ကိုကျော်တင့်နှင့်
မချိုလေး တို့က အနော်ရထာ လမ်းမကြီး လမ်းဘေး ပလက်ဖေါင်းများတွင်
ဈေးရောင်းကြသည်။ သစ်သီးဝလံများနှင့် ပေါင်မုံ့ ထောပတ်သုတ်၊ ယိုသုတ်ပြီး
ဘန်ပေါ်တွင် တင်ထားကာ လမ်းဘေး ပလက်ဖေါင်းများတွင် ရောင်းချကြသည်။ စည်ပင်သာယာ
ရဲများဖမ်းပါက ပြေးကြလွှားကြရ ပြန်သေး။ တနေ့လုပ်မှ တနေ့စားရကာ အေးအေးဆေးဆေး
လုပ်ကိုင်မစားကြရ။ ရှုံးလိုက်မြတ်လိုက် အကြွေးတင်လိုက် ရန်ဖြစ်လိုက်နှင့်
လုံးလည်ခြာလည် လိုက်နေကြသည်။ တခါတခါ မနက်စာနှင့်ညစာ တပေါင်းတည်း။
ကိုကျော်တင့်နှင့်
မချိုလေးတို့မှ “အေးမြင့်”ကို အိမ်ဖေါ်အဖြစ် ခေါ်လာသောအခါ ကျွန်တော်တို့
တမိသားလုံး အံ့ဩကြရသည်။ ကိုယ့်မိသားစု ထမင်းနပ်မှန်အောင် မနည်းရုန်း
နေရသူတို့က အိမ်ဖေါ်ထားမည်တဲ့။ တအံ့တဩ ဖြစ်ကြရသည်။ ဟိုအသား ဒီအသား မစားသော
ကိုကျော်တင့် တို့သည် ကျွန်တော်တို့မိသားစု ဘာကျွေးကျွေး မစားကြ။
ကျွန်တော်တို့ မိသားစုက တတ်နိုင်သမျှ ကူညီချင်သော်လည်း အထ, မမြောက်ခဲ့။
ယခု
မြစ်ဝကျွန်းပေါ် ဒေသတခုမှ ပထမဦးဆုံး အိမ်ဖေါ် လာလုပ်သော မအေးမြင့်နှင့်
စားရေးသောက်ရေး အစစ သူတို့ဘယ်လို စခန်းသွားကြမှာလဲ။ မကြာမီပင်
ကိုကျော်တင့်နှင့် မချိုလေးတို့၏ အိမ်ဖေါ်စီမံကိန်းကြီး အကောင်အထည်
ပေါ်လာသည်။ ထမင်းချက် ပုဂံဆေး အဝတ်လျော် ရေဖြည့် သန့်ရှင်းရေး ကလေးအကြီး
ကျောင်းပို့ကျောင်းကြို အငယ်ကို ထိန်း စသည်တို့အပြင်၊ လမ်းဘေး
ပလက်ဖေါင်းပေါ်တွင် တနေကုန် ဈေးရောင်းပေးနေရသော၊ ဖမ်းသူ ဆီးသူရှိပါက
ပြေးနေလွှားနေ ရသော “မအေးမြင့်၏ အနားမရှိ အလုပ်များ” ။ မဖြစ်စလောက် လစာလေးပင် “ပြန်မှပေးမည်” ဟူသော စကားနှင့်အတူ၊ အလုပ်ရှင်များ နည်းတူ၊ ထမင်းနပ် မမှန်ရှာသော လူလည်အကျခံ ခေါင်းပုံအဖြတ်ခံ ရန်ကုန်မြို့လယ်ခေါင်မှ မြစ်ဝကျွန်းပေါ်သူ အိမ်ဖေါ်မလေး “အေးမြင့်”။
“ဆရာရယ်၊ သင့်တော်တဲ့ တအိမ်ရှိရင် ပြောပေးပါ၊ အမေ ဆေးကုဘို့ပါ၊ ကောက်စိုက်တာကမှ
ထမင်းဝ ပါသေးတယ်၊ အမေ့ ဆေးဘိုးလေး ရရင် ရွာပြန်တော့မယ်၊ ” ဟူသော စကားများ
နှင့်အတူ မစ္စတာဒါဝိတ် နှင့်ဇနီး ဒေါ်ချယ်ရီ တို့၏ “အိမ်ဖေါ် တယောက်
အလိုရှိသည်” ဟူသော သူတို့ အာသီတကို စာရေးသူ အမှတ်ရ လိုက်မိသည်။
မစ္စတာဒါဝိတ်က
အန်ကယ်ဦးသုဝေ၊ ဦးရဲထွန်းတို့ အမှုတွဲ၊ ထောင်ထဲမှာ အတူနေ ခင်မင်ကြစဉ်
စာရေးသူလွတ်ရင် သူ့သားသမီးတွေ စာသင်ပေးပါဟု ဆိုသဖြင့် မစ္စတာဒါဝိတ်တို့
အိမ်တွင် စာရေးသူ တပတ်(၃)ရက် စာသင်ပေးနေချိန် ဖြစ်သည်။ အားလုံး
ပြောဆိုပြီးကြ သောအခါ၊ အေးမြင့် မစ္စတာဒါဝိတ် တို့အိမ် ရောက်သွားသည်။
အိမ်ဖေါ်လို သဘောမထားဘဲ ဆွေမျိုးရင်းချာလို သဘောထားကြသည့်
အိမ်ရှင်ကောင်းတို့၏ အလယ်တွင်၊ အချိန်တို ကလေးအတွင်း အေးမြင့် တယောက်
ကျန်းမာဝဖြိုး အလှတွေ တိုးလာသည်။ မစ္စတာဒါဝိတ် နှင့်ဇနီး ဒေါ်ချယ်ရီတို့၏
နံနက်စာတိုင်းတွင် အမြဲပါသည့် “နွားနို့ကို အေးမြင့်က ဘယ်တော့မှ မသောက်”
ဟူသော တိုင်ကြားချက် မှအပ အေးမြင့်အပေါ် အားလုံးကျေနပ် သဘောကျ ကြသည်။
စာရေးသူအဖို့လည်း အိမ်ရှင်အိမ်ဖေါ် နှစ်ဦးနှစ်ဖက် အဆင်ပြေကြသည့် “စေတနာ့
ဝန်ထမ်း အိမ်ဖေါ် ပွဲစားလုပ်ငန်း” ကိုအားရ ဂုဏ်ယူနေမိခဲ့သည်။
မကြာပါချေ။
အေးမြင့်နှင့် ပတ်သက်သော တိုင်ချက်တခု အိမ်ရှင်ဘက်က ဖွင့်ပြော လာသည်။
အကြောင်းမှာ “သူတို့၏ အပျိုအရွယ် သမီးနှစ်ယောက်ကို အေးမြင့်က မကြာခဏ မိန်းခလေးချင်း
အတင်းဖက်နမ်းသည့် ကိစ္စ ”။ ကြားကြားချင်း စာရေးသူ ခေါင်းကြီးသွားမိသည်။
အေးမြင့်၏ ထမီကို ကိုယ်လုံးပေါ်အောင်၊ ခါးသိမ်အောင် မဝတ်ဘဲ၊
မိန်းခလေးအများနှင့် မတူသည့် ရိုးစင်းလွန်းသည့် ထမီဝတ်ပုံ။ သူ၏
အပေါ်အင်္ကျီများ အောက်တွင် အရွယ်ရောက် ကျန်းမာရေးကောင်း မိန်းခလေးအများလို
ဖေါင်းကြွမနေ၊ ပြားချပ်ချပ် အနေအထား ကိုယ်လုံး အပေါ်ပိုင်း။ သွားပုံလာပုံ
ပြေးလွှားပုံ၊ စကားပြောပုံ။ “အေးမြင့် တယောက် ယောက္ကလျာ များလား၊ လိင်တွေ ဘာတွေများ ပြောင်းနေပြီလား၊ ဟို … ဒွိလိင် ဆိုတာများလား၊” လား ပေါင်းများစွာဖြင့် စာရေးသူ အကဲခပ် ဆန်းစစ်နေမိခဲ့သည်။
နောက် အေးမြင့်ကို နှစ်ယောက်ချင်း တွေ့ဆုံ မေးမြန်း ဆွေးနွေးကြည့်ရာတွင် “
ကျမ မိန်းကလေး အစစ်ပါ ” တဲ့။ “မကြိုက်ရင် နောက်မလုပ်တော့ပါဘူး” တဲ့။
အိမ်ဖေါ်ပွဲစား စာရေးသူ၏ ပွင့်ပွင့်လင်းလင်း ကြားဝင် စေ့စပ်မှုကြောင့် ပြဿနာ
ပြေလည်သွားခဲ့ရသည်။ အရာရာ အားနာတတ်သော ဒေါ်ချယ်ရီကိုလည်း ကျေနပ်စိတ်အေး စေခဲ့ရသည်။
ထို့နောက်
မိန်းကလေး ပိုပီသ လာသော အေးမြင့် အတွက်၊ အိမ်ရှင် ဒေါ်ချယ်ရီ တဦးတည်းက
ဖွင့်ပြောလာပြန်သည်။ အိမ်တအိမ်သို့ အလည်သွားကြရာတွင် အေးမြင့်က
ဒေါ်ချယ်ရီကို စေါင့်မခေါ်ဘဲ၊ ကားပေါ်မှ မြန်မြန်ဆင်းကာ ဒေါ်ချယ်ရီ၏ ခင်ပွန်း
မစ္စတာဒါဝိတ် နားကပ်ပြီး၊ အိမ်ထဲသို့ မစ္စတာဒါဝိတ် နှင့်အတူတွဲ၍
ကပ်လိုက်သွားသည့် ကိစ္စ။ “ မစ္စတာဒါဝိတ် နှင့် အေးမြင့် က လင်မယား၊ သူက အိမ်ဖေါ်လို ဖြစ်မနေဘူးလား”တဲ့။
စာရေးသူက
တုံ့ပြန်ပြောလိုက်သည်။ ဒေါ်ချယ်ရီ ကလည်း အရာရာ အားနာ မနေနဲ့၊ အလှတွေ
ဘာတွေပြင်၊ သူဌေးဖြစ်ပြီး ဝတ်ကောင်းစားလှတွေ ဘာတွေဝတ်လေ--၊ ကိုယ့်ယောက်ျားနား ကိုယ်က မြန်မြန်အမြဲကပ်ထား၊ တော်တော်ကြာ မစ္စတာဒါဝိတ် “ထောင် ထပ်ကျသွားဦးမယ်”။ “ဘာထောင်လဲ” ၊ “အိမ်ထောင်၊ ဒီတခါ ၅-ညနဲ့ အင်းစိန်ထောင် မဟုတ်ဘူး၊ အိမ်ထောင်ကျမှာ ဟားဟား-” ။
ထိုသို့ဖြင့်
တနှစ်ခန့်အကြာတွင် ရွာမှ အေးမြင့် အမေ အတော် နေမကောင်းကြောင်း၊
အကြောင်းကြားလာ၍ အေးမြင့် သူစုထားသည့် အိမ်ဖေါ် လစာ တော်တော်များများဖြင့်၊
ရွာပြန်သွားကြောင်း၊ ပြန်လာခဲ့မည် ပြောသော်လည်း အခုထိ ပြန်မလာသေးကြောင်း
မစ္စတာဒါဝိတ်၊ ဒေါ်ချယ်ရီတို့ထံမှ စာရေးသူ ကြားသိခဲ့ရသည်။ အေးမြင့်တယောက်
အိမ်ဖေါ်ဘဝမှ အစဉ်လွတ်မြောက်ပါစေ ဟု ဆုတောင်းပေးမိသည်။
++++++++++++
ရန်ကုန်မြို့လယ်ခေါင်မှ
နောက်ထပ် အိမ်ဖေါ်မလေးနှစ်ယောက်မှာ လင်းလင်းနှင့် မာမာအေး။ ၂လုံး၊ ၃လုံး
ထီဒိုင်၊ ဘောလုံးပွဲပေါင်းစုံ လောင်းကစားဒိုင်အိမ်တွင် အိမ်ဖေါ်လုပ်ကြရသည်။
ထိုအိမ်တွင် စာသွားသင်ရသော အိမ်ကျူရှင်ဆရာ စာရေးသူနှင့်
တွေ့ဆုံရင်းနှီးလာကြပြီး……မကြာမှီ။ ဒိုင်ကြီး၏ အနိုင်ရပါက ရက်ရောတတ်မှုကို
ချီးကျူးရ ကောင်းလေမလား စာရေးသူ တွေးဆနေဆဲ ……..မကြာမှီ။
“လင်းလင်းတယောက်
အိမ်ရှင်လောင်းကစား ဒိုင်ကြီး နှင့် ကိုယ်ဝန်ရှိ၊ တထောင်တန်
တအုပ်ပိုက်ပြီး အိမ်ပေါ်က ဆင်းသွားပြီ၊ ကျမလည်း မနက်ဖန်က စပြီး
ဒီအိမ်မှာမနေတော့ဘူး၊ ဆရာ တခြားအလုပ်တခုရှိရင်ပြောပေးပါ။ ဒီကောင်ကြီးက
စားနေကျ ကြောင်ပါးကြီး၊ ဒီအိမ်ပေါ် ရောက်လာတဲ့ အိမ်ဖေါ်မှန်သမျှ
အလွတ်မပေးဘူး။ အိမ်နီးနားချင်းတွေ အားလုံးလိုလို သိကြတယ်။ ကျမကိုလည်း
ညနက်လာရင် လာလာကြံ ဘူးတယ်။ ကျမက ခြေထောက်နဲ့ ဆောင့်ဆောင့်ကန်လို့၊
ဒီကောင်ကြီး လင်းလင်းဘက် ကူးသွားတာ။ သူ့မိန်းမကလည်း သူ့ယောကျာ်းဘက်က၊
သူ့ယောကျာ်းကို မကောင်းကြောင်းပြောရင် ဘယ်တော့မှ မယုံဘူး၊ သူကအမြဲ
ကာကာပေးတယ်။ လင်းလင်း မရှိရင် ကျမဘက် လှည့်ကြံတော့မယ်” လို့ ဆိုတယ်။
+++++++++++
သူ့အဖေ
၂-လုံးထီရှုံး၍ ပေါင်နှံထားသော လယ်များပြန်ရွေးရန် ပထမဦးဆုံး
အိမ်ဖေါ်လာလုပ်သည့် ကရင်တိုင်းရင်းသူလေး မာမာအေး။ မာမာအေးကို
အလုပ်ရှာပေးအပြီး တွေကြုံရသည်က ရန်ကုန်မြို့လည် ခြံကြီးတခြံမှ “အသေးလေးတို့
ညီအစ်မတတွေ”။
အသေးလေးက
အညာက။ အနီးဆုံးမြို့နဲ့ သူတို့ရွာက ၇-မိုင်လောက် ဝေးသည်တဲ့။ ပညာအရည်အချင်း
(၄)တန်းအောင်။ အသေးလေးတို့ တတွေ ကတော့ ကံကောင်းသည်။ အိမ်ဖေါ်ကို
ကိုယ့်သားသမီးလို သဘောထားသော အိမ်မှာနေရသည်။ စာရေးသူ “အချစ်”တို့၊ “ငုံးဥ”
တို့ကို စာသင်ပေးနေစဉ်မှာပင် အသေးလေးတို့က လက်ဘက်ရည်၊ ကော်ဖီ၊ အအေး၊ မုံ့
စသည်များလာရောက် ဧည့်ခံရင်း၊ ရင်းနှီးခွင့်ရခဲ့သည်။
ထို့နောက်
အိမ်ရှင် အမေစုက “ သူတို့မရှိသော အချိန်များတွင် နိုင်ငံခြားသား
အသိအကျွမ်းများ၏ တယ်လီဖုံးများကို နားလည်၍ ပြန်လည်ဖြေကြား ပေးနိုင်ယုံလောက်
” အသေးလေးကို အင်္ဂလိပ်စကားပြော သင်ပေးဘို့ ပြောလာသည်။ အင်္ဂလိပ်စာ
(၄)တန်းအောင် အထိ သင်ထားဘူးသော အသေးလေးကိုပင် အင်္ဂလိပ်စကားပြော သင်ပေးရသည်။
များမကြာမီ မဖတ်တတ် မရေးတတ်သော်လည်း၊ အင်္ဂလိပ် စကားပြောအချို့ကို
နားလည်ပြီး၊ မှန်မှန်ကန်ကန် ပြန်လည် ဖြေကြားတတ်လာသော အင်္ဂလိပ်စကားတတ် အညာသူ
အိမ်ဖေါ်မလေး အသေးလေး။ တဖက်က အိမ်ဖေါ်လုပ်ရင်း၊ တဖက်က
စာအုပ်နှင့်ဘောပင်ကိုင်ကာ ပညာရေးဆက်ခွင့်ရသည့် အသေးလေး။ အသေးလေး လုပ်အားခ
လစာများဖြင့် တနှစ်တခါ အညာပြန်လေ့ရှိခဲ့သည်။
အညာလက်ဆောင်တွေ
တပွေ့တပိုက်နှင့် ပြန်ရောက်လာပြီး စာဆက်သင်နေစဉ်တွင် အသေးလေး၏
စာအုပ်တအုပ်နောက်ကျော၊ စာတမျက်နှာ၌ “ အဘနဲ့အမ အတွက်က ဘယ်လောက်၊
အရီးကျော့နဲ့ဘထွေးလေး က ဘယ်မျှ၊ ရွာဦးဘုန်းဘုန်း နဝကမ္မ က ဘယ်ရွေ့ ၊ ”
စသည်ဖြင့်၊ အသေးလေး၏ “အညာအလှူငွေစာရင်း” ကို အမှတ်တမဲ့ တွေ့ရသည်။ ရန်ကုန်မြို့လယ်ခေါင်မှ ကံကောင်သူ အိမ်ဖေါ်မလေး အသေးလေးနှင့် အိမ်ရှင် အမေစု တို့ကို
သာဓုအကြိမ်ကြိမ် ခေါ်ခဲ့မိပါ၏။ အမေစု၏ညီမ အမေဖြူ၊ တပည့် စန္ဒာနှင့်သန္တာ
တို့အိမ်မှ “သတင်းစာ၊ ပုလင်း၊ အသုံးမလို တိုလီမိုလီများ
ရောင်းချနိုင်ခွင့်၊ ရောင်းရငွေများကို စုဆောင်းခွင့် အသုံးပြုခွင့်ရသဖြင့်
သိန်းချီ ချမ်းသာနေသော အမည်မမှတ်မိ အိမ်ဖေါ်မလေးနှင့် အိမ်ရှင်များ ကိုလည်း ကျေနပ်အားရ သာဓု ခေါ်နေမိခဲ့ပါ၏။
++++++
လာပါပြီ။ “လူပေါ်မှောက်ရက်၊ အသက်ထွက်”ဇာတ်လမ်း ။
စာသင်ပြီး
လမ်းမတော်ဘက်မှ သိမ်ကြီးဈေးဘက် ဘတ်စ်ကားစီးရန်၊ မဟာဗန္ဓုလလမ်း အတိုင်း
ရွှေဆိုင်များကို တဆိုင်ပြီးတဆိုင် ငေးပြီး လမ်းလျှောက်လာစဉ် လမ်းတလမ်းထိပ်၌
လူတွေအုံနေသဖြင့် စာရေးသူ လန်ထောင်စပ်စုလေး၊ စပ်စု ကြည့်လိုက်မိသည်။
ဆိုက်ကား ဆရာကြီး အဘ ဦးသိန်းဟန်က……။
“ အဲ့ဒါဘဲ ကျောင်းဆရာရေ-၊
အဲ့ဒီ အသက်(၆၀)ကျော် ထောင်ကဲကြီး ဟို လှေခါးရင်းမှာ ကြောက်လွန်းလို့
ထိုင်ငိုနေတဲ့ အိမ်ဖေါ်ကောင်မလေးရဲ့ အပေါ်မှာတင်၊ “ လူပေါ်မှောက်ရက်၊
အသက်ထွက်” သွားရှာတာဘဲ။ ဒီနားတဝိုက်မှာ ဒါတွေ ခဏခဏ ကြားရတတ်တယ်။
မဆန်းပါဘူးကွာ” တဲ့။
ထိုနောက်
အဘ ဦးသိန်းဟန် ကပင် ရင်ဖွင့်လာသည်။ “မကြာခင် လာပါတော့မယ်ကွာ၊
ကားကောင်းကြီးတွေနဲ့၊ ထောင်ကဲကြီးရဲ့ သားသမီးတွေ၊ ဗိုလ်ချုပ်တွေရဲ့
စီးပွားဖက် လုပ်ငန်းရှင်ကြီးတွေ၊ သူတို့ အဖေကြီးကို တိုင်းရင်းသူ၊ အညာသူ
အိမ်ဖေါ်မလေးတွေနဲ့ ခဏခဏ ပေးစားနေတဲ့ မဟုတ်တယုတ် အကောင်တွေ၊ ကောင်မတွေ။ ”
စာရေးသူ
အမြန်လစ်ထွက်ခဲ့ရသည်။ ဘတ်စ်ကားဂိတ်တွင် ကားစေါင့်ရင်း “ လု အန်းကြိတ်က ဝ
ပေါ် မှာတင် အသက်ထွက် သွားတာ” (“ မင်းရဲ့ ဦးလေး က ငါ့အပေါ်မှာတင်
အသက်ထွက်သွားတာ” ) ဟုဆိုခဲ့ဘူးသော ရင်းနှီးသူ အန်းစို့ (ဒေါ်လေး) တဦး၏
ပြောစကားများ။
တပည့်ဖြစ်သူများ ဖြစ်ကြသည့် ဘုန်းရွှေ၊ တိုးရွှေ တို့၏ ဖခင်၊ တိုင်းရင်းသူ
အိမ်ဖေါ် တောင့်တောင့်တင်းတင်းလေးနှင့် အနေမတတ်ကြသဖြင့်၊ အသက်တို
သွားရရှာသော အန်ကယ်ကြီး တို့ကို မြင်ယောင် သတိရမှုများ၊ “ဝ ကို မိန်းမ
ပေးစားဦးလေ--”ဆိုသည့် အရမ်းအရမ်း ချစ်တတ်သည့် ပေါက်ဖေါ်ကြီး တယောက်၏ သူ၏
သားသမီးများကို ပူဆာနေသံများ၊ ကြားယောင် မြင်ယောင်မိခဲ့ရသည်။ ထိုမှဆက်၍
ဒီမိုကရေစီခေတ် “စည်းကမ်းတကျ အိမ်ဖေါ်လုပ်ငန်း”၊ “အိမ်ဖေါ် အလုပ်သမားသမဂ္ဂ
အမြန်ဆုံး ပေါ်ပေါက်ရေး”၊ “အိမ်ဖေါ် ကာကွယ်မှု ဥပဒေ” စသည်တို့ကို ဒဂုံမြို့သစ် မြောက်ပိုင်း သို့ ဘတ်စ်ကား ရောက်သည် အထိ၊ အတွေးနယ်ချဲ့မိခဲ့ရသည်။
++++++++++
ထို့နောက်တွင်
ရုပ်ရှင်မင်းသမီး ခင်သန်းနု ငယ်စဉ်က ဒီလိုနေမှာဘဲ ဟုပြောရ လောက်အောင်၊
ချောနုစိုပြေ လှသည့် မွန်တိုင်းရင်းသူ (၁၄)နှစ်သမီးလေး “ခင်သန်းနု” ။ တပည့်
ကျော်ကိုကိုဇင်တို့ ခိုင်မာ တို့ကို စာသင်ပေးရင်း
တွေ့ကြုံခဲ့ရသည်။ “ အမေက ထိုင်းမှာ အလုပ် သွားမလုပ်ရဘူး၊ ရန်ကုန်မှာဘဲ
လုပ်ရမယ် ဆိုသော၊ ထိုင်းမှာ အလုပ်လုပ်ချင်ခဲ့သော “ ခင်သန်းနု” ။
ကျော်ကိုကိုဇင်တို့ အမေက အဖက်ဖက်က တွေးပြီး ပြန်ပို့ လိုက်သောအခါ၊ ခေတ္တ ခဏ
ရန်ကုန်မြို့လယ်ခေါင်တွင် အိမ်ဖေါ်ဖြစ်ခဲ့ဘူးသော ခင်သန်းနု။ ထိုင်းနိုင်ငံရောက်
သွားပြီလား၊ စာရေးသူစိုးရိမ် မိခဲ့ဘူးသည်။ ခင်သန်းနု တယောက်
လူကုန်ကူးသူများ ဘေးမှ ကင်းလွတ်ပါစေ။ ဟုလည်း မကြာခဏ သတိတရ ဆုတောင်းမိရသည်။
+++++++++
“ရွှေဆွဲကြိုးကြီး ဇာတ်လမ်း” ကမူ
ကိုယ်တွေ့ မဟုတ်ဘဲ၊ တဆင့်ကြား ဖြစ်သည်။ အိမ်ရှင် လူပျိုကောင်လေးက အိမ်ဖေါ်
ကောင်မလေးကို အကြံကြီးကြံနေသည်။ အလိုမတူသော ကောင်မလေးက ကောင်လေး၏ မိဘများ၊
အစ်မများကို ခဏခဏ တိုင်ကြားသည်ဆို၏။
သို့သော်
ကောင်လေး၏မိဘ၊ အစ်မများက အရေးတကြီးကိစ္စဟု သဘောမထားကြ။ တနေ့တွင် ကောင်လေး၏
ဖွားဖွားကြီး ရွှေဆွဲကြိုးကြီးများ အထပ်ထပ်ဆွဲ၊ တကိုယ်လုံး ရတနာတွေ
အပြည့်ဖြင့်၊ ရန်ကုန်မြို့လယ် ကောင်လေးတို့၏ တိုက်ခန်းသို့ အလည်ရောက်နေစဉ်
ဖြစ်သည်။
လူကြီးမိဘများ
ဧည့်ခန်းတွင် စကားပြောနေစဉ် ရေချိုးခန်းမှ ရေချိုးပြီး ပြန်ထွက်လာသော
ထမီရင်လျားနဲ့ ကောင်မလေးကို ကောင်လေးက အကြမ်းဖက်၍ အပိုင်ကြိုးစားသည်။
ကောင်မလေးက ရုန်းကန်အော်ဟစ်ပြီး၊ အိမ်ရှေ့ဧည့်ခန်းသို့ ပြေးထွက်လာသည်။
ငိုကြီးချက်မ နဲ့ “ဖွားဖွားကြီးရယ်--၊ ကယ်ပါဦး၊ အစ်ကိုလေး ကျမကို
မကောင်းကြံတယ်။ အခုလို ခဏခဏဘဲ ကြံစည်နေတာဘဲ။ အမေကြီးနဲ့ အစ်မကြီးတွေကလည်း၊
မဆုံးမကြဘူး၊ ကျမ အမျိုးသမီးရေးရာကို တိုင်ချင်တယ်။ ဖွားဖွားကြီး ကယ်ပါဦး၊
ကူပါဦး။” အဖွားကြီးကို အသံကျယ်ကျယ်ဖြင့် ငိုယိုတောင်းပန် အကူအညီတောင်းသည်။
အိမ်ဖေါ် ကောင်မလေး၏ အသံမှာ အတော်လေး ကျယ်သွားသဖြင့်၊
မျက်နှာချင်းဆိုင်နှင့် ဟိုဘက်ဒီဘက် တိုက်ခန်းများ၊ လမ်းသွား လမ်းလာများက၊
နားစွင့် စူးစမ်းကြသည်။
ဖွားဖွားကြီး
ရုတ်တရက် လန့်ဖြန့်သွားပြီး၊ အတန်ကြာမှ၊ “ အို-ဟဲ့ကောင်မရဲ့၊ ငါက
အမျိုးသမီးရေးရာ အဖွဲ့ကဘဲ-၊ လာ အိမ်နောက်ဖေးကိုလာ၊ ငါဖြေရှင်းပေးမယ်။ ”
ဆိုပြီး အိမ်ဖေါ် ကောင်မလေးကို၊ အိမ်နောက်ဖေးသို့ အတင်းဆွဲခေါ်၊
သူ့လည်ပင်းမှာ ဆွဲထားသည့် ရွှေဆွဲကြိုးကြီးတကုံးကို ကောင်မလေး
လည်ပင်းစွတ်ပေးပြီး၊ “ညည်း အဝတ်အစားလဲပြီး ကိုယ့်ပစ္စည်းကိုယ်ယူ၊
ငါတို့အိမ်က အခုဆင်းသွား”တဲ့။
ဤရွှေဆွဲကြိုးကြီ
းဇါတ်လမ်းကို စာရေးသူ ကြားရစဉ်က “ အဖွားကြီးက အမျိုးသမီးရေးရာ အတုကြီးလား၊
ရွှေဆွဲကြိုးကြီး ကလည်း ရွှေရည်စိမ် အတုကြီးလား၊ အိမ်ဖေါ်မလေး ကရော
ဒီယုန်မြင်လို့ ဒီခြုံထွင် ဇာတ်လမ်းအတု သရုပ်ဆောင်မှုကြီးလား၊” ဟု
တွေးနေမိခဲ့ဘူးပါ၏။
+++++++++++
ရန်ကုန်မြို့လယ်ခေါင်မှ
အိမ်ဖေါ်မလေးများကို တွေးမိလေတိုင်း၊ တပည့်တဦး၏ အစ်ကို…..၊ ကွယ်လွန်သူ
သူဌေးသား၊ ဆေးသမား၊ အစ်ကိုကြီးကို တဖက်သတ်စွဲလန်း လွမ်းဆွတ်ရင်း၊
အစ်ကိုကြီး သင်ပေးမှုကြောင့် တတ်ခဲ့ရသည့်၊ “ဒါက ဒီအခွေက ဟ ခွေ၊ ဒါက ဖူးခွေ၊ ”
( Half , Full ) ဟု ညစ်ညမ်း ဗီဒီယိုခွေများကို မပီမသ ပြောတတ်ခြင်းသာ အဖတ်တင် ခဲ့ရရှာသော အိမ်ဖေါ်မလေး မစိန်စိန် ကိုသတိရမိပါသည်။
“ နင်က ငါ့လို
ရွှေဝတ်ချင်ရင်၊ အန်ကယ်ဘော့စ်ကြီး မူးလာရင် နင် ငါ့လို ဘော့စ်ကြီးကို
အိပ်ယာထဲ တွဲခေါ်၊ အင်္ကျီ ဘောင်းဘီတွေ ချွတ်ပေး၊ အသစ်လဲပေး။ သူ့စိတ်ကြိုက်
အကုန်လုပ်ပေး” ဟု အိမ်ကျူရှင်ဆရာ စာရေးသူရှေ့တွင် မရှက်မကြောက် တိုက်တွန်း
တိုင်ပင်နေကြသည့် အမည်မမှတ်မိ အိမ်ဖေါ်မလေး နှစ်ယောက်။
အပ်ချုပ်စက်တလုံး၏
တန်ဘိုးကို မေးမြန်းပြီး အပ်ချုပ်စက်ဘိုး ရရင် ရွာပြန်မည် ဆိုသော
ရန်ကုန်မြို့လည် ခုနှစ်လွှာတိုက်ခန်း မြင့်ကြီးပေါ်တွင် အိမ်ရှင်များ
ပြန်မလာမချင်း၊ တနေကုန် တယောက်ထဲ သော့ပိတ်အကျဉ်းချ ခံထားရသော
အိမ်ဖေါ်မလေးတယောက်။
တံတားနီ
အရေးအခင်းတွင် အသက်ဘေးမှ လွတ်အောင် ပြေးနိုင်ခဲ့သော်လည်း၊ အိမ်ဖေါ်မလေး
တယောက်၏ မာယာကျော့ကွင်းမှ လွတ်အောင် မပြေးနိုင်ခဲ့ဘဲ အိမ်ထောင်ပြိုကွဲ၊
အိမ်ထောင်သစ်တည်၊ တပည့် မောင်အေးနိုင်နှင့် အိမ်ဖေါ်တဖြစ်လဲ အိမ်ကြီးရှင်မ….မအိတုံ။
ဘောင်းဘီဝတ်
အချို့တို့၏ မွေးစားသည်ဟုဆိုကာ တသက်လုံးအပိုင်၊ လုပ်အားလခ မပေး၊
အခိုင်းခံနေရဆဲ ဖြစ်သည့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တသက် အမိန့်ချခံ၊
ငွေဝယ်ကျွန် တိုင်းရင်းသူ အိမ်ဖေါ်မလေးများ ---စသည်တို့ကိုလည်း
သတိရမိလေ့ရှိပါသည်။
++++++++
ဤဆောင်းပါးကို
နိဂုံးမချုပ်မှီ၊ ရန်ကုန်မြို့လယ် လမ်းမတော်လမ်း နှင့် မဟာဗန္ဓုလ
လမ်းဒေါင့် သုံးထပ်တိုက်ကြီးတွင် လွန်ခဲ့သောနှစ်(၄၀)ကျော်၊
အိမ်ဖေါ်များနှင့် အတူ နေခဲ့ရစဉ်က စာရေးသူ ကျူးလွန်မိခဲ့ဘူးသော အပြစ်များကို
တောင်းပန်ခွင့် ပြုစေလိုပါသည်။
ထိုစဉ်က
ရန်ကုန်တဖက်ကမ်း ရွာတရွာမှ၊ သားအမိနှစ်ယောက် စာရေးသူတို့အိမ်တွင် လာရောက်
အလုပ်လုပ်ခဲ့ကြပါသည်။ သမီးဖြစ်သူ မအုံးတင် မှာ အသက် ၁၅၊ ၁၆
နှစ်ခန့်ရှိပြီး၊ စာရေးသူထက် အသက် ၂နှစ် ၃နှစ်ခန့်ကြီးပါသည်။ ထိုသမီးဖြစ်သူ
အိမ်ဖေါ်မအုံးတင်ကို စာရေးသူ လူပျိုပေါက်စ မှ၊ အတင်းကပ်ထိုင်ခြင်း၊
မတော်တဆလိုလိုနှင့် လူချင်းတိုက်မိအောင် တမင်လုပ်ခြင်း၊
များပြုလုပ်ခဲ့မိဘူးပါသည်။ စာရေးသူအမေမှ မြင်တွေ့ရိပ်မိသောအခါ… “အဖြူ၊ နင် အကျင့်မယုတ်နဲ့ အမေမကြိုက်ဘူး” ဟု ဆုံးမမှ စာရေးသူ နောက်ထပ်မလုပ်ဝံ့တော့ပါ။
နောက်ထပ်ပြစ်မှုတခုမှာ၊
မအုံးတင်အပါအဝင် စာရေးသူတို့ မောင်နှမတစု တယောက် ပုလင်းတလုံးစီနှင့်
အလှငါးလေးများ တယောက်တကောင်စီ မွေးမြူခဲ့ကြပါသည်။ စာရေးသူ မွေးထားသော
ငါးကလေး သေဆုံးသွာသောအခါ၊ မအုံးတင် မွေးထားသော ငါးကလေးကို စာရေးသူက
မအုံးတင်ထံမှ မရမက တောင်းခံပါတော့သည်။ သူ ပင်ပင်ပမ်းပမ်း မွေးမြူထားသော
ငါးကလေးဖြစ်၍၎င်း၊ သူကိုယ်တိုင်လည်း ဆယ်ကျော်သက်သာ ဖြစ်၍၎င်း၊ စာရေးသူမှ သူ့ကို မောင်နှမအရင်းလို သဘောမထားဘဲ အကြပ်ကိုင် ဗိုလ်ကျမှုကို ဆန့်ကျင်၍၎င်း၊ ပုလင်းရော ငါးကလေးပါ၊ နောက်ဘေးလမ်းကြားသို့၊ အိမ်ပေါ်ထပ်မှ ဒေါသတကြီး လွှင့်ပစ်လိုက်ပါတော့သည်။
စာရေးသူ
ရုတ်တရက် အံ့အားသင့်သွားပြီး၊ နောက်ဘေးလမ်းကြားသို့ အတင်း ပြေးဆင်းကာ၊
ငါးကလေးကို သွားကြည့်ရာတွင် ပုလင်းကွဲများ အကြား၌ ငါးကလေး သေဆုံးနေပြီ
ဖြစ်ပါသည်။ ဤငယ်စဉ်ကစ၍ သတိရတိုင်း ရင်နင့် နေခဲ့ရသော အိမ်ဖေါ်ကလေးတယောက်
အပေါ် စာရေးသူ ကျူးလွန်ခဲ့သည့်ပြစ်မှု သည် ယနေ့အချိန်အထိ စာရေးသူအား
အမြဲခြောက်လှန့်နေပါသည်။ သတိရတိုင်းလည်း ခွင့်လွှတ်ကြရန် တောင်းပန်
နေမိခဲ့ပါသည်။
အိမ်ဖေါ်မလေးများ
အပါအဝင်၊ အိမ်စေါင့်ခြံစေါင့်၊ မာလီ ထမင်းချက် အဝတ်လျှော်၊ ဒရိုက်ဘာ စသော
အိမ်တွင်း အလုပ်သမားများအပေါ် ယနေ့ခေတ်တွင်၊ ၎င်းတို့နှင့် ဘဝတူ ဟုပြောနိုင်သည့် အိမ်ကျူရှင်ဆရာ စာရေးသူမှ ကိုယ်နှုတ်စိတ်တို့ဖြင့် ပြစ်မှားမိသမျှ ခွင့်လွှတ်ကြရန်လည်း ဤဆောင်းပါးမှတဆင့် တောင်းပန်ပါသည်။
အိမ်တွင်း
အလုပ်သမားများတွင် အပါအဝင်ဖြစ်သော အိမ်ဖေါ်မလေးများ သည်လည်း၊
သွေးနှင့်ကိုယ်၊ သားနှင့်ကိုယ်၊ လူသား စင်စစ်များဖြစ်ကြပြီး၊ လူတို့တွင်
ဖြစ်လေ့ဖြစ်ထ ရှိသော၊ စိတ်အမျိုးမျိုး ရှိကြကြောင်း၊ အသက်အရွယ်အလိုက် အသိ
တိုးခဲ့ရပါသည်။
လူတို့
ရရှိခံစားထိုက်သော လူ့အခွင့်အရေးများ ကိုလည်း၊ ချန်လှပ်မထားဘဲ ခံစားထိုက်
သူများပင် ဖြစ်ကြောင်းလည်း၊ အသက်ကြီးလေ သဘောပေါက်လေ၊ ဖြစ်ခဲ့ရပြန်သည်။
ထို့ကြောင့် အိမ်ဖေါ်မလေးများကို ငွေဝယ်ကျွန်။ လိင်ကျွန်လို သဘောမထားကြဘဲ၊
“မိမိကိုယ်တိုင် ” ကျွန်ပိုင်ရှင် ဖြစ်လိုသည့် “ကျွန်စိတ်များ မမွေးကြဘဲ”
အလုပ်ရှင် အလုပ်သမား စိတ်ဓါတ်ကောင်း များ၊ လူလူချင်းစာနာမှု
စိတ်ဓါတ်ကောင်းများ၊ မွေးမြူယိုင်းပင်း နိုင်ကြရေး၊ စာရေးသူ
တွေ့ကြုံကြားသိ ခဲ့ဘူးသည့် ရန်ကုန်မြို့လယ်ခေါင်မှ အိမ်ဖေါ်မလေးများ
အကြောင်း တစေ့တစေါင်းကို ဤသို့ မျှဝေရသည်။ ။
ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေးဖြင့်၊ အေးငြိမ်းချမ်းသာ ရကြပါစေ။
လန်ထောင်စပ်စုလေး
ရန်ကုန်မြို့လယ်ခေါင်မှ အိမ်ဖေါ်မလေးများ
Reviewed by သစ်ထူးလွင်
on
22:18
Rating: