ဆယ်စုနှစ်အတွင်း စာပေစီစစ်ရေးက ပိတ်ပင်ထားတဲ့ ကဗျာဆရာကြီးဦးတင်မိုး အကြောင်း ဒဂုံတာရာ မွေးနေ့နဲ့ဆက်စပ်ပြီး လျှပ်တပျက်ဂျာနယ်မှာ ဖော်ပြတာတွေ့ရ
ကဗျာဆရာကြီးဦးတင်မိုး |
ဆရာသည် လွတ်လပ်မှုကို လိုလားသူ၊ လွတ်လပ်မှုကို ရှာဖွေသူ၊ လွတ်လပ်မှုကို ကြိုဆိုသူဖြစ်သည်။ သည်စကားတွေကို ကဗျာဆရာကြီး ဦးတင်မိုး၏ ပန်းဈေးခင်း ကဗျာစာအုပ်တွင် အမှာစာ ရေးပေးခဲ့စဉ်ကလည်း ဖော်ပြခဲ့ဖူးသည်။ ဒဂုန်တာရာ၏ အမှာ ကဗျာ။ စကားပြေနှင့် ကဗျာ။ ဘာခြားနားသလဲ။ စကားပြေသမား သက်သက်များ၊ ဝတ္ထုရေးဆရာများက မေးတတ်ကြ၏။ မသိ၍မေးသလား၊ သိလျက်နှင့် မေးသလားမသိ။ စိတ်ကူးကိုအဖော်နိုင်ဆုံးဟု ဖြေကြည့်သည်။ စကားပြေနှင့်ကော မဖော် နိုင်ဘူးလား။ ဖော်နိုင်သားပဲ။ အလှပဆုံးအဖွဲ့။ စကားပြေနှင့်ကော လှလှပပ မဖွဲ့နိုင်သလော။ ဖွဲ့နိုင် သလားပဲ။ အလတ်ဆတ်ဆုံး၊ အစိမ်းစိုဆုံး၊ အနုဖတ်ဆုံးရေးနိုင်သော စာပေ ပုံသဏ္ဍာန်။ စကားပြေနှင့်ကော အလတ်ဆတ်ဆုံး စကားလုံး၊ အစိမ်းစိုဆုံး စကားလုံး၊ အနုဖတ်ဆုံး စကားလုံးနှင့်မရေးနိုင်သလော။ ရေးနိုင်သားပဲ။ နောက်ဆုံးမှာ စကားပြေနှင့် ကဗျာခြားနားချက်မှာ စကားပြေနှင့်ရေး မရသည့်ကို ကဗျာဖြင့် ဖွဲ့၍ရသည်ကို တွေ့ရလေသည်။ ၂။ ခေတ်တွေပြောင်းနေကြ၏။ ပြောင်းလဲနေသော ခေတ်ကို ကဗျာတွင် ခံစား၍ရ၏။ ကဗျာ သည် ရင်ခုန်သံကို ကိုယ်စားပြုပေသည်။ တနည်းဆိုရသော် ခေတ်ကို ကိုယ်စားပြုပေသည်။ အနန္တသူရိယ အမတ်ကြီးသည် စကားပြေကို မရေးတတ် မဟုတ်၊ ရေးတတ်သည်။ ပုဂံခေတ်၌ စကားပြေပေါ်နေခဲ့ပြီဖြစ် သည်။ သို့သော် အမတ်ကြီးသည် ဘာ့ကြောင့် စကားပြေဖြင့် မရေးဘဲ ကဗျာဖြင့်ရေးရသနည်း။ စကားပြေဖြင့် ရေးမရသော ကြောင့် ကဗျာဖြင့်ရေးရခြင်းသာလျှင်ဖြစ်ပေသည်။ အခြား အကြောင်းမရှိပေ။ ကဗျာဖြင့်ရေးရခြင်းကြောင့် ကဗျာဖြစ်လာခြင်း ဖြစ်ပေသည်။ လေးလုံးစပ် လင်္ကာပုံသဏ္ဍာန်၌ အမတ်ကြီးသည် သူဖော်ချင်ရာကိုဖော်ပြနိုင်ခြင်း ဖြစ်ပေသည်။ အင်းဝခေတ်သာသနာရေး ဝင်းပနေခြင်းကို ရှင်မဟာရဋ္ဌ သာရ၏ ''အားလုံးထောင်ထား၊ မျိုးလေးပါး၏ တက်ပွားစောင်မာန်၊ လွှားတမ်းခွန်ကို ပြင်းဝှန်မုန်တိုင်း၊ ခတ်ချိုးလှိုင်းသို့ . . .'' ပျို့လင်္ကာ၌ ခံစားရသည်။ ကုန်းဘောင်ခေတ် စစ်ဆင်ရေးကို စိန္တကျော်သူ ဦးသြ၏ ' . . .ဆဲဆိုမနာဗ၊ ညစာ ဝေးလံ မြစ်ကံ ကမ်းမှေး၊ ရွှံ့စေး ထူထပ် မြေလပ် ကုန်းခင်း၊ မမြင် မြောက်တောင် ညဥ့်မှောင်ရီနက်၊ ဗိုလ်ရဲမက်တို့ စိတ်စက်ကွဲပြို . . .' ရတု၌ ခံစားရသည်။ မန္တလေးခေတ်၏ စိန်ခြားကြာညောင် လရောင်ပြက်သော နန်းတွင်း အလွှာ၏ဘဝ ကို လှိုင်ထိပ်ခေါင်တင်၏ ' . . .ပတ္တမြား ယှက်ရုံ ပုလဲငုံသန်းပါလို့ စိန်မှုံကိုယ်ပန်းရယ် နှင့် ကြာနန်းပျော် မှေးစက်မပျော် . . .'' ဘောလယ်၌ ခံစားရ သည်။ အင်းဝခေတ်ကသတ် စေ့နှက် သုံးချက်ညီအောင် ရဟန်းစာဆိုသည် အင် ကြင်းမြိုင်တောရိပ် တောရိပ် ကျောင်းသင်္ခမ်း၌ စိတ်အေး လက်အေး ရေးစပ်ခဲ့သည်။ ကုန်းဘောင်ခေတ်က မင်းမှု ထမ်းရတုဆရာသည် စစ်မက်ရေး ၌ သဘာဝပေါ်အောင် ရှုခင်း၊ မြင်ခင်း သဘာဝကို ဦးစားပေးဖွဲ့သီသည်။ ပန်းကြဲထားသော အီစတန်ပြင်သစ် ရေမွှေးဆွတ်ထားသော သဉ္ဇာလီစက်ရာထက်မှ မင်းသမီးသည်ကား မောင် တော်စွဲမက်အောင်တေးဖြင့် ခပ်နွဲ့နွဲ့ညုလိုက်သည်။ ယင်းသို့ ကဗျာများ ရွေ့လျား ပြောင်းလဲလာသော်လည်း စကားပြေကား ပြောင်းသလော၊ မပြောင်းပေး။ သဒ္ဒာပြောင်းသလော၊ မပြောင်းပေ။ စကားပြေကား လူနားလည်အောင် ရေးရသည်။ ကဗျာကား လူခံစား အောင်ရေးရသည်။ ကျွန်တော်တို့ခေတ်ရောက်လာသောအခါ ကဗျာပြောင်းလဲသလော။ ကျွန်တော်တို့ ခေတ်တပြိုင်ဆိုရာ၌ မိမိရှေ့၌ မြင်ရသော ကတ္တရာလမ်းမ တဆုံးမဟုတ်၊ ပိတောက်တခါပွင့်ချိန် မဟုတ်။ မေ့ကွက်ကိုရှာ တသံဆုံး သည်အထိ မဟုတ်။ အမျိုးသားလွတ်လပ်ရေး၊ ပြည်သူ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ် ရှားမှုခေတ်ကြီးကို ဆိုလို၏။ ဆယ်နှစ်မဟုတ်၊ အနှစ်နှစ်ဆယ်မက။ လေးဆယ်၊ ငါးဆယ်၊ ရှေ့နှင့်နောက် ဆက်မိရပေမည်။ ထွန်ယက်ချိန်နှင့် ကောက်ရိတ် ချိန် စပ်ဟပ်မိရပေမည်။ ကျွန်တော်တို့ပခက်ထဲ၌ မှေး စက်ရီဝေနေစဉ် ဆရာကြီး သခင်ကိုယ် တော်မှိုင်း၏ ကောင်းမျိုး အထွေထွေရယ်နဲ့ ချွန်စေ မြစေစော ဒေါင်းအိုးဝေရယ်နဲ့ တွန်စေ ကစေသော ဟူသော ကဗျာသံမှာ ပြည်သူ အကြား၌ ရိုက်ခတ်နေခဲ့သည်။ ထို စဉ်က ကျွန်တော်မကြားခဲ့သော်လည်း ကျွန်တော်သည်ဆရာကြီး၏အမျိုးသား လွတ်လပ်ရေးရဲတင်းသံ၏ ပဲ့တင်သံဖြင့် ကြီးပြင်းလာခဲ့ရသည်။ မဟာမှိုင်း၏ ရင်ခုန်သံသည် ကျွန်တော်တို့အား စေစားခဲ့သည် မဟုတ်ပေလော။ ရှေးက အင်ကြင်းရိပ်သည် အေးချမ်း၏။ ချိုးငှက် ကူသံဖြင့်တင့်မွမ်း ၏။ သာယာ၏။ ခေတ်တွေပြောင်းလာခဲ့သည်။ ကံ့ကော်ရိပ်သည်ပင် ကံ့ကော် ရနံ့သာမဟုတ်တော့၊ သွေးနံ့ယမ်းနံ့ ရြော>ွပမ်းခဲ့သည်။ ကံ့ကော်ရိပ်၌ ယစ်ဝေ နေသော ခေတ်မှစစ်နှင့် တော်လှန်ရေးခေတ်သို့ ဖြတ်သန်းခဲ့ပြီ။ ကံ့ကော်ပွင့် အဝါသည် မှန်တံခါး၌လာမထင်တော့ပြီ။ ပြောင်းလဲလာသော ခေတ်၏ ရင်ခုန်သံကို ကဗျာ၌ ခံစားကြရပြီ။ ရှေးက အုပ်စိုးသော လူတ်းစား၊အာဏာ ထောက်ခံသော လူတန်းစားအလွှာက ကဗျာ ဖွဲ့တတ်ကြသည်။ ယခုအအုပ်စိုးခံရသော ပြည်သူ၏ သားသမီးများက ဖွဲ့ကြသည်။ ၄။ လွန်ခဲ့သော ၈နှစ်ခန့်က ကဗျာဆရာ ကိုတင်မိုး၏ 'ဖန်မီးအိမ်''နှင့် ထိတွေ့ခဲ့ရသည်။ သူ၏ဖန်မီးအိမ် အင်အားသည်အိမ်တံစက်မြိတ်ထိပ်၌ ထွန်းလင်းခဲ့သည်။ ခေတ်သည် ပြောင်းလျက်ရှိသည်။ ပြောင်းလဲနေသော ခေတ်၌ သူသည် ဖြတ်သန်းနေသည်။ သူသည်ထန်းပင်ရိပ်မှ ဗီယက်နမ် ဝါးပင်ရိပ်သို့ မျှော်ကြည့်လာသည်။ မြန်မာပြည်မှ 'တော်လှန်သမားပြည်သူများ' သာမက၊ တောင်ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး၏ အောင်ပွဲသံများကိုလည်း ကြားလာ သည်။ မန်းကျည်းပင်ရိပ်၌ ဆော့ကစားနေကြသော သားသမီး အရွယ်ကလေး များကိုချစ်ရုံသာမက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုလည်း ဂါရဝပြုသည်။ သူသည် ကျယ်ပြန့်သော အဝန်းအလျား၌ လှည့်လည်ကူးသန်းလျက်ရှိသည်။ ထို့ကြောင့်သူခံစားမှုသည် ရသစုံသည်။ ခံစားမှုစုံသည်နှင့်အမျှ ကဗျာအစပ် သည်စုံလာသည်။ ကဗျာဆရာ ကိုဒူးနာကိုသရုပ်ဖော်ရာ၌ ဟာသကွက်ဖြင့် သွက်လာသလို ငါစွဲမရှိ ငါကဝိရုပ်ပုံလွှာ ဖွဲ့ရာတွင် သရော်သံလှိုင်လာသည်။ ကာရန်များ ခုန်ပေါက်မြူြး<ွကကာ လွတ်လပ်လာသည်ကိုတွေ့ရသည်။ လွတ်လပ်သော အမူအရာကို ကျွန်တော် ကြိုဆိုချင်သည်။ လွတ်လပ် သော အမူအရာသည်လိုအပ်ချက်များအား ဖော်ပြခြင်းဖြစ်သည်။ ရှေ့တလှမ်း တိုးရန်အတွက် အားယူသဖြင့် လွတ်လပ်ရေးကိုရှာခြင်းဖြစ်သည်ဟု ယူဆသည်။ ကိုတင်မိုးခင်းပေးလိုက်သော ပန်းဈေး၌ အပွင့်စုံရနံ့စုံတို့ ကိုမွှေးကြစေ သတည်း။ ဒဂုန်တာရာ ၂၄၊ ၁၁၊ ၁၉၆၇။ ထိုစဉ်က ဆရာသည် ကဗျာဆရာကြီးဦးတင်မိုး၏ ပန်းဈေးခင်းကဗျာနှင့် ပတ်သက်၍ ကိုတင်မိုး ခင်းပေးလိုက်သောပန်းဈေး၌ အပွင့်စုံ၊ ရနံ့စုံတို့ကို မွှေးကြစေသတည်းဟု ဆိုခဲ့သည်။ ကဗျာဆရာကြီး(ဦး)တင်မိုးကိုယ်တိုင်လည်း သူ၏ပန်းဈေးခင်းကဗျာများနှင့်ပတ်သက်၍ ကဗျာမိတ်ဆွေများသို့ဟုဆိုကာ (၂၉၊ ၁ဝ၊ ၁၉၆၇)ရက်စွဲဖြင့် အဆိုပါစာအုပ်တွင်ဖော်ပြခဲ့ဖူးသည်။ ကဗျာမိတ်ဆွေများသို့ ပန်းဈေးခင်း ကဗျာများကို မိတ်ဆွေများထံတင်ပြချင်တဲ့ ဆန္ဒကလွဲ ရင် တခြားပြောစရာစကားထူးမရှိပါ။ မိတ်ဆွေများ အဖတ်ရလွယ်အောင်ကဗျာများကို ကျွန်တော့်သဘော အတိုင်း အခန်းခွဲထားပါတယ်။ အခန်း ၄မှာ ၁၉၅၁မှ ၅၈အတွင်း လူထုဂျာနယ်နဲ့ သတင်းစာမှာရေးခဲ့တဲ့ ကဗျာအချို့ကို သီးသန့်ဖော်ပြထား ပါတယ်။ အနာစင်တဲ့ ပန်းကို ရွေးကောက်ပြီးနှစ်သက်သလို ပန်ကြပါ။ ပန်းအလှကို ဈေးခင်းသူထက်ပန်သူက ပိုမြင်ပါတယ်ဟု ဖော်ပြခဲ့သည်။ တင်မိုး ၂၉၊၁ဝ၊၁၉၆၇ သည်ကနေ့ ကဗျာဆရာကြီးဦးတင်မိုးမရှိတော့သော် ငြားလည်း သူ၏ပန်းဈေးခင်းထဲမှကဗျာများသည် အနာ ကင်းစင်စွာ ပို၍လှပမွှန်းထုံမွှေးမြနေဆဲ။ ကောင်းကင်ကျယ်မှာ လနှင့်တိမ်တောင် ဆုံရအောင်လည်း လမ်းမြှောင်ကြားမှာ မဟုတ်ချေ။ (၁၉၅၉) လမင်းမလိုသောည လမင်းငဲ့ ရွှေရုပ်မှာ သာပါနဲ့ သည်ည မောင့်ချစ်သူရွှေရင်ငြိမ်းနဲ့ ချိန်းတဲ့ကာလ (၁၉၅၉) ရေထဲကတိမ်အလှ ရေထဲမှာငွေတိမ် လေငြိမ်တော့ သြူ<ွကား လေအလာ ကျေကာမွတော့ လှပါ့မလား (၁၉၅၉) လမင်းမလိုသောည လမင်းငဲ့ ရွှေရုပ်လွှာ သာပါနဲ့ သည်ည။ မောင့်ချစ်သူ ရွှေရင်ငြိမ်းနဲ့ ချိန်းတဲ့ ကာလ။ (၁၉၅၉) စာပို့သမား တံခါးခေါက်က ဝမ်းမြောက်ပျူငှာ၊ ကြိုမိပါသည်။ သက်လျာ ကြည်လင်တုန်းပေမို့။ ခြေသံကြားက တံခါးခေါက်မှာ၊ စိုးမိပါသည်။ သက်လျာငြိုငြင်တုန်းပေမို့။ (၁၉၅၉) စာတိုက်ပုန်းသို့ ချစ်သူ့စာအိတ် ရင်တွင်းသိပ်၍ တိတ်တိတ်မွှေးမှာ စိုးရသည်။ (၁၉၅၉) လမင်းသမီး ကောင်းကင်ကို မွေ့ရာခင်းလို့ စိန်တတင်း ကြဲဖြန့်ရာ ဆုံးမယ့်လဟာ။ ထိုအခါ၊ ကလျာခင့် ရုပ်ဆင်း။ စိန်ပေါ်မှာရွှေရောင်ကန့်ပါလို့ တိမ်ပဝါ ရွှေဇာဖြန့်ကာပ ခန့်ပေသည် ကြည်မဆုံး ပြုံးတဲ့ လမင်း။ (၁၉၅၉) ဆီးချိုသီးလက်ဆောင် အဆာပြေ ဆီးချိုသီးကိုလ မြေကြီးဖုံကိုခါ၍ သူအလာ လက်ဆောင်ပေးလို့ရယ် ကျွေးလိုက်တဲ့ ဝလင်စွာ။ အချိုသီးပေမို့ ခရီးအပြန်ဆိုက အလိုလို အဆာပျောက်ပါလိမ့် နှမငယ် လိုသလောက်ကိုဖြင့် ကောက်ယူလှည့်ပါ။ (၁၉၆ဝ) ငယ်စဉ်က ကဗျာဆရာကြီးဦးတင်မိုး၏ ကဗျာမှ ကဗျာအလှများကို ရင်ခုန် စွဲမက်ခဲ့ရသည်။ အလွတ်မှတ် ရွတ်ဖတ်ခဲ့ရသည်။ စာကောင်းများ ရွေးဖတ် တတ်လာသောအခါ ကဗျာဆရာကြီးဦးတင်မိုး၏ ပန်းဈေးခင်းကဗျာများထဲမှ အခြားသောကဗျာများကို ရင်ခုန်ရပြန်သည်။ ခွေးဟောင်သံ ခွေးဟောင်သံကား ညယံကိုဖောက်၊ သူမကြောက်သည် ပြောက်ပြောက် ကျားကျား၊ ကြယ်မှုန်များသည် ဝိုးဝါးမှုန်ရီ၊ အိပ်ချင်ပြီတည့်။ ပီပီ သသ၊ ငါကြားရသည် စူးရှကျယ်လောင်၊ မျက်လုံးပြောင်နှင့် ခွေးဟောင်သံသာ၊ ထပ်ကာကာတည့် ဘယ်မှာ အရေးပေါ်ပြီနည်း။ (၁၉၆၆) ခွေးဟောင်သံကို မိမိတို့လည်း ငယ်စဉ်ကတည်းက ပုံစံမျိုးစုံနှင့် ကြားခဲ့ရဖူးသည်။ သို့သော်လည်း ကဗျာ ဆရာကြီးဦးတင်မိုးကဲ့သို့ မမြင်တတ်၊ မကြည့်တတ်၊ မခံစားတတ်ခဲ့။ ငယ်စဉ်က ခွေးဟောင်သံကြားလျှင် အဖွားလုပ်သူက ဟဲ့ ထစမ်း၊ ခွေးဟောင်နေတယ်။ အိမ်ကိုလူကပ်နေပြီထင်တယ်ဟု နှိုးပြောသည့် အခါတိုင်း ဟာ..အဖွားကလည်း။ မကြည့်ရဲပါဘူး။ သရဲဖြစ်နေရင် ဘယ်လိုလုပ်မလဲဟုပြောကာ အဖွားစောင်ခြုံထဲတိုးဝင် ခဲ့ပုံများ အမှတ်ရမိခဲ့သည်။ လယ်ထဲက ဦးဖြိုးသာ လယ်ထဲက ဦးဖြိုးသာ လယ်ထဲမှာ သူနေလို့ သူသေလျှင် သည်လယ်ထဲ စွဲမြဲရပါ။ ဘယ်မှာလဲ သူ့ယာ ဘယ်မှာလဲ သူ့မြေကြီး။ သူ့ချွေးငန်ငန်က စပါးနှံဘာကြောင့်များ ထွားရသနည်း။ (၁၉၆၆) လယ်ထဲက ဦးဖြိုးသာကဗျာကိုဖတ်ဖြစ်သောအခါ လယ်ကွင်းပြင်များထဲမှာအုတ်ဂူလေးများကိုမြင်ယောင်လာ သည်၊၊လယ်ကွင်းပြင်ထဲမှာအုတ်ဂူလေးများသည်လယ်သမား ကြီးများ၏အုတ်ဂူဟုကဗျာဆရာကြီးကဲ့သို့မစဉ်းစားတတ်ခဲ့။ ဆရာဦးတင်မိုးက စပါးတွေရှင်သန်ကြီးထွားရသည်ကိုပင် ''သူ့ချွေးငန်ငန်က စပါးနှံဘာကြောင့်များ ထွားရသနည်း''ဟု ဖွဲ့နွဲ့ပုံမှာ လှလွန်းနေသည်။ ဘယ်မှာလဲ ဆန်စပါး လယ်လုပ်သား ဦးဖြိုးသာ လယ်ထဲမှာ သူနေလို့ သူသေလျှင် သည်လယ်တောမှာ မြေသြဇာ မြေဆီနှစ် ဖြစ်ရပြန်ပါ။ ဘယ်မှာလဲ သူ့ယာ ဘယ်မှာလဲ သူ့မြေကြီး။ ရွှေမြို့နေ ဘယ်ပိုင်ရှင်က ချိန်တန်လျှင် ဆန်စပါးကို သိမ်းသွားလေ သတည်း။ (၁၉၆၆) ကဗျာဆရာကြီးသည် လယ်သမားကြီးဦးဖြိုးသာနှင့် ပတ်သက်၍ သူသေလျှင် လယ်ထဲမှာပဲ မြေဆီမြေနှစ်ဖြစ်ရ ပေမယ့် သူ့မှာ ယာမရှိ၊ မြေမရှိဖြစ်ရ ရှာပြီး အချိန်တန်လျှင် မြို့ပေါ်မှလယ်ပိုင်ရှင်က ဆန်စပါးများသိမ်းသွားတတ်ပုံကို လည်းမြင်သာစေခဲ့သည်။ သမိုင်းဆရာ၏တွေ့ရှိချက် လက်နက်သခင်၊ ရှင်ဘုရင်၏ ပလ္လင်အောက်က၊ တွေ့ရှိရသည် နိုးထသူတို့ ခေါင်းခွံများ။ (၁၉၆၅) ကဗျာဆရာကြီးဦးတင်မိုး၏သမိုင်းစာအုပ်တွေ့ရှိချက် ကဗျာသည် (၁၉၆၅) ခုနှစ်က ရေးဖွဲ့ခြင်းဖြစ်သည်။ ခုချိန် ပြန်ဖတ်ရသောအခါ ပဒေသရာဇ်အာဏာရှင်တို့၏ပြယုဂ် ကို ရှင်းပြက်ပြက်တွေ့လာခဲ့ရသည်။ ဆရာ၏ သမိုင်းဆရာ ၏ တွေ့ရှိချက်ကဗျာသည်လည်း သည်ဘက်ခေတ်ထိတိုင် ရှင်သန်နေဆဲပါတကား။
မြတ်ခိုင်
ဆယ်စုနှစ်အတွင်း စာပေစီစစ်ရေးက ပိတ်ပင်ထားတဲ့ ကဗျာဆရာကြီးဦးတင်မိုး အကြောင်း ဒဂုံတာရာ မွေးနေ့နဲ့ဆက်စပ်ပြီး လျှပ်တပျက်ဂျာနယ်မှာ ဖော်ပြတာတွေ့ရ
Reviewed by သစ်ထူးလွင်
on
02:22
Rating: