တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကျားဖြူပါတီ ကူညီ

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့  ရှမ်းပြည်တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ ရွာသားတွေကို ကျားဖြူပါတီက အကူအညီပေးနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက်   ရွာပေါင်း ၂၀ လောက်က စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်  ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဒီဒုက္ခသည်တွေကို ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကူညီနေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် စ၀်ဆိုင်မိုင်းက ပြောပါတယ်။
“ကျားဖြူလူကြီးကို လှမ်းအကြောင်းကြားတာလေ။ ရွာသားတွေကို စည်းရုံးပြီးပြောဖို့၊ တောထဲတောင်ထဲမှာ မပုန်းဖို့၊ တောထဲမှာဆိုရင် သူတို့ရဲ့ ကျန်းမာရေးက အစလိုက်မကြည့်နိုင်ဘူး။ ဘုန်းကြီးကျောင်းမှာ သူတို့ကို နေရာသတ်သတ်ချထားပေးတယ်။ သူတို့ရဲ့ စားရေးသောက်ရေးကြတော့ အဲဒီ သက်ဆိုင်ရာ ကျေးသီးမြို့နယ် ကျားဖြူကို အကူအညီတောင်းပြီး ကျွေးမွေးဖို့ပေါ့။ အခက်အခဲရှိရင်လည်း အကြောင်းကြားဖို့၊ သူတို့ကနေ ကျန်တဲ့မြို့နယ်တွေကို အကြောင်းကြားပြီးမှ တောင်းခံပေးမယ်လို့ ကျနော် သူတို့ကို ပြောထားတယ်။ ပြည်သူက စေတနာရှိတဲ့ ပြည်သူတွေစီက နည်းနည်းများများမဆို ကျနော်တို့ ကောက်ခံပြီး ပေးခဲ့ဖူးတယ်လေ။”
အလှူငွေတွေကို ကျားဖြူပါတီနဲ့ ဒေသခံအလှူရှင်တွေဆီက ကောက်ခံရရှိတယ်လို့ စ၀်ဆိုင်မိုင်းက ဆက်ပြောပါတယ်။
တိုင်းရင်းသားဒေသထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံရွာသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတာနဲ့ ပတ်သက်ပြီး ကျားဖြူပါတီက ပြည်သူ့လွှတ်တော်ကို စာပို့ထားတဲ့အကြောင်း ရှမ်းပြည်တောင်ပိုင်း လဲချားပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းတင်က အခုလို ပြောပါတယ်။
“ပြည်တွင်းစစ် ဖြစ်နေတဲ့ ပြဿနာကို စေ့စပ်ညှိနှိုင်းရေး ကော်မရှင် တရပ်ဖွဲ့စည်းပြီးတော့ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်။ တင်လိုက်တာ ၃၁ ရက်နေ့က။ ပြည်နယ် ၇ ခုကို ပို့တယ်။ ကျနော်တို့ ဆွေးနွေးပြီးတော့ တင်ပါတယ်။ ကျနော်ရယ်၊ အမျိုးသားလွှတ်တော်က ဦးစိုင်းကျော်သန်းရယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီတောင်ကြီးက ကျားဖြူအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ တင်ပါတယ်။ အများကြီးမျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး မပေါ်ပေါက်ရင်တော့ ပြည်သူတွေကရော တပ်မတော်သားဘက်က သေဆုံးသွားတာကော ကိုယ့်ပြည်တွင်းရေး ပြဿနာပဲ ဖြစ်နေတယ်။ ဒါကို အမြန်ဆုံး လုပ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။”
ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီကို အစိုးရတပ်က ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၄ လကျော်ကာလအတွင်းမှာ ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ ပေါ်တာဆွဲခံရတာ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာအပါအ၀င် လူ့အခွင့်အရေချိုးဖောက်မှု မျိုးစုံဖြစ်ပွားခဲ့သလို အလုပ်အကိုင်တွေရပ်နားခဲ့ရပြီး စာသင်ကျောင်းတွေ ပိတ်ထားရလို့ ကလေး ၇၀၀ လောက် စာမသင်နိုင်ပဲဖြစ်နေပါတယ်။
တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကျားဖြူပါတီ ကူညီ တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကျားဖြူပါတီ ကူညီ Reviewed by သစ်ထူးလွင် on 21:19 Rating: 5
Powered by Blogger.