ငမိုးရိပ်ရေလှောင်တမံရေများ သုံးစွဲ၊ သောက်သုံးလို့မရအောင် ညစ်ညမ်းနေ

ရန်နိုင်(မြစ်မခ)
စက်တင်ဘာလ ၂၁၊ ရန်ကုန်မြို့။

သြဂုတ်လမှစကာ ဒဂုံမြိုသစ်မြောက်ပိုင်းမြို့နယ်များအတွင်းသို့  ငမိုးရိပ်ရေလှောင်တမံမှ ပေးဝေလျက်ရှိသော သောက်ရေသုံးရေများတွင်  အနည်များပါဝင်လာခြင်းနှင့် ရေ၏အရောင်မှာ အညိုရောင်များဖြစ်ပေါ်နေခြင်းတို့ကြောင့် အဆိုပါမြို့နယ်များအတွင်းနေထိုင်သူ အချို့မှာ ငမိုးရိပ်သောက်ရေသုံးရေအစား ရေသန့်ဘူးများ၊ အ၀ိစီရေများအား ၀ယ်ယူသုံးစွဲလာရကြောင်း  သိရှိရသည်။

"ရေကအရောင်တွေ ညစ်ပြီးတော့ ရေပုံးထဲထည့်ထားရင် အနည်တွေထိုင်သွားတယ်။ အဝတ်အစားတွေလျှော်ရင်တောင် သတိထားပြီးလျှော်ရတယ်။ အရောင်နုတဲ့အဝတ်အစားတွေဆိုရင် အဲဒီရေနဲ့ လျှော်ပြီး အရောင်တွေစွန်းကုန်တယ်။ အင်္ကျီာအဖြူရောင်ဆို အဝါရောင်လိုလို၊ အညိုရောင် ဖျော့ဖျော့လိုလိုဖြစ်သွားတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဒေါ်မြင့်ကြည်က ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ငမိုးရိပ်သောက်ရေ သုံးရေအားတပ်ဆင် အသုံးပြုသူများမှာ ရေညစ်ညမ်းနေမှုကြောင့် ရေသန့်ဗူးမှာယူသောက်သုံးနိုင်နေကြသူများရှိသလို၊ ရေသန့်ဘူးဖိုး မတတ်နိုင်သောကြောင့်  အဆိုပါ ရေကိုပင် သောက်သုံးနေကြရကြောင်း သိရှိရသည်။

"တစ်နေ့မှ နေ့စားခက နှစ်ထောင့်ငါးရာရတာ ရတာ စားလောက်ရုံပဲ ရှိတယ် ရေသန့်တဗူးလေးရာ ဆိုတော့ ကျနော်တို့တော့ ၀ယ်မသောက်နိုင်ဘူး၊ သောက်နိုင်တဲ့သူတွေကတော့ ၀ယ်သောက် နေကြတယ်၊ ကျနော်တို့ကတော့ အနည်စစ်ပြီး သောက်နေရတယ်`"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ၄၉ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ငမိုးရိပ်ရေလှောင်တမံမှ ပေးဝေလျက်ရှိသော ငမိုးရိပ် သောက်ရေ၊ သုံးရေမှာ ယခုကဲ့သို့ မကြာခဏ ဆိုသလို ရေများနောက်ကျိခြင်း၊ ရေမကြာခဏဆိုသလိုပြတ်တောက်မှုများ ကြုံရခြင်းများ ဖြစ်ပေါ်မှုများ ကြုံတွေ့ကြရကြောင်း သိရှိရသည်။

`ဒီရေကို ဓါတ်ခွဲခန့်ပို့ပြီး စစ်ဆေးတာမျိုး ဟုတ်မဲ့သူလည်း မရှိဘူး၊ ရေမကောင်းလို့ အထက်ကို တိုင်ပေမဲ့ ဘာမှ အရေးယူဆောင်ရွက်ပေးတာလည်း မရှိတော့ ဒီအတိုင်းပဲ ရေမကောင်းလို့ အဝေစီရေ ၀ယ်သုံးတဲ့သူက သုံးတယ်၊ ရေသန့်ဝယ်သောက်တယ် မတတ်နိုင်တဲ့သူတွေကတော့ ဒီရေကိုပဲ သုံးနေကြတယ်`ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

အဆိုပါမြို့နယ်အတွင်းရှိ သောက်ရေသန့်ဘူး လက်လီရောင်းချသောဆိုင်များ ရောင်းအားထက်ဝက်ကျော် မြင့်တက်သွားကြောင်း သောက်ရေလက်လီရောင်းချသောဆိုင်များမှ စုံစမ်းသိရှိရသည်။

ရေသန့်ဘူးတစ်ဘူးလျှင်လက်လီဈေးအားဖြင့် ငွေကျပ် ၃၅၀ နှင့်ဈေးနှင့်ရောင်းချနေရာမှ ရေပြဿနာကြောင့် ရေသန့်ဗူးဈေးနှုန်းမှာလည်း တစ်ဘူးလျှင်ငွေကျပ် ၄၀၀၊ ငွေကျပ် ၅၀၀ ဈေးဖြင့် ရောင်းချနေကြကြောင်း သိရှိရသည်။

အဆိုပါမြို့နယ်အတတွင်းရှိ အဝီဇိတွင်းတူးပြီးရေရောင်းချသူများထံမှ ရေတစ်စည်လျှင်ကျပ်ငွေ ၂၅၀ နှုန်းဖြင့် ရေရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ငမိုးရိပ်ရေလှောင်တမံရေများ သုံးစွဲ၊ သောက်သုံးလို့မရအောင် ညစ်ညမ်းနေ ငမိုးရိပ်ရေလှောင်တမံရေများ သုံးစွဲ၊ သောက်သုံးလို့မရအောင် ညစ်ညမ်းနေ Reviewed by သစ်ထူးလွင် on 22:10 Rating: 5

No comments:

Powered by Blogger.