နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Pardon)
ပေးပိုင်ခွင့်ရှိသော်လည်း လွတ်ငြိမ်းချမ်းသာ ခွင့် (Amnesty) ပေးနိုင်ရန်မူ
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် လိုအပ်ကြောင်း
သိရသည်။
ပြစ်ဒဏ်
လွတ်ငြိမ်းခွင့်ပေးခြင်း နှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း တို့နှင့်
ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၅ ၊ အုပ်ချုပ်ရေး၊ ပြည်
ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော် သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များထဲတွင်
ပြဋ္ဌာန်းထားပါသည်။
ယင်းတို့နှင့် ပတ်သက်၍
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ တွင် ပြ ဋ္ဌာန်းထားရာ နိုင်ငံတော်သမ္မတ သည်
(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသား
ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ထောက်ခံချက်နှင့်အညီလွတ်ငြိမ်း
ချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည် ဟူ၍ ပြဋ္ဌာန်းထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ အား အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားရာတွင် The
President has : (a) the power to grant a pardon; (b) the power to grant
amnesty in accord with the recommendation of the National Defence and
Security Council. ဟူ၍ဖြစ်ပါသည်။
အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးလုပ်ဆောင်မှုနှင့် ပတ်သက်၍ အကျဉ်းကျခံနေရသူများနှင့် ပတ်သက်၍လည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ပြည်တွင်းရှိ အဖွဲ့အစည်းအချို့နှင့်နိုင်ငံသားအချို့ သာမက ပြည်ပနိုင်ငံအချို့ကပါ လိုလားနေ . . . |
“လက်ရှိပြည်သူအများစုက
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အတူတူပဲ
ထင်မှတ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သမ္မတကြီးက သူတစ်ဦးတည်း
သဘောနဲ့ ပေးပိုင်ခွင့်ရှိတယ် လို့ ထင်ကြပါတယ်။ အမှန်က ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ကြည့်ရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး သမ္မတကြီး ကို
ပေးထားတဲ့လုပ်ပိုင်ခွင့်က မတူညီပါဘူး။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို Pardon
ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို Amnesty ဆိုပြီး
သုံးနှုန်းထားပါတယ်။ သမ္မတကြီးအနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကိုသာ သူ့သဘောနဲ့
ပေးပိုင်ခွင့်ရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင်တော့
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထောက်ခံရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခု ပြည်သူတွေ မျှော်လင့်နေကြတဲ့ အထွေထွေ
လွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတကြီးက ပေးနိုင်ဖို့ဆိုရင် အမျိုးသား
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောထားကြီးမှု အပေါ်မှာ
အများကြီးမူတည်ပါတယ်” ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ရှင်းပြပါသည်။
အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီတွင် ပါဝင်သော သူများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်
ပြဋ္ဌာန်းထားရာ နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတများ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြားရေး
ဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန
ဝန်ကြီးတို့ဖြစ်ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်
(Amnesty) ဆိုသည်မှာ သာမန်အားဖြင့် ပုဂ္ဂိုလ် တစ်ဦးတည်းအတွက်
ရည်ရွယ်ခြင်းမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူ လူတစ်စုသို့မဟုတ် အမျိုးအစား၊
အဖွဲ့အစည်းတစ်ခုအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို
ဆိုလိုရင်းဖြစ်ကြောင်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းသည် နိုင်ငံ
အကြီးအကဲ၏ သက်ညှာသည့်သဘောအရ ဆောင်ရွက်ချက်တစ်မျိုးဖြစ်ကြောင်း ထူးခြားသော
အခါကြီးရက်ကြီး အဖြစ်အပျက် ဆောင်ရွက်ချက်ကြီး၊ ထမြောက်အောင်မြင်မှုကြီး
စသည်တို့အတွက် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိကြောင်း
သိရသည်။
ပုံစံအားဖြင့်
ဘုရင်အုပ်စိုးသည့် တိုင်းပြည်တွင် ဘုရင်နန်းတက်သည့် အခါပေးသည့်
လွတ်ငြိမ်းချမ်းသာခွင့်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် က ပေးသည့်
လွတ်ငြိမ်းချမ်းသာခွင့်၊ ၁၉-၃-၇၄ နေ့ နိုင်ငံတော်ကောင်စီ
ကြေညာချက်အမှတ်(၁)အရပေး သည့် လွတ်ငြိမ်းချမ်းသာခွင့်၊ အထိမ်းအမှတ်
သဘောမဟုတ်စေကာ မူ အဖွဲ့အစည်းဖြင့်ပြစ်မှုကျူးလွန်နေ သူများ၊ တစ်ဦးချင်း
သို့မဟုတ် အစုလိုက် ပြစ်မှုကျူးလွန်မိသူများ၊ ပြစ်ဒဏ်ကျခံနေရသူများအား
သင်ပုန်းချေသည့်အနေဖြင့် လွတ်ငြိမ်းချမ်းသာ
ခွင့်ပေးခြင်းများလည်းရှိကြောင်း သိရသည်။
ထို့ပြင် ၁-၄-၆၃ ခုနေ့တွင်
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည်
ပုံစံအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ဖြစ်ကြောင်း သိရသည်။ ၁၉၆၃
ခုနှစ်၊ ဧပြီလ ၁ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေးကောင်စီ
ဥက္ကဋ္ဌရုံးက ထုတ်ပြန်ကြေညာခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်တွင်
ဖော်ပြထားသည်မှာ (၁) ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားတစ်ဦးစီသည်
ဤအမိန့်ထုတ်ပြန်သည့် နေ့ရက်မတိုင်မီက စာပိုဒ်ခွဲ ၂ တွင်
ဤအမိန့်နှင့် မသက်ဆိုင်စေရဟု ပြဋ္ဌာန်းထားသည့် ရာဇ၀တ်မှုများမှအပ
အခြားရာဇ၀တ်မှုတစ်ခုခုကို ကျူးလွန်ခဲ့လျှင် ပြည်ထောင်စုမြန်မာနိုင်ငံ
တော်လှန်ရေး အစိုးရက အဆိုပါ အခြားရာဇ၀တ် ပြစ်မှုများအတွက် လုံးဝလွတ်ငြိမ်း
ချမ်းသာခွင့် ပြုလိုက်သည်။(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေး
အစိုးရ၌ ပြည်သူပြည်သားတစ်ဦး၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်
တာဝန်ရှိသည့်အားလျော်စွာ ထိုပြည်သူပြည်သား တစ်ဦးက ၎င်းကိုယ်တိုင်
ထိခိုက်နစ်နာခြင်းခံရသည်ဟု ၎င်း၏အခွင့်အရေးကို သုံးစွဲလျက်
တိုင်ကြားခြင်းပြုသည့် လူသတ်မှု သို့တည်းမဟုတ် မုဒိမ်းမှုများ
နှင့်လည်းကောင်း သူတစ်ဦးအားထိ ခိုက်နစ်နာစေသည့် သို့တည်းမဟုတ်
ပုဂ္ဂလိကပိုင်ပစ္စည်းဆုံးရှုံးနစ်နာစေ သည့်ပြစ်မှုများနှင့်လည်းကောင်း ဤ
အမိန့်သည် မသက်ဆိုင်စေရဟု ဖော်ပြထားပါသည်။ (၃) စာပိုဒ်ခွဲ ၂ တွင်
သီးခြားဖော်ပြထားသော ရာဇ၀တ် ပြစ်မှုများအတွက် ဤအမိန့်အရလုံးဝ
လွတ်ငြိမ်းချမ်းသာခွင့် မရသော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေး
အစိုးရသည် သက်ညှာသော အားဖြင့် တည်ဆဲတရားဥပဒေတစ်ခုခုတွင်
မည်သို့ပင်ပါရှိစေကာမူ လူသတ်မှုအရ ပြစ်ဒဏ်စီရင်ခြင်းခံရလျှင်
ထိုပြစ်ဒဏ်ခံရသူသည် ထောင်ဒဏ် ၁၀ နှစ်ထက်ပို၍ မကျခံစေရ၊ ထို့အတူ
အခြားရာဇ၀တ်ပြစ်မှု တစ်ခုခုအတွက် ပြစ်ဒဏ်စီရင်ခြင်းခံရလျှင်လည်း
ထိုပြစ်ဒဏ်ခံရသူသည် ထောင်ဒဏ်သုံးနှစ်ထက်ပို၍ မကျခံစေရကြောင်း
ထုတ်ပြန်ကြေညာချက် တွင်ဖော်ပြထားပါသည်။
လွတ်ငြိမ်းချမ်းသာခွင့် အမျိုးအစားတွင် အကျုံးဝင်သည့် အခြားသော လွတ်ငြိမ်းချမ်းသာခွင့် အမျိုးအစားများမှာ ပြစ်ဒဏ်ဆိုင်းငံ့ခြင်း (Reprieve or Suspension of Sentence)၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခြင်း (Respite)၊ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ကိုလျှော့ပေါ့ခြင်း၊ လျှော်ပစ်ခြင်း (Remission)၊ ပြစ်ဒဏ်လျှော့ချ ပြောင်းလဲပေးခြင်း (Commutation)၊ အမှုနှင့်ပတ်သက်၍ သက်ညှာခြင်း (Clemency)တို့ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံ၌ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် စိတ်ဝင်စားသူများ
များပြားနေပြီး အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးလုပ်ဆောင် မှုနှင့်
ပတ်သက်၍ ပြစ်မှုမြောက်ကာ အကျဉ်းကျခံနေရသူများနှင့်ပတ် သက်၍လည်း
လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ပြည်တွင်းရှိအဖွဲ့အစည်း အချို့နှင့်
နိုင်ငံသားအချို့သာမက ပြည်ပနိုင်ငံအချို့ကပါ လိုလားနေကြောင်း
နိုင်ငံရေးလေ့လာလိုက်စား သူများထံမှ သိရသည်။
ပြည်ထောင်စု ဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်တစ်ရပ်ကိုအမိန့်အမှတ် ၂/၈၀ ဖြင့် ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်
နေ့ကထုတ်ပြန်ခဲ့ရာ၌သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမ အကြိမ်
ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး ပြီးမြောက်အောင်မြင်သည်
ကိုနှစ်ထောင်းအားရစွာ ဂုဏ်ပြုသောအားဖြင့် ညီညွတ်ခြင်းနှင့်
ငြိမ်းချမ်းခြင်းစိတ်ဓာတ်ကို ပွားများစေစိမ့်သောငှာ နိုင်ငံတော်ကောင်စီသည်
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်လိုက်ကြောင်း ယင်းအမိန့်တွင်
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်သည့်နေ့ မတိုင်မီက
နိုင်ငံရေးပြစ် မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သူများ အား
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟူ၍ ပါဝင်သည်ကို တွေ့ရပါသည်။
သမ္မတ ဦးသိန်းစိန် တဦးတည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့မရ
Reviewed by သစ်ထူးလွင်
on
12:13
Rating:
No comments:
Post a Comment