ကိုယ်ကျိုးအတွက် စစ်လက်နက်အစုတ်အပြတ်တွေကို ဂွင်ရိုက်ပြီးဝယ်ခဲ့တာကို နဲနဲပြောပြပါအုံး။ ဒီဝန်ကြီးဌာနရောက်တော့လည်း ဒီအဆင်တွေလုပ်ဘို့ ဖန်တီးခဲ့တယ်၊ သကြားစက်ရုံနှင့် ကောဇောစက်ရုံတွေကို ဂွင်ရိုက် ငှါးစားခဲ့တယ်။ နောက်ပြီးဆည်မြောင်းတာတမံ(၄၀)ကျော်ဂွင်ရိုက်ထားပြီး လုပ်ခွင့်မရတော့ အခုချီးထုပ်ပိုက်မိနေပြီမဟုတ်လား။ သမတကြီးခင်ဗျား သန့်ရှင်းသောအစိုးရအဖွဲ့တွင် ချီးပေနေသူများကို လက်ပိုက်မကြည့်သင့်ပါ။

Powered by Blogger.