အထည်ချုပ်လုပ်ငန်းများ ဈေးကွက် ကောင်းမွန်လာသောကြောင့် လုပ်ငန်း အတွေ့အကြုံ မရှိသည့်သူများကိုပါ အလုပ်သင်အဖြစ် လုပ်သားဦးရေ ရာနှင့်ချီ၍ ခေါ်ယူလာကြောင်း သတင်း ရရှိသည်။ အထည်ချုပ်စက်ရုံများမှ အလုပ်သင် လုပ်သားများအား ခေါ်ယူရာတွင် မူလတန်းနှင့် အထက်တန်း ပညာအရည်အချင်း ရှိသူများကို ခေါ်ယူခြင်း ဖြစ်ပြီး ရွှေပေါက်ကံ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် တောင်ဒဂုံ စက်မှုဇုန်များရှိ အထည်ချုပ် စက်ရုံများမှ ခေါ်ယူမှု များနေပြီး အချို့ စက်ရုံများမှာ နေထိုင်ရန် အဆောင်ပါပေးကြောင်း သိရသည်။
''စက်မှုဇုန်မှာရှိတဲ့ စက်ရုံတွေမှာ လုပ်ကြတဲ့သူ အများစုက နယ်ဒေသတွေနဲ့ ကျေးလက်တောရွာကနေ တက်ပြီး လာလုပ်ကြတဲ့သူတွေ များတယ်။ ဒါကြောင့် နယ်ကလာလုပ်တဲ့သူ တချို့ဆိုရင် အဆောင်ပါပေးတဲ့ စက်ရုံမှာ လုပ်နိုင်မှ အိမ်ကို တစ်လ ငွေတစ်သောင်းခွဲ၊ နှစ်သောင်းလောက် ပြန်ပို့ဖို့ အဆင်ပြေကြတယ်။ အထည်ချုပ်တွေမှာက လစာကို ကျပ်တစ်သောင်းကျော် သတ်မှတ်ပေးထားပြီး တခြား ရက်မှန်ကြေးတို့၊ ဒါဇင်ကြေးတို့၊ အချိန်ပိုကြေးတို့ စတဲ့ လုပ်အားခတွေ ထည့်ပေါင်းမှ တစ်လကို ကျပ်လေးသောင်းခွဲနဲ့၊ ငါးသောင်းကျော် ကျွမ်းကျင် တစ်ယောက် အနေနဲ့ရတယ်။ အလုပ်သင်အနေနဲ့ခေါ်တဲ့ လုပ်သားတွေကတော့ အကုန်ပေါင်းမှ ကျပ်နှစ်သောင်းခွဲ ကျော်ကျော်လောက်ပဲ ရကြတယ်။ လုံးဝ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြတဲ့ သူတချို့ကတော့ လုပ်အားခ ပိုပေးတဲ့ဆီတွေကို မကြာခဏ ပြောင်းရွှေ့ လုပ်ကြတာများတယ်။ ဒါကြောင့် စက်ရုံတွေမှာ ကျွမ်းကျင်အဆင့်ရှိတဲ့သူတွေ ရှားလာတဲ့ အတွက် ဘာအခြေခံမှ မတတ်သေးတဲ့ သူတွေကို ကျွမ်းကျင်အဆင့် ဖြစ်အောင် လူမွေးဖို့အတွက် အခုလို လုပ်သား ရာနဲ့ချီပြီး ခေါ်လာကြတယ်''ဟု တောင်ဒဂုံ စက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
ယခုလက်ရှိတွင် ပြီးခဲ့သည့် သုံးနှစ်တာ ကာလနှင့် နှိုင်းယှဉ်ပါက အကောင်းဆုံး ဈေးကွက် အနေအထားသို့ ပြန်လည် ရောက်ရှိလာမှုနှင့် လုပ်သား လိုအပ်ချက်အရ လုပ်ငန်း အတွေ့အကြုံ မရှိသည့် သူများကိုပါ အလုပ်သင် အဖြစ် လုပ်သားဦးရေ ရာနှင့်ချီ၍ ခေါ်ယူလာသော်လည်း ကျွမ်းကျင်လုပ်သားများ ရှားပါးနေကြောင်း သိရသည်။
''အထည်ချုပ် စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေ ရင်ဆိုင်နေရတာ ကြာပါပြီ။ ဘာလို့လည်းဆိုတော့ ပြည်ပက လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ လုပ်သားတွေကို လုပ်အားခ ဈေးပေါပေါနဲ့ပေးရင် ရတယ်ဆိုတဲ့ အမြင်နဲ့ ပြည်တွင်း အထည်ချုပ် လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတယ်။ အဲဒီတော့ ကျွမ်းကျင်လုပ်သားတွေကလည်း ပြည်တွင်းမှာရှိတဲ့ စက်ရုံတွေမှာ ရေရှည် မလုပ်ကြတော့ဘဲ လစာပိုရတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သွားအလုပ်လုပ်လာကြတော့ ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ ရင်ဆိုင်လာရတယ်။ တကယ်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေ နီးပါးလောက် ပြည်တွင်းမှာရှိတဲ့ ကျွမ်းကျင် အထည်ချုပ် လုပ်သားတွေကို လုပ်ခလစာ ပေးလာနိုင်မယ် ဆိုရင် ပြည်တွင်းမှာရှိတဲ့ ကျွမ်းကျင်လုပ်သားတွေလည်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ် သွားမလုပ်နိုင်သလို မိသားစုနဲ့ ခွဲခွာပြီး သွားရောက် အလုပ်လုပ်နေကြတဲ့ သူတွေပါ ပြည်တွင်းကို ပြန်လည် ၀င်ရောက် လုပ်ကိုင်လာနိုင်တဲ့ အတွက် ကျွမ်းကျင်လုပ်သား ရှားပါးမှုကို ရင်ဆိုင်ရမယ့် အလားအလာပါ လျော့ကျသွားလိမ့်မယ်'' စီးပွားရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံများတွင် အလုပ်လုပ်ကိုင်သော စက်ချုပ်ဝန်ထမ်းများ၏ အခြေခံလစာသည် ၂၀၀၄ ခုနှစ်က ပျမ်းမျ ကျပ် ၁၇၈၀၀ သာ ရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ် ၂၁၆၀၀ အထိ တိုးမြှင့် ရရှိခဲ့အချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ အထည်ချုပ် အလုပ်သမား တစ်ဦး၏ ပျမ်းမျှဝင်ငွေသည် တစ်ရက်လျှင် နှစ်ဒေါ်လာခန့် ရရှိနေခြင်းကြောင့် လုပ်ခလစာ ပိုရသည့် ယင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှု ပြုခဲ့ကြောင်း သိရသည်။ ၂၀၀၆ ခုနှစ် ၀န်းကျင် ကာလများတွင် ပြည်တွင်းမှ ကျွမ်းကျင် အထည်ချုပ် လုပ်သားများ၏ လုပ်ခလစာမှာ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ကျပ်သုံးသောင်းမှ လေးသောင်းကျော် အထိ ရရှိခဲ့ပြီး ယခုအချိန်တွင်မူ ကျွမ်းကျင်အဆင့်ရှိသူ တစ်ဦးမှာ တစ်လလျှင် အနည်းဆုံး ကျပ်ငါးသောင်းကျော် ရရှိနေကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းများ ဈေးကွက် ကောင်းမွန်လာ
Reviewed by သစ်ထူးလွင်
on
23:54
Rating: