ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် သမ္မတအကြံပေးအဖွဲ့နှင့် ပညာရှင်များ အစုအဖွဲ့ ပူးပေါင်းဆောင်ရွက်နေ
နိုင်ငံခြားငွေလဲနှုန်းနှင့် ဘဏ်တိုးနှုန်းအပါအ၀င် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်နိုင်ရန်အတွက် သမ္မတအကြံပေးအဖွဲ့နှင့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများ ပူးပေါင်း ဆောင်ရွက်နေကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်သော အထူးအစည်းအဝေးကို သြဂုတ်လ ဒုတိယပတ် ကုန်ဆုံးချိန် တွင် ကျင်းပသွားရန်ရှိကြောင်း သိရပါသည်။ အစိုးရအဖွဲ့နှင့် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားငွေလဲနှုန်းနှင့် ဘဏ်တိုးနှုန်းအပါအ၀င် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍကို ပိုမိုကောင်းမွန် စေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်သည်ဟု ယူဆထားကြပြီး တည်ငြိမ်မှုနှင့် စိတ်ချလုံခြုံမှုရှိသော ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး ကဏ္ဍ ဖြစ်စေရန် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
ထိုသို့ နိုင်ငံခြားငွေလဲနှုန်း၊ မြန်မာကျပ်ငွေတန်ဖိုးနှင့် ဘဏ်တိုးနှုန်း စသည့် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကိစ္စရပ်များကို ခေတ်နှင့် လျော်ညီသော အခြေအနေများ ဖြစ်စေရန် ဆောင်ရွက်ရာတွင် လက်ရှိစီးပွားရေး အနေအထား၊ မျှော်မှန်းထားသော စီးပွားရေး အခြေအနေ၊ နိုင်ငံတွင်း လည်ပတ်နေသော ငွေကြေးစီးဆင်း မှု၊ ကုန်ဈေးနှုန်း၊ ကုန်သွယ်ရေး ပမာဏ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စသည်တို့ဖြင့် ဘက်ပေါင်းစုံမှ ချိန်ဆဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ပါသည်။
ပါမောက္ခချုပ်(ငြိမ်း)ဦးမော်သန်း က “နိုင်ငံရဲ့ငွေလဲနှုန်းထားတစ်ခု သတ်မှတ်တယ်ဆိုရင် ထိန်းနိုင်ဖို့က အဓိ က ကျတယ်။ မထိန်းနိုင်ဘူးဆိုရင် ကမောက်ကမ ဖြစ်နိုင်တယ်။ သဘာဝကျတဲ့နှုန်းထား ဖြစ်တယ်ဆိုရင် ကိုယ်ဘယ်လောက်လုပ်လို့ ဘယ်လောက်ကျမယ် ဆိုတာပေါ့။ သတ်မှတ်တဲ့နှုန်းက တကယ်ဝယ်နိုင် ရောင်းနိုင်မှ အဓိပ္ပာယ်ရှိမှာ။ နှုန်းရှင် သတ်မှတ်တယ်ဆိုရင် ဈေးကွက်ရဲ့ ရောင်းလိုအား၊ ၀ယ်လိုအားအရ ပြောင်းလဲမှု ပိုပီပြင်နိုင်တယ်။ တစ်ခုက နှုန်းသေဆို အဲဒီနှုန်းအတိုင်း ထိန်းနိုင်ဖို့ ပိုအားစိုက်ရမယ်။ ဘယ်လိုပဲ ပြုပြင်ပြောင်းလဲမှုလုပ်လုပ် ထိန်းကျောင်းနိုင်ဖို့လိုတယ်။ အရပ်ရပ် ပစ္စည်းဈေးနှုန်းနဲ့ ညီမျှအောင် လုပ်နိုင်ဖို့ လိုပါတယ်။ အားလုံးကို ဘက်ပေါင်းစုံက စဉ်းစားပြီး အဖြေရှာသွားရမှာပါ။ ဘဏ်တိုးနှုန်းကိစ္စကလည်း ဒီလိုပါပဲ။ ဘက်ပေါင်းစုံက မစဉ်းစားဘဲ လျှော့လိုက်ရင် အများ ပြည်သူအတွက် အန္တရာယ်များနိုင်တယ်။ ကုန်ဈေးနှုန်း အဆမတန်မြင့် တက်လာရင် လူတွေ ဒုက္ခရောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ပြုပြင် ပြောင်းလဲမှုကတော့ လိုအပ်ရင် လုပ် ကို လုပ်ရမှာပါ။ ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းရှိရင် အများပြည်သူ အဆင်ပြေစေတဲ့ ရလဒ်တွေထွက်လာမှာပါ”ဟု ထင်မြင်ချက်ပေးပါသည်။
ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုတိယ ဥက္ကဋ္ဌတစ်ဦးကလည်း “ဘဏ္ဍာရေး နဲ့ ငွေရေးကြေးရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲမှု လုပ်သင့်တာကြာပါပြီ။ နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားငွေလဲနှုန်းက ခေတ်နဲ့လျော်ညီတဲ့ အခြေအနေ ဖြစ်သင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုး သတ်မှတ်တဲ့နေရာမှာ အမျိုးမျိုးရှိပေမယ့် အဓိကနှစ်မျိုး ရှိပါတယ်။ တစ်ခုက နှုန်းတစ်ခု သတ်မှတ်ပြီး ခိုင်မာတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံခြား ငွေကြေးတစ်ခုနဲ့ တွဲချိတ်ထားတဲ့နည်းပါ။ နောက်တစ်နည်းက နှုန်းထားတစ်ခု မသတ်မှတ်ဘဲ ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး သီးခြားလွတ်လပ်စွာ တွက်တဲ့နည်းပါ။ ဘယ်လိုနည်းပဲ ဖြစ်ဖြစ် ထိန်းကျောင်းနိုင်တဲ့ ကျွမ်းကျင်မှုရှိဖို့ လိုပါတယ်။ ဈေးကွက်အခြေအနေနဲ့ ၀ယ်လိုအား၊ ရောင်းလိုအားအပေါ် မူတည်ပြီး အမျိုးမျိုးပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်ရပါမယ်။ ဘဏ်တိုးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်း၊ အခွန်၊ ငွေကြေးစီးဆင်းမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစတာတွေက အားလုံး ဆက်စပ်နေတာပါ။ တစ်ခုလုံးကို ခြုံငုံစဉ်းစားဖို့လိုပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ကဏ္ဍကို အရင်ပြောင်းနိုင်ဖို့လိုပါတယ်။ ဒီကဏ္ဍကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် ကျန်တဲ့ ပြောင်းလဲမှုတွေမှာ ထိရောက်မှုနည်းသွားမှာ ဖြစ်ပါတယ်”ဟု ရှင်းပြပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိတရားဝင် သတ်မှတ်ထားသော ငွေလဲနှုန်းမှာ ၆ ကျပ် ၀န်းကျင်ဖြစ်ပြီး ထိုနှုန်းထားဖြင့် လုပ်ငန်းများ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ပြင် အဆိုပါငွေလဲနှုန်းဖြင့် လုပ်ငန်း ကုန်ကျစရိတ်များ၊ အမြတ်အစွန်းများကို လက်တွေ့တွက်ချက် လုပ်ကိုင်ရန် ခက်ခဲစေသည့်အပြင် အစိုးရ ၏ ထင်သာမြင်သာရှိမှုကိုလည်း လျော့ပါးစေကြောင်း၊ အခြားတစ်ဖက်တွင်လည်း အခွင့်အရေးရယူသော အခွင့်ထူးခံ လူတန်းစားများက အဆိုပါငွေလဲနှုန်းဖြင့် နိုင်ငံခြားငွေကြေး သုံးစွဲခွင့်ရသွားနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်သောကြောင့် နိုင်ငံ့ဘဏ္ဍာနှင့် အများပြည်သူ ထိခိုက်စေနိုင်ကြောင်း ပညာရှင်များ က ထင်မြင်သုံးသပ်ပါသည်။
ပါမောက္ခ ဒေါ်လှမြင့်ကလည်း “ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးကဏ္ဍ က ပြောင်းလဲဖို့လိုတဲ့အတွက် ပြုပြင် သွားရမှာပါ။ တစ်ခုတည်း စဉ်းစားလို့မရနိုင်တာကြောင့် အဘက်ဘက် က ချိန်ဆ ဆောင်ရွက်ဖို့ လိုပါတယ်။ ပြုပြင်နိုင်တဲ့ ကျွမ်းကျင်မှုရှိပြီး ပဲ့ကိုင်နိုင်စွမ်းရှိရင် အားလုံးအဆင်ပြေနိုင်ပါတယ်။ အခု မြန်မာငွေကြေးက SDR(Special Drawing Rights) နဲ့ ချိတ်ဆက်ပြီး နှုန်းသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီနှုန်းထားက လက်တွေ့အခြေအနေနဲ့ရော ခေတ်နဲ့ပါ မလျော်ညီတာကြောင့် ပြောင်းလဲဖို့ ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်။ အခြေအနေနဲ့လျော်ညီတဲ့ ဘဏ္ဍာရေး နဲ့ငွေရေးကြေးရေး အနေအထားတွေ ဖြစ်လာရင် ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပါအ၀င် စီးပွားရေး အခြေအနေကို မြှင့်တင်နိုင်ဖို့ ရှိပါတယ်။ နိုင်ငံခြား ရ-သုံးငွေ ကိစ္စတွေ၊ အစိုးရဘဏ္ဍာရေး ရ-သုံး ငွေကိစ္စတွေကိုလည်း ပိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ်အစွန်း နှစ်ဖက် မရောက်အောင် ပြင်ဆင်ရမှာပါ။ ပြောင်းလဲချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လာမယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြော ကြားပါသည်။
ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် သမ္မတအကြံပေးအဖွဲ့နှင့် ပညာရှင်များ အစုအဖွဲ့ ပူးပေါင်းဆောင်ရွက်နေ
Reviewed by သစ်ထူးလွင်
on
16:24
Rating: