နေပြည်တော်
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ခိုးယူမှု
အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“နေပြည်တော်မှာ
ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်သွားတယ်။ ဘယ်လိုဖြစ်လဲ ဆိုတော့ တချို့ဌာနတွေက
ကျုပ်တို့ကိုလည်း အစိုးရက ငွေမပေးတော့ဘူး။ မင်းတို့လည်း လိုတာရှိရင်
ဒီထဲမှာ ရှိတဲ့ပစ္စည်းတွေ ရောင်းစားဆိုတော့ လုပ်ငန်းခွင်ထဲမှာရှိတဲ့
ပစ္စည်းတွေကို ခိုးရောင်းကြတယ်။ ကျနော်တို့ ရှေ့မှာတင် သုံးလေးမှုလောက်
ဖြစ်နေပြီ။ အစိုးရ အဆောက်အဦနဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ
အကုန်ရပ်နေတယ်။ ပုဂ္ဂလိကတွေကတော့ လုပ်နေတယ်။ ပုဂ္ဂလိကထဲက ပစ္စည်းတွေ
သွားခိုးတော့ အဖမ်းခံရတာ။”
နေပြည်တော်က
အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း အခုလို
ခိုးယူမှုတွေ နေ့တိုင်းလိုလို ဖြစ်ပွားလာတာလို့ ဆိုပါတယ်။
အစိုးရ
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ငန်းတွေရပ်လိုက်တာကြောင့် နေ့စားနဲ့
ယာယီလုပ်သားတွေဟာ တချို့လည်း နေရပ်ပြန်ကြပြီး ကျန်ခဲ့သူတွေက ခိုးမှုတွေ
ကျုးလွန်ကြတာလို့ ပြောပါတယ်။
“အိုးနဲ့အိမ်နဲ့
ရှိတဲ့လူတွေပြန်သွားတာ။ တချို့က မိုးတွင်းဆိုတော့ ကောက်စိုက်မယ်
ဆိုပြီးပြန်သွားကြတာ။ တချို့ကလည်း မရှိမှမရှိတာ။ ရွှေ့ပြောင်း
အလုပ်သမားတွေကို။ မရှိတဲ့လူတွေက ဒီကလည်းမပြန်နိုင်၊ အလုပ်ကလည်း မရဆိုတော့
ရှိတဲ့ပစ္စည်းတွေ အကုန် သံတိုသံစ၊ သွပ် အဲဒါမျိုးတွေပေါ့။
သူတို့နိုင်တဲ့ဟာတော့ ဆိုက်ကားနဲ့တင်လာ။ သုံးဘီးနဲ့တင်လာ အဲလိုမျိုးတွေနဲ့
ခိုးရောင်းရတာပေါ့။”
နှစ်လုံး
သုံးလုံး လောင်းကစားတွေ နှိမ်နင်း ဖမ်းဆီးမှု ပြုလုပ်ပြီးနောက်ပိုင်းမှာ
ခိုးမှုတွေ ပိုများလာတာဖြစ်ကြောင်းလည်း ရဲဘက်က သုံးသပ်ပြောဆိုတယ်လို့
နေပြည်တော်ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။
နေပြည်တော်က အစိုးရဆောက်လုပ်ရေး လုပ်ငန်းတွေကို ဘတ်ဂျက် အခြေအနေ အရ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစပြီး ရပ်နားခဲ့ပါတယ်။
လက်ရှိမှာ ပုဂ္ဂလိက၊ ကန်ထရိုက်နဲ့ ဟိုတယ်ဇုန် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောက်လုပ်နေကြတာ ဖြစ်ပါတယ်။
နေပြည်တော် ဆောက်လုပ်ရေးပစ္စည်း ခိုးယူမှု ဆက်တိုက် ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
21:25
Rating: