Written by အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ) မိုးများပြီး မြို့ကြီးများ၊ မြို့နယ် ကလေးများ၌ အိမ်တွေ၊ လမ်းတွေ၊ စိုက်ပျိုးပြီး လယ်ယာမြေတွေ၊ ရေကြီးရေလျှံခြင်း၊ ရေမြုပ်၊ မြေပြို၊ လမ်းပျက်၊ တံတားကျိုးခြင်းတို့ကြောင့် လူများ ကသီလင်တ ဖြစ်လျက် ဒုက္ခရောက် နေကြရတာတွေ၊ နိုင်ငံတချို့မှလည်း တ၀ုန်းဝုန်းတဒိုင်းဒိုင်း ပစ်ခတ်ဖောက်ခွဲခြင်းတို့ကြောင့် လူများစွာ နေ့စဉ်သွေးသံရဲရဲဖြင့် သေနေကြရတာတွေ၊ အာဖရိက ဦးဂျိုဒေသ မှာ စားစရာရိက္ခာ ပြတ်လပ်ပြီး လူအများ အစာရေစာငတ်ပြတ်ကြ၊ ရောဂါဖြစ်ကြပြီး သေဖို့ စောင့်နေကြရတာတွေ၊ ငလျင်တွေ၊ မုန်တိုင်းတွေကြောင့် သေကြကျေကြ၊ ပိုင်ဆိုင်သည့် စီးပွားဥစ္စာများ ပျက်စီးဆုံးရှုံး ရဖြင့် လူသားတို့ ဒုက္ခရောက် နေကြရတာတွေကို ဂျာနယ်တို့တွင် အခုတလောများစွာ ဖတ်နေရသည်။ လူသားတို့သည် စိတ်ချလက်ချဖြင့် ပူပန်ခြင်းကင်းပြီး အေးအေးချမ်းချမ်း မရှိကြဘဲ ဖြစ်နေကြရသည်။
လူသားတွေက သစ်တောများ၊ မြစ်ချောင်း၊ အင်းအိုင်များ၊ ဇီဝမျိုး စိတ်ကွဲများစသဖြင့် အရာခပ်သိမ်းတို့ ကို ဖျက်ဆီးနေကြ၍ ဂေဟစနစ်တွေ ပျက်ပြီး ထိုကဲ့သို့ ဒုက္ခရောက်နေကြတာဟု ပညာရှင်များ ထောက်ပြကြတာကိုလည်း မှတ်သားရ၏။ သည့်အပြင် မိခင်ဧရာဝတီ၏ ကျန်းမာရေးကိုလည်း ဂျာနယ်၊ အင်တာနက် တို့၌ နေ့စဉ်လိုလို ဖတ်နေရ၏။
လူသားတို့မကြုံချင်သော ဒုဗ္ဘိက္ခန္တရကပ် (အစာရေစာငတ်ခြင်း)၊ သတ္တန္တရကပ် (လက်နက်ဒဏ်ခံရ ခြင်း၊ ရောဂန္တရကပ် (ရောဂါထူပြောခြင်း)၊ ဘေးတို့သည် လူသားတို့ထံ သို့ ဆိုက်ရောက်နေကြ၏။ သဘာဝ တရားတို့ကြောင့် ဖြစ်ရသောကပ်၊ လူတို့ကိုယ်တိုင် ဖြစ်ပေါ်စေသော ကပ်တို့ကြောင့် လူသားများနှင့် တိရစ္ဆာန်များပါ ဒုက္ခရောက်နေကြ၏။
မင်းကွန်းတိပိဋက ဆရာတော်ကြီးက ၇-၁-၁၉၄၇ လွတ်လပ်ရေး အကြိုကာလက ‘သွေးဖြင့်တည်ထောင် တို့ပြည်ထောင်ကို နောက်တစ်ဖန် ခေတ် ပြန်မနစ်ဖို့ အားသစ်မွေးမြူ အလေးမူလျက် ရှင်လူနှစ်ခန်း ကိုယ့်ဝန်လမ်းကို ထမ်းမှတော်မည်’ ဟူ၍ ရေးသား ဆုံးမတော်မူခဲ့ ပါသည် . . . |
လောကသားတို့အား ‘သဗ္ဗေ သတ္တာ ကမ္မဿကာ’ ဟု ပေယျာလ ကန်ပြီး မျက်ကွယ်ပြုမထားကြရပါ။ ဒုက္ခသုခတွေမှလွတ်အောင်၊ ကသိ ကအောက်မဖြစ်ကြရအောင်၊ အများ ကောင်းစေဖို့ပြောင်းလဲပေးကြခြင်း ဖြင့် သတ္တ၀ါတို့ကိုဒုက္ခနယ်မှလွတ် မြောက်စေကြရပါမည်။ ချမ်းသာစေ ကြရပါမည်။ ဆင်းရဲမွဲတေမှုသည် ဒုက္ခအားလုံးကို ဖိတ်ခေါ်နေသလိုမျိုး ဖြစ်၍ဆင်းရဲခြင်းကင်းအောင် ပြောင်းလဲပေးနိုင်ကြရပါမည်။ ဆင်းရဲတ ကာတို့တွင် အသိမွဲခြင်းကား အဆိုးဆုံးဖြစ်၏။ ဒုက္ခအားလုံးသည် အသိ ဆင်းရဲခြင်းကို အခြေခံပါသည်။
ထို့ကြောင့် စွန်းနိုင်သူများ၊ တာဝန်ရှိသူများက သတ္တ၀ါအများ ချမ်းသာပွားအောင် ဖော်ဆောင်ပေးကြရ ပါမည်။ အားလုံးကောင်းဖို့ ပြောင်းလဲပေးကြရပါမည်။
ပုထုဇဉ်သဘာဝအဟောင်းမှာ အသားကျပြီး အဆင်ပြေအရသာ တွေ့နေသူများကား ပြောင်းလဲလိုဟန် ရှိကြမည်မဟုတ်။ တစ်ယောက်၊ တစ်မိသားစု၊ တစ်ဖွဲ့ချမ်းသာရုံမျှဖြင့် လူမှုနယ်ပယ်မှာ အေးချမ်းဖွယ်ရာရှိမည် မဟုတ်ပါ။
‘အရောဂါသုခိတာ ဟောထ၊ သဟသဗ္ဗေဟိဥာတိဘိ’ ဟူသော ဗုဒ္ဓ ဒေသနာနှင့်အညီ မျိုးနွယ်တူ အားလုံး တို့ကိုပါ ရောဂါကင်းစေကြရပါမည်။ ချမ်းသာစေကြရပါမည်။ သို့မှသာ လူသားလောက နေချင်စဖွယ်ရှိမှာဖြစ်၏။
လူသားတိုင်းသည် အပြောင်းအလဲကို ခုံမင်ကြ၏။ သင်္ခါရနယ်မို့ မပြောင်းလဲဘဲနေ၍မရ။ အိုဘားမား ၏ change we need စကားကို ကြားရပြီးနောက် change ဆိုသော စကားသံလူတွေကြားပို၍ အသံကျယ် လာ၏။ နိုင်ငံအချို့တွင် အနုနည်း၊ အကြမ်းနည်းတို့ဖြင့်ပြောင်းလဲဖို့ကို ကြိုးစားနေကြသည်များကို သတင်း တို့၌နေ့စဉ်ကြားနေ၊ ဖတ်နေရ၏။
မပြောင်းလဲလျှင် တချို့အရာတို့သည် မကောင်းဘဲရှိတတ်၏။ ကျေးလက်တို့၌ မြို့ပြကဲ့သို့ရေသန့်ဘူးများ အသုံးမတွင်ကျယ်သေး၍ ယနေ့တိုင် ရေတွင်းရေကန်တို့မှ သောက်ရေကို ရေအိုးဖြင့် သယ်ဆောင်ပြီး စစ်သောက် နေကြရသေး၏။ သောက်ရေအိုးထဲ က ရေကိုနှစ်ရက်ခြား သုံးရက်ခြား ရေဟောင်းရေသစ် ပြောင်းလဲပေးကြရသည်။ ရေစစ်ဖြင့်စစ်ထည့်ထားသော်လည်း ရက်ကြာလာလျှင် အနည်ရှိလာ၏။ မည်သည့်အရာမဆို ကြာလာလျှင်တော့ အပြစ်အနာအဆာရှိ လာတတ်သည်မှာ ဓမ္မတာမို့ပြောင်း ကိုပြောင်းလဲပေးကြရပါမည်။
နေ့စဉ် အိမ်မှာစားနေကျထမင်း ဟင်းကိုပင် တစ်ခါတစ်ရံ အပြောင်းအလဲလေး ဖြစ်သွားအောင်ဟု ဆိုကာ မိသားစုတွေဆိုင်သွားပြီး ဆိုင်ထမင်း၊ ဆိုင်ဟင်းကို စားလေ့ရှိကြ၏။ မပြောင်းမလဲ တစ်သတ်မတ်တည်း ဖြစ်နေရတာကို ငြီးငွေ့ခြင်းသည် လူ့သဘော၊ လူ့မနောဖြစ်၏။ အပြောင်းအလဲ ကို လူသားတိုင်း ခုံမင်တတ်ကြသည် မှာ ဓမ္မတာ။ လူသားတို့ဆန္ဒကို စွမ်းနိုင်သူများက ပြောင်းပေးခြင်းဖြင့် ဖြည့်ဆည်းပေးကြရမှာ ဖြစ်၏။
အပြောင်းအလဲနှင့် ပတ်သက်၍ စာနယ်ဇင်းတို့တွင် ဂိမ်းသီအိုရီ၊ အမာထည် အပျော့ထည်၊ ၀င်းဝင်းသီအိုရီ၊ ပလေယာအသစ် စသဖြင့် ယခင်က မကြားရဖူးသော အသုံးအနှုန်းကို ဖတ်ရှုရ၏။ တချို့ အပြောင်းအလဲနှင့် ပတ်သက်၍ ကိုယ်သန်ရာကို ပြောကြဆိုကြ ရေးသားကြတာတွေကိုလည်း ယခုအခါများစွာ ဖတ်ရှုနေရသည်။
ဟောင်းလို့ပြောင်းမလား၊
မကြိုက်လို့ပြောင်းမလား၊
ပျက်လို့ပြောင်းမလား၊
ကောင်းဖို့ပြောင်းမလား၊
ဟောင်းလို့ဖြစ်စေ မကြိုက်တော့ လို့ဖြစ်စေ ပျက်လို့ဖြစ်စေ ပြောင်းလဲမည်ဆိုလျှင် နိုင်ငံနှင့် လူမျိုးအားလုံး ကောင်းဖို့ဆိုသော သမ္မာဆန္ဒဖြင့်သာ ပြောင်းလဲကြရပါမည်။ ‘ဟောင်းလို့ ပြောင်းလဲတာမျိုး၊ အများမကြိုက် တော့လို့ပြောင်းလဲတာမျိုး၊ မြွေအရေခွံလဲသလိုမျိုးနှယ် အနှစ်မပါအကာမျှ ပြောင်းလိုက်ခြင်းကား ဒိတ်ကုန်သွားသော အစားအသောက်ကို ဒိတ်အသစ် စက္ကူပြောင်းလဲ ကပ်လိုက်ခြင်းမျိုးမို့ ဘာမှထူးခြားမှု ရှိမလာ၍ ကောင်းတယ်’’ဟု မဆိုနိုင်ပါ။
ကောင်းဖို့ဆိုရာမှာလည်း နိုင်ငံ နှင့်လူမျိုး အားလုံးကောင်းဖို့ ဖြစ်သင့်၏။ လူအများက နှစ်မြို့ခြင်းမရှိတော့၍ နှစ်သက်စေဖို့လတ်တလော အများနှစ်သက်စေရန်သကာ ဖုံးသော အပြောင်းမျိုးမ ဟုတ်ကြပါ။ သည့်အပြင် တစ်စုတစ်ဖွဲ့ ကောင်းစားဖို့ဆိုတာမျိုးလည်း မဖြစ်စေကြရပါ။
ယနေ့တိုင်အောင် မပြီးပြတ်သေးသော ငြင်းခုံမှုတစ်ခုရှိ၏။ ‘လူကောင်းနှင့် လူတော်’ ဘယ်သူကပို အရေးကြီးပါလဲ၊ ဆိုသော ပြဿနာ ဖြစ်၏။ တရားပွဲမှာ ‘လူကောင်းနဲ့လူတော် ဘယ်သူက အရေးကြီးပါလဲ’ဟု မေးပါက တရားနာပရိသတ်က ‘လူတော် ကပိုအရေးကြီးပါတယ်’ ဟူ၍လည်း ကောင်း၊တချို့ကလည်း ‘လူကောင်း ကပိုအဓိကကြပါတယ်’ ဟူ၍လည်း ကောင်းအားသန်ရာ ဖြေဆိုကြ၏။
ထိုအခါ ‘တော်တာရောကောင်းတာပါ’ နှစ်မျိုးစုံသူက ပိုအရေးကြီးကြောင်း၊ အဓိကလည်းကျကြောင်း ကိုပြောပြပြီး အဘယ်ကြောင့် ‘တော်သူရော ကောင်းတာပါ’ နှစ်မျိုးစုံသူ က ပိုပြီးအရေးကြီးပါတုန်း ဆိုလျှင် ‘ပညာပြည့်ဝနှလုံးလှသူ၊ အဆင်းရော အချင်းပါပြည့်စုံသူ’ ဖြစ်သော ကြောင့်ဟု ရှင်းပြရ၏။
လူသားကမ္ဘာ၏ကောင်းကျိုး သုခချမ်းသာ မှန်သမျှပညာပြည့်ဝ နှလုံးလှကြသူများ၊ အဆင်းရော အချင်းပါ ပြည့်စုံသူများကသာ ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်၏။ ထိုသူများကြောင့် လောကသားတို့ ဒုက္ခမများပြီး ဒုက္ခမပွားခဲ့ကြရပါ။
ထို့ကြောင့် တော်တာရော၊ ကောင်းတာပါ ပြည့်စုံဖို့လိုအပ်၏။ တော်တာရော ကောင်းတာပါ နှစ်မျိုး ပြည့်စုံသူကို ဘုရားမြတ်စွာက ‘သူတော်ကောင်း (သပ္ပုရိသ) ဟုသတ် မှတ်တော်မူ၏။
‘‘အားလုံးကောင်းဖို့ပြောင်းလဲကြ စို့”ဆိုလျှင် ပြောင်းပေးမည့်သူများသည် တော်သူ၊ ကောင်းသူ၊ သူတော်ကောင်းများ ဖြစ်ဖို့ အလွန်လိုအပ်လှပါသည်။
သူတော်ကောင်းတို့သည် ကိုယ့်အတွက်၊ မိသားစုအတွက်၊ ဆွေမျိုးတို့အတွက်၊ လူမျိုးအတွက်၊ တိုင်းနိုင်ငံ အတွက် တစ်လောကအားလုံးအတွက် ပစ္စုပ္ပန်အတွက်၊ သံသရာအတွက် ကောင်းအောင် ပြောင်းလဲပေးနိုင်သူများ၊ လုပ်ပေးနိုင်သူများဖြစ်ကြ၏။
သူတော်ကောင်းသည် မိမိနှင့် အားလုံးကောင်းဖို့ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ၊ တစ်နှစ် ထက်တစ်နှစ်၊ တစ်ဘ၀ထက်တစ် ဘ၀၊ တစ်ဆင့်ထက် တစ်ဆင့်မြင့်အောင် ကောင်းဖို့ ပြောင်းလဲပေးနိုင်သူဖြစ် ၏။ သူတော်ကောင်းဟုဆိုသူများသည် ဖော်ပြပါ လက္ခဏာများနှင့် ပြည့်စုံကြ၏။
သူတော်ကောင်း (သပ္ပုရိသ) လက္ခဏာများ -
၁။ သန္ဓေဥာဏ်ကောင်းသူဖြစ်ခြင်း
သူတော်ကောင်းသည် သန္ဓေဥာဏ်၊ ဗီဇကိုက ကောင်းခဲ့ကြသူများ ဖြစ်ကြ၏။ ကောင်းသောစိတ်ဖြင့် သန္ဓေနေခဲ့ကြ၏။ ပင်ကိုဓာတ်ခံက ပင် အတ္တ-ပရမျှ၍ တွေးဆတတ် ၏။ လောကအကျိုး၊ လူမျိုးအကျိုး သယ်ပိုးလိုစိတ်ရှိ၏။ ဥာဏ်ထက်သူ၊ ဥာဏ်သွက်သူ၊ အရှည်ကိုမြင်နိုင်စွမ်း သောဆင်ခြင်တုံ မြော်မြင်တုံ ဥာဏ်အမြင်ရှိသူ ဖြစ်၏။
တချို့သည် သန္ဓေကပင်လျင် ဥာဉ်ဆိုးတတ်၏။ ထိုပုဂ္ဂိုလ်မျိုးသည် အများကောင်းအောင် ပြောင်းလဲလိုကြ သူများ မဟုတ်တတ်ကြ။ အသိနည်းသည်နှင့်အမျှ အတ္တကြီးတတ်ကြ၏။ တစ်ကိုယ်ရေ ကောင်းစားရေး၊ မိသားတစ်စု၊ ဆွေမျိုးတစ်စု ကောင်းစားရေး၊ တစ်စုတစ်ဖွဲ့မျှ ကောင်းစားရေးကိုသာ အလေးထားတတ်ကြ၏။
ရွှန်းရွှန်းဝေအောင် ပြောတတ်ကြ၏။ အသံကောင်း ဟစ်တတ်ကြ၏။ အဓိပတိလေးပါးအညီ ကာယကံမြောက် မလုပ်ဆောင်တတ်ကြ။ အပြောသာ ချဲ့၍ အလုပ်မဲ့သူများဖြစ်ကြ၏။
အသွင်ကူးပြောင်းရေးသည် အားလုံးကောင်းဖို့ဖြစ်၏။ သန္ဓေဥာဏ် ကောင်းသူများသည် ပဋ္ဌာန်းဒေသနာတော်အရ အဓိပတိလေးပါးနှင့် ပြည့်စုံသူများ ဖြစ်ကြ၏။ အများကောင်းဖို့ ပြောင်းလဲပေးချင်သော ဆန္ဒ၊ မိမိအပါအ၀င် အားလုံးကောင်းစေချင်သော စိတ်ထား၊ အားလုံးကောင်း အောင်ဆောင်ရွက်ရာတွင် စကားမျှ မဟုတ်ဘဲ ကိုယ်ရောစိတ်ပါနှစ်၍ ဆောင်ရွက်ပေးခြင်း၊ ၀ီရိယ၊ ထိုဆန္ဒ၊ စိတ်၊ ၀ီရိယတို့ကို ထိန်းကျောင်းပဲ့ကိုင် ပေးနိုင်သော ပင်ကိုအသိ၊ လေ့လာ မှတ်သားခြင်း၊ ခေတ်အခြေအနေကို တတ်သိနားလည်ခြင်း၊ ရင့်ကျက်အသိအားဖြင့် အဓိပတိလေးပါးနှင့် ပြည့်စုံကြ၏။ အာဇာနည်များ၊ သမိုင်းဝင် ပုဂ္ဂိုလ်များ၊ စွန့်ဦးတီထွင်သူများသည် ထိုအဓိပတိလေးပါးနှင့်အညီ ဆောင်ရွက်သွားကြသူများ ဖြစ်ကြ၏။
၂။ ရိုးသားဖြောင့်မှန်သူဖြစ်ခြင်း
သူတော်ကောင်းတို့သည်သန္ဓေဥာဏ်ကောင်းရုံမျှမဟုတ်။ ကိုယ်နှုတ် နှလုံးသုံးပါးလုံးလည်း ဖြောင့်မှန်၏။ စဉ်းလဲကောက်ကျစ်ခြင်း အလျဉ်းမရှိ။ ပညာ ပြည့်ဝ နှလုံးလှသူ၊ ဖြူစင်သူဖြစ်၏။
ဘုရားရှင်က တရားအားထုတ်ကြသူများ ပြည့်စုံကြရမည့် အင်္ဂါငါးပါး၊ မေတ္တာပို့သူ၊ မေတ္တာပွားသူ၊ မေတ္တာသုတ်ရွတ်ဖတ် ပူဇော်မည့်သူများ ပြည့်စုံကြရမည့် အင်္ဂါ ၁၅ ပါး တို့တွင် ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရိုးသားဖြောင့်မှန်ခြင်း အင်္ဂါကို ထည့်သွင်း ဟောကြားတော်မူသဖြင့် မရိုးသားသူ၊ ကောက်ကျစ်သူ၊ စဉ်းလဲသူ များသည် တရားအားထုတ်က တရားထူးမရနိုင်၊ မေတ္တာပို့ကလည်းမေတ္တာ အကျိုးနှင့် မေတ္တာဈာန်မရနိုင်ပါ။
မည်သည့်ကိစ္စမျိုးမှာမဆို လိုလားသည့် ကောင်းကျိုးများ ပြည့်ပြည့်၀၀ ဖြစ်ထွန်းအောင်မြင်ဖို့ဆိုလျှင် ပါဝင်ပတ်သက်သူတို့သည် ရိုးသား ဖြောင့်မှန်ကြရပါမည်။ အလားတူ အသွင်ကူးပြောင်းချင်သူ၊ အားလုံး ကောင်းဖို့ပြောင်းလဲချင်သူ၊ မည်သူမဆို ပါဝင်ပတ်သက်သူမှန်သမျှ ရိုးသားဖြောင့်မှန်ကန်သူများ ဖြစ်ကြရ ပါမည်။ ‘‘အားလုံးကောင်းဖို့ ပြောင်းလဲကြပါစို့’’ဟု ပြောနေသူကိုယ်တိုင် က’’တကယ်ရော ရိုးသားဖြောင့်မှန် သူဖြစ်ပါရဲ့လား’’ ဆိုတာကို ဦးစွာ ကိုယ့်ကိုယ်ကို ဆန်းစစ်ရပါမည်။
၃။ ကျေးဇူးသစ္စာစောင့်သိတတ်သူဖြစ်ခြင်း၊
၎။ ကျေးဇူးတုံ့ပြန်ဆပ်တတ်သူဖြစ်ခြင်း။
သူတော်ကောင်းသည် ကျေးဇူးသစ္စာကို သိ၏။ ကျေးဇူးလည်းဆပ် တတ်၏။ ဖြောင့်မတ်ခြင်းမရှိသူသည် ဂုဏ်ကျေးဇူးကို မသိတတ်ရုံမျှ မက ကျေးဇူးရှိခဲ့ဖူးသူ၏ ဂုဏ်ကျေးဇူးကိုပင် ချေဖျက်တတ်၏။ တင်ရှိခဲ့ ဖူးသော ကျေးဇူးကို ဖုံးကွယ်ထား တတ်၏။ ကျေးဇူးမဲ့သူကို မိတ္တဒုဗ္ဘီ ပုဂ္ဂိုလ်ဟုဆို၏။ အရိပ်ခိုဖူးသည့် သစ်ကိုင်းသစ်ခက်ကိုပင် မချိုင်မခုတ်ကြရပါ။ သူတော်ကောင်းသည် ကျေးဇူးရှိခဲ့သည် သက်ရှိပုဂ္ဂိုလ်ကိုပင် မဆိုထားနှင့်သက်မဲ့သစ်ပင်စသည်တို့ ၏ ကျေးဇူးကိုပင် နားလည်၏။
ကောင်းဖို့ပြောင်းလဲလိုသူများသည် ကျေးဇူးရှိခဲ့ဖူးသူတို့အပေါ် ကျေးဇူးသစ္စာကို စောင့်သိရိုသေကြသူများ ဖြစ်ကြရပါမည်။ ကျေးဇူးရှင်ပါ ကျေးဇူးရှင်ပါဟု နှုတ်ကပြောနေရုံမျှ ဖြင့်မပြီး။ ကျေးဇူးရှိခဲ့ဖူးသူတို့ကို ကျေးဇူးဆပ်ကြရပါမည်။
တင်ရှိခဲ့ဖူးသော ကျေးဇူးကို အသိအမှတ်မပြုသူ၊ ကျေးဇူးကန်းသလိုမျိုး လုပ်ဆောင်သူများသည် ဘယ်သောအခါမှ ကောင်းဖို့ပြောင်းလဲနိုင်သူ များမဖြစ်နိုင်ပါ။
၅။ မိတ်ကောင်းဆွေကောင်းရှိသူဖြစ်ခြင်း၊
၆။ မဟာမိတ်ဖွဲ့ထားပြီးကောင်းသော အကြံဥာဏ် ကို လေးစားလိုက်နာသူဖြစ်ခြင်း။
သူတော်ကောင်းသည် မိတ်ဆွေကောင်း၊ မိတ်ဆွေယုတ်ကို ခွဲခြားသိ၏။ ကောင်းဖို့ ပြောင်းလဲလိုသူများသည် မိတ်ဆွေကောင်းများရှိကြရ၏။ ထို မိတ်ဆွေကောင်း၏အကြံကောင်းများ၊ အတွေ့အကြုံများ၊ နည်းပညာများ၊ လမ်းညွှန်ချက်များကို လေးစားလိုက် နာကြရ၏။ မိတ်ဆွေကောင်းလည်း မရှိ၊ ရှိဦးတော့ အကြံကောင်း၊ အတွေ့ အကြုံကောင်းများကို လျစ်လျူရှုထားလျှင် ကောင်းဖို့ပြောင်းလဲနိုင်မည် မဟုတ်။ တချို့ကြတော့ အသိခေါက်ခက် အ၀င်နက်ကြ၏။ ကိုယ်ကလည်း နားမလည်၊ နားလည်သူများက ပြောတာကိုလည်း လက်မခံချင်တတ်၊ အများ နှင့်သင့်၊ မသင့်၊ မချင့်ချိန်ဘဲ ငါတကော ကော၍ ပြုမူလေ့ရှိတတ်၏။
အားလုံးကောင်းဖို့ ပြောင်းလဲကြပါစို့
Reviewed by သစ်ထူးလွင်
on
11:52
Rating:
No comments:
Post a Comment