တောင်ပြုန်းပွဲတော်ကြီးဆီ သွားကြပြီ

4183b
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုန်း မင်းနှစ်ပါးပွဲတော်အား ၀ါခေါင်လဆန်း ၁ ရက်နေ့မှ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့ (ဇူလိုင်လ ၃၁ ရက်နေ့မှ သြ ဂုတ်လ ၁၅ ရက်နေ့)အထိ ကျင်းပနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ပုဂံခေတ် ခေတ်အဆက်ဆက်ကတည်းက ကျင်းပခဲ့သော တောင်ပြုန်းပွဲတော်သည် ခေတ်ရေစီးကြောင်းအရ ပြောင်းလဲမှုများစွာရှိလာပြီး ရိုးရာ ယုံကြည်မှုအရ လာရောက်သူအနည်းစုသာ ရှိတော့ပြီး ကျန်ပွဲလာသူအများစု မှာ စီးပွားရေးအတွက် လည်းကောင်း၊ အပျော်အပါးအတွက် လည်းကောင်း လာရောက်ကြသူသာ များတော့ကြောင်း ဒေသခံလူကြီးသူမများက ပြောကြား ကြပါသည်။
ယုံကြည်မှုနှင့်ရိုးရာအပေါ် ပိုမို လွှမ်းမိုးလာသော စီးပွားရေးသဘော လာဘ်လာဘများကြောင့် ဆယ်စုနှစ် တစ်ခုအတွင်း တောင်ပြုန်းပွဲတော်၏ အနှစ်သာရလည်း ပြောင်းလဲမှုရှိလာကြောင်း အဆိုပါပွဲတော်သို့ နှစ်စဉ်လာ ရောက်သူတစ်ဦးက ပြောပါသည်။
4183a
တောင်ပြုန်းပွဲတော်လာသူများကို တွေ့ရစဉ်
“တောင်ပြုန်းပွဲက ၀ါခေါင်လဆန်း ၁ ရက်မှာစတယ်ဆိုပေမယ့် စံနန်းတော် မင်္ဂလာရေစင်ဆေး အခမ်းအနားကျင်းပတဲ့ ၀ါခေါင်လဆန်း ၅ ရက်နေ့မှစပြီး စည်တာပါ။ လဆန်း ၁၀ ရက်နေ့ နန်းကြီးပေါ်မှာ ညီလာခံကျင်းပတော့ အခမ်းအနား အဆောင်အယောင်တွေ၊ အသုံးအနှုန်း အမူအယာတွေ၊ နတ် သီချင်း၊ နတ်ဆိုင်းသံတွေကြောင့် စိတ်ဝင်စားကြတာ များပါတယ်။ ပြည်တွင်း ခရီးသွားတွေ သာမကဘဲ နိုင်ငံခြားသား ခရီးသည်တွေပါ တကူးတက လာရောက်ကြည့်ရှုကြလေ့ရှိပါတယ်”ဟု ပြည်တွင်း ခရီးသွားလုပ်ငန်း အကျိုးဆောင်တစ်ဦးက ပြောပါသည်။
လက်ရှိအချိန်တွင် တောင်ပြုန်းပွဲတော် ကျင်းပရာသို့ မော်တော်ယာဉ်လိုင်းများ အများအပြားပြေးဆွဲခြင်း မရှိသေးသလို ပွဲတော်လာ ပရိသတ်ထက် ဈေးရောင်းချရန်အတွက် လာရောက် သူသာရှိသေးကြောင်းလည်း မော်တော်ယာဉ်လိုင်းများမှ စုံစမ်းသိရှိရသည်။ ယခင်နှစ်များကဲ့သို့ မြန်မာ့မီးရထား အနေဖြင့် တောင်ပြုန်းပွဲတော်ကာလအတွင်း မန္တလေး-မတ္တရာလမ်းပိုင်း တွင် သြဂုတ်လ ၇ ရက်နေ့မှစတင်ကာ အထူးရထား ပြေးဆွဲမည်ဖြစ်ပြီး တစ်ရက်လျှင် အစုန်အဆန် ၁၄ ခေါက် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ “သူရဲဈေးဘူတာနဲ့ မတ္တရာဘူတာကြားမှ တောင်ပြုံးအထူးရထားကို သြ ဂုတ်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ တစ်ရက်ကို ၁၄ ခေါက်နှုန်းနဲ့ ပြေးဆွဲဖို့ စီစဉ်ပြီးပါပြီ”ဟု မန္တလေး ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
4183
တောင်ပြုန်းပွဲတော်လာသူများကို တွေ့ရစဉ်
“သီးနှံဈေးမကောင်းလို့၊ အရောင်း အ၀ယ်မကောင်းလို့ ဆိုပေမယ့် တောင်ပြုန်းပွဲနီးရင် ရိုးရာအရတော့ လာကြတာပါပဲ။ ဒါပေမယ့် ပွဲတော်ကို အမှီသဟဲပြုပြီး ရောင်းဝယ်ဖောက်ကားကြတဲ့ ဈေးသည်တွေ ကတော့ စီးပွားရေးအရ တွက်ခြေကိုက်ဖို့ နည်းနိုင်ပါတယ်။ စီးပွားရေးက လူတိုင်းလိုလို တစ်နှစ်ထက် တစ်နှစ် ကျပ်တည်းလာတဲ့အတွက် အားလုံး အသုံးအစွဲ လျှော့နေရတဲ့ အခြေအနေလေ။ ဒါကြောင့် ဒီနှစ်သွားရင်လည်း ဘာမှဝယ်ဖို့ စဉ်းစားထားတာ မရှိသေးပါဘူး”ဟု မန္တလေးမြို့နေ ဒေသခံတစ်ဦးက ဆိုပါသည်။
“အရင်က ဒီအချိန်ဆိုရင်မန္တလေး ဘူတာကြီးနဲ့ ကျွဲဆည်ကန်ကားကွင်းမှာ တောင်ပြုန်းလာတဲ့ ဧည့်သည်တွေ တော်တော်များများ တွေ့နေရပါပြီ။ ဒီနှစ်တော့ သတိထားမိလောက်အောင် မများသေးတာ တွေ့ရပါတယ်။ အရင် က စီးပွားရေးမကောင်းရင် နတ်ကို နားပူနားဆာလုပ်ဖို့ လာတဲ့သူတွေများ တယ်။ ဒီနှစ်တော့ နားပူနားဆာတောင် လာမလုပ်နိုင်ကြတော့ဘူးထင်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောပါသည်။
ယခုနှစ် တောင်ပြုန်းပွဲတော်ကို ကျင်းပမြဲဖြစ်သည့် ၀ါခေါင်လဆန်း ၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ် ရာ ယင်းပွဲတော်သို့ မန္တလေးမြို့ပေါ်မှ မြို့ခံအများစုသာ လာရောက်ကြကြောင်း၊ နယ်မြို့များမှာ ၀ါခေါင်လပြည့်နေ့မှသာ အများအပြား လာရောက်ကြကြောင်းလည်း သိရှိရသည်။
အဆိုပါပွဲတော်ကို ယမန်နှစ်များ နှင့်မတူ ထူးခြားစွာပြုလုပ်သွားရန် ရှိကြောင်းကိုလည်း “ဒီနှစ်တော့ ထူးထူးခြားခြားလေး ဖြစ်အောင်တော့ နန်းထိန်းတို့အနေနဲ့ စီစဉ်မှုတွေ ပြုလုပ်ထားပါတယ်။ လုံခြုံရေးတွေကို ခါတိုင်းနှစ်ထက် ပိုကျပ်သွားဖို့ ရှိပါတယ်” ဟု တောင်ပြုန်းပွဲ စီစဉ်သူတစ်ဦး က ဆိုပါသည်။
တောင်ပြုန်းပွဲတော်လာ ပရိသတ်များအတွက် ဖျော်ဖြေရေးအပိုင်းတွင်လည်း ဟန်ဇာမိုးဝင်းနှင့် စွမ်းဇာနည် ဇာတ်သဘင်များဖြင့် တင်ဆက်ပြသ ပေးသွားမည်ဟု သိရှိရသည်။
ပွဲတော်စရက် စောနေသေးခြင်း၊ မြန်မာပြည်အောက်ပိုင်းမှ ပွဲတော်လာများ အဆက်မပြတ်မိုးရွာသွန်းမှု၊ ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရခြင်းတို့ ကြောင့် ယခုကဲ့သို့ပွဲတော်သို့ လာ ရောက်သူများဖြင့် မစည်ကားသေးခြင်း ဖြစ်နိုင်ကြောင်း ယူဆသူများရှိနေပြီး မကြာမီအချိန်တွင် နှစ်စဉ်လိုပင် ပွဲတော်လာသူများဖြင့် စည်ကားနိုင်ကြောင်းလည်း သုံးသပ်သူများက ဆိုပါသည်။
တောင်ပြုန်းပွဲတော်ကြီးဆီ သွားကြပြီ တောင်ပြုန်းပွဲတော်ကြီးဆီ သွားကြပြီ Reviewed by သစ်ထူးလွင် on 14:00 Rating: 5
Powered by Blogger.