ဒေါ်အောင်ဆန်းစုကြည် အင်တာဗျုးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ ဖော်ပြခွင့်ရ

စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့ထုတ် Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ဖော်ပြထားပါတယ်။
ဂျာနယ်ရဲ့ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ” အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည် စာနယ်ဇင်းလောကမှာ ဘယ်ဂျာနယ်မှ မဖော်ပြနိုင်သေးတဲ့ အင်တာဗျူးတခုကို Messenger က အစောဆုံးဖော်ပြလိုက်နိုင်တာပဲ”လို့ ရေးထားပါတယ်။
ဂျာနယ်တိုက်ကို ဆက်သွယ်မေးကြည့်တော့ ဒေါ်စုနဲ့အင်တာဗျုးကို အကြိမ်ပေါင်းများစွာ စိစစ်ရေးတင်ပြခဲ့ရပြီး အခုတကြိမ်မှာ  ဖော်ပြခွင့်ရတာပါလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ကတည်းက သတင်းဂျာနယ်တချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး လုပ်ပြီး စိစစ်ရေးတင်ပြခဲ့တာ တခါမှ ဖော်ပြခွင့်မရခဲ့ကြပါဘူး။
အလားတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးတဲ့ ‘အပမ်းဖြေနားရက်များ’လို့ အမည်ပေးထားတဲ့ ဆောင်းပါးလည်း ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခွင့်ရပြီလို့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက အတည်ပြုပြောပါတယ်။
“ ‘အပမ်းဖြေနားရက်များ’ သားနဲ့ ပုဂံကို ခရီးသွားတဲ့အကြောင်းပေါ့။ ခရီးစဉ်အစက စရေးထားတာ။ မူလရေးထားတဲ့အတိုင်းပဲ ခွင့်ပြုပါတယ်။ ဒေါ်စုဆီက ပေးပို့ထားတာတွေကိုလည်း ထပ်ပြီးတော့ တင်ဦးမှာပါ။”
ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပါဝင်တဲ့ ပြည်သူ့ခေတ်ဂျာနယ်ကတော့ အင်္ဂါနေ့မှာ ထွက်ရှိလာမှာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေအပြင် အင်တာဗျုးတွေ ကိုယ်တိုင်ရေး စာမူတွေကိုပါ ဖော်ပြခွင့်ပေးလာတဲ့အပေါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ကြပြီး တသမတ်တည်း ဆက်လက် ဖော်ပြခွင့်ပေးဖို့လည်း မျှော်လင့်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အင်တာဗျုးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ ဖော်ပြခွင့်ရ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျုးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ ဖော်ပြခွင့်ရ Reviewed by သစ်ထူးလွင် on 22:03 Rating: 5
Powered by Blogger.