ပြင်ဦးလွင်မြို့ရှိ နာမည်ကျော် နာရီစင်ကြီး၏ သက်တမ်း စိန်ရတုတိုင်ခဲ့ပြီ

l4222 ပြင်ဦးလွင်မြို့လယ်ရှိ နာမည်ကြီး နာရီစင်ကြီး(Purcell Tower) ကို ၁၉၃၆ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သက်တမ်းအားဖြင့် ၇၅ နှစ် စိန်ရတုတိုင်ပြီ ဖြစ်ကြောင်း သိရသည်။ နာရီအလှူရှင် မစ္စတာပါဆယ်က ငွေကျပ် ၁၁၀၀၀ မတည် လှူဒါန်း၍ ပြင်ဦးလွင် မြူနီစီပါယ်ကငွေကျပ် ၆၀၀၀ ထည့်ဝင်ခဲ့ခြင်းကြောင့် ယနေ့ထက်တိုင် ပါဆယ်လ်တာဝါဟု ခေါ်တွင်လျက်ရှိသည်။
အဆိုပါနာရီစင်ကို ၁၉၃၅ ခုနှစ် တွင် ရန်ကုန်မြို့မှ ကလပ်အင်ဂရေ့ခ်ျ ဆောက်လုပ်ရေး ကုမ္ပဏီ(Clark & Graig co...)မှ တာဝန်ယူ တည်ဆောက်ပေးခဲ့ပြီး နာရီကြီးမှာ ၁၉၃၄ ခုနှစ်တွင် ပဉ္စမမြောက် ဂျော့ဘုရင် ၏ နန်းစံသက် ၂၅ နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် အင်္ဂလန်နိုင်ငံ ဂီးလက်အင် ဂျွန်ဆင်ကုမ္ပဏီ(Gillete  & Johnson Co.)မှ ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်မှ တစ်ခုအပါအ၀င် ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရ သည်။
“နာရီစင်ကြီးရဲ့ သက်တမ်းတစ်လျှောက်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါ နီး ၁၉၄၅ ခု မတ်လနဲ့ဧပြီလတွေမှာ ခေတ္တရပ်နား ထားဖူးတယ်။ အဲဒီအချိန်တုန်းက နာရီကြီးရဲ့ စက်ယန္တရားတွေကို ဖြုတ်ယူပြီး သံတိုသံစအဖြစ် ရောင်းခဲ့ကြတယ်။ အဲဒီမှာအမှတ် ၂၉ ဗြိတိသျှတပ်မက ဗိုလ်မှူးဒီမက်တို့ခ်ျ က သံတိုသံစ ၀ယ်တဲ့သူတွေကို ဖျောင်းဖျပြောဆိုပြီးတော့ ပြန်ယူနိုင်ခဲ့တယ်။ အဲဒီကနေ ပြန်လည်တပ်ဆင်နိုင် ခဲ့တာကြောင့် အခုချိန်မှာ မြို့ရဲ့ အမှတ်သင်္ကေတတစ်ခုအဖြစ် ရှိနေတာပါ”ဟု မေမြို့ချစ်ဆွေက ပြောပြ ပါသည်။
ပြင်ဦးလွင်နာရီသည် အမြင့် ၇၅ ပေရှိပြီး အရပ်လေးမျက်နှာမှ မြင်တွေ့နိုင်ရန်အတွက် ဒိုင်ခွက်အကျယ် လေးပေခွဲရှိ ဒိုင်ခွက်ကြီး ၄ ခု တပ်ဆင်ထားကြောင်း သိရသည်။ ၁၅ မိနစ်လျှင် တစ်ကြိမ် သံစုံကျူး ရင့်သည့် ခေါင်းလောင်းကြီးစဉ်ငယ် လိုက် (Westmister Chime) ၄ လုံးနှင့် တစ်နာရီထိုးတိုင်း အချက် ပြည့်တီးခတ်သည့် ခေါင်းလုံးကြီး တစ်လုံးပါ ၀င်သည်။ နာရီစက်များမှာ သံပတ်ဖြင့် လည်ပတ်ရခြင်းဖြစ်ပြီး ရက်သတ္တပတ်တစ်ပတ်လျှင် နှစ်ကြိမ် သံပတ်ပေးရကြောင်းလည်း သိရသည်။ နာရီတွင် တပ်ဆင်ထား သော ပစ္စည်း အစိတ်အပိုင်းများ၏ စုစုပေါင်းအလေးချိန်မှာ ၃ တန်ခန့်ရှိသည်ဟုလည်း သိရသည်။
နာရီစင်ကြီးကို ၁၉၃၆ ခုနှစ်မှ စ၍ ယနေ့အထိ ပြင်ဦးလွင်ရှိ အတ်ချားဘရားသား (Atcha Brother) နာရီဆိုင်မှ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။
ပြင်ဦးလွင်နာရီစင်ကြီးမှ ၁၅ မိနစ်တစ်ကြိမ် မြည်သည့် သံစဉ်တီးလုံး ၄ မျိုး၏ အဓိပ္ပာယ်မှာ-1. Lord, through this hour,2. Be thou our guide,3. So, by thy power,4. No food shall slide. တို့ဖြစ်သည်။
ပြင်ဦးလွင်မြို့ရှိ နာမည်ကျော် နာရီစင်ကြီး၏ သက်တမ်း စိန်ရတုတိုင်ခဲ့ပြီ ပြင်ဦးလွင်မြို့ရှိ နာမည်ကျော် နာရီစင်ကြီး၏ သက်တမ်း စိန်ရတုတိုင်ခဲ့ပြီ Reviewed by သစ်ထူးလွင် on 23:53 Rating: 5
Powered by Blogger.