စစ်တွေ ကျောင်းသားများ ဆန္ဒပြ





ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်က ရာနဲ့ချီတဲ့ကျောင်းသားတွေဟာ ကျောင်းဖယ်ရီခ ဈေးမြင့်တဲ့ကိစ္စကို ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ် အစိုးရထံကို ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
စစ်တွေမြို့ကနေ ကျောင်းကို သုံးဘီးခ အသွား ကျပ်တရာ၊ အပြန် ကျပ် နှစ်ရာ တောင်းတာကို များတဲ့အတွက် ကျောင်းသားတွေ မနေ့ကတည်းက မကျေမနပ် ဖြစ်နေတာဖြစ်ပြီး ဒီကနေ့မှာ ကျောင်းကနေ နှစ်မိုင်ခွဲလောက်ဝေးတဲ့ မြို့တွင်းကို ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြတာလို့ မျက်မြင်တဦးက ဆိုပါတယ်။
“အခုစစ်တွေမှာ ကျောင်းသားတွေ ကောလိပ်ကျောင်းသားတွေ ဆန္ဒပြနေတယ်။ ကားခဈေးကြီးလို့ ကျောင်းသားတွေက ကားမစီးဘဲ လမ်းလျှောက်ပြီး လာကြတယ်။”
နောက်ဒေသခံတဦးကလည်း ကျောင်းသားရာပေါုင်းများစွာရဲ့ တောင်းဆိုချက်ကို ပြည်နယ်အစိုးရက ဖြေရှင်းပေးနေတာ ကြားသိရတယ်လို့ ပြောပါတယ်။
“အခုနေ့လယ်လောက်က တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ လာတယ်။ သူတို့စီးတဲ့ ကားခတွေ ဈေးကြီးလို့တဲ့။ အားလုံး ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ လောက်တော့ရှိမယ်။ ၀န်ကြီးချုပ်ကို ကားခတွေ ဈေးလျှော့ဖို့ ပြောတာပေါ့။ ဒီနေ့ပဲတောင်းဆို၊ ဒီနေ့ပဲ ညှိပေးလိုက်တယ်ထင်ပါတယ်။ အားလုံးပြန်သွားကြပြီ။ သုံးနာရီလောက်မှာပဲ ပြီးသွားတယ်။”
တပ်မတော်အစိုးရလက်ထက် တက္ကသိုလ်တွေ မြို့ပြင်ထုတ်ရေးစီမံချက်ကြောင့် အစပြုတဲ့ ဒီဖြစ်ရပ်မှာ ကားသမားတွေဘက်ကလည်း လောင်စာဆီဈေးနဲ့ကာမိအောင် တောင်းရတာပါလို့ ပြောပါတယ်။
ရွေဝါရောင်တော်လှန်ရေး မတိုင်ခင်တုန်းကလည်း စစ်တွေမြို့မှာ သံဃာတော်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အစပျိုးခဲ့ဖူးပါတယ်။
စစ်တွေ ကျောင်းသားရဲ့ ဆန္ဒပြမှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကို မေးထားပါတယ်။
ဦးအောင်မြတ်ကျော် စစ်တွေမှာ ဘာများဖြစ်နေလဲ။
“ဟုတ်ပါတယ်။ ဒီနေ့နေ့လယ်ပိုင်းက ကျောင်းသားတွေ ဖယ်ရီဈေးနှုန်း မြှင့်တဲ့ကိစ္စနဲ့ ကျောင်းသားတွေ ဆန္ဒပြတာတော့ ဟုတ်ပါတယ်။ ကျောင်းသားတွေ မြို့ထဲအထိကို လမ်းလျှောက်ပြီး ဆန္ဒပြတာတော့ တွေ့ပါတယ်။ အယောက် ၃၀၀ လောက်တော့ ရှိပါတယ်။”
ဖယ်ရီခက ဘယ်လောက်ကနေ ဘယ်လောက် တက်သွားလို့လဲ။
“ဖယ်ရီခက ပထမတုန်းက အသွား ၁၀၀၊ အပြန် ၁၀၀ လုပ်နေရင်းက အခုကျတော့ အသွား ၁၀၀၊ အပြန် ၂၀၀ တိုးကောက်လိုက်လို့ပါ။”
အဲဒါက မော်တော်ယာဉ် လိုင်းပေါင်းစုံ ဌာနကလား။
“ဟုတ်ကဲ့။ သုံးဘီးဆိုင်ကယ် မထသ အသင်းကပေါ့။”
ဒီဟာနဲ့ ပတ်သက်ပြီးတော့ စစ်တွေမြို့မှာ ခရိုင်ရုံးလည်း စိုက်တယ်၊ ပြည်နယ်ရုံးလည်း စိုက်တယ်ဆိုတော့ သက်ဆိုင်ရာက ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းပါသလဲ။
“အခုက သူတို့ကတော့ အဲဒါကို အစီအစဉ် လုပ်မယ်လို့တော့ ကြားတယ်။ မနေ့က စဖြစ်တာ။ ဒီနေ့လည်း ဘာမှမလုပ်ပေးတော့ ကျောင်းသားတွေက ပိုပြီးတော့ ဆန္ဒပြတဲ့ ပုံစံမျိုးနဲ့ မြို့ထဲထိကို လမ်းလျှောက်လာတဲ့ သဘောမျိုး ဖြစ်တာပေါ့။ ကျောင်းဝင်းလောက်မှာပဲ စုကြပါတယ်။”
မနေ့ကတည်းက ကျောင်းထဲမှာ စတာပေါ့နော်။
“ဟုတ်ပါတယ်။ မနေ့ကတည်းက စနေတာ။ ဒီဘက်က ဖယ်ရီအဖွဲ့တွေကလည်း သူတို့မှာ ဆီဖိုးနဲ့ မကိုက်ဘူး။ အဲဒါကြောင့် မလျှော့နိုင်ဘူး။ ကျောင်းသားတွေနဲ့ ဖယ်ရီအဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ကြတာပေါ့။”
ကျောင်းတွေကော ပိတ်သွားလား။
“ကျောင်းကတော့ ပိတ်တော့ မပိတ်ပါဘူး။ ဖွင့်ထားပါတယ်။ ဒီနေ့လည်း ကျောင်းတော့ သွားတက်ကြတယ်။ ကျန်တဲ့အချိန်မှာ ကျောင်းသား ၃၀၀ လောက်စုပြီး သူတို့က ကျောင်းနေရာကနေ မြို့တော်ခန်းမနားထိ ခြေလျင်လျှောက်လာပြီး လူစုခွဲသွားကြပါတယ်။”
အရင်တပ်မတော် အစိုးရလက်ထက်က စီတန်းလမ်းလျှောက်လို့ရှိရင် လုံထိန်းတွေက မျက်ရည်ယိုဗုံးတွေ ဘာတွေ ပစ်တာရှိတယ်။ အခုဒီကိစ္စမှာကော ဘာတွေလုပ်သလဲ။
“အဲလိုတော့ ဘာမှမလုပ်ပါဘူး။ ဘေးကစောင့်ကြည့်နေတာပဲ။ ကျောင်းသားတွေကလည်း စနစ်တကျနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသွားတာပါ။ သူတို့ရဲ့ အခွင့်အရေးပေါ့။ ဆီဈေးနှုန်း ကျဆင်းရေး။ အဲလိုပဲ တောင်းဆိုသွားကြတယ်။ နိုင်ငံရေးကိစ္စတွေတော့ သိပ်မပါကြပါဘူး။”
အဲဒီတော့ ဦးအောင်မြတ်ကျော်က စစ်တွေမြို့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဦးအောင်မြတ်ကျော်အနေနဲ့ ဘာများဆောင်ရွက်ဖို့ ရှိပါသလဲ။ ဘာပြောချင်ပါသလဲ။
“အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကလည်း စောင့်ကြည့်နေတဲ့ သဘောမျိုး ရှိတာပေါ့။ အစိုးရအဖွဲ့ကိုလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို အစီအစဉ်ရှိလည်း အဲဒါတွေကို မေးမြန်းပြီးတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးဖို့ တိုက်တွန်းပေးဖို့ အဲလိုမျိုး အစီအစဉ် ချထားတယ်။”
အဲဒီ စစ်တွေတက္ကသိုလ်ကနေ မြို့တော်ခန်းမနားထိအောင် ဘယ်လောက် လောက် ဝေးပါသလဲ။
“ဝေးပါတယ်။ ၂ မိုင်ခွဲလောက် ရှိပါတယ်။”
ကျနော်မေးတဲ့ထဲမှာ မပါဘဲ ဘာများပြောစရာ ရှိပါသလဲ။
စစ်တွေ ကျောင်းသားများ ဆန္ဒပြ စစ်တွေ ကျောင်းသားများ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 21:23 Rating: 5
Powered by Blogger.