နေပြည်တော်မြို့နယ်အချို့ ဧည့်စာရင်းတိုင်ကြားခ ကောက်ခံခြင်းမပြုရန် စတင်ညွှန်ကြား

ဝင်းကိုကိုလတ်
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)
နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်ကြားခများ ကောက်ခံခြင်းမပြုရန် နေပြည်တော် ကောင်စီဝင်များက ညွှန်ကြားထားကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက
မြန်မာတိုင်း(မ်)ကို ဇွန်လ ၂ ရက်က ပြောကြားသည်။
"ဇွန်လ ၂ ရက်က နေပြည်တော် ကောင်စီဝင်တစ်ဦးနဲ့ ပုဗ္ဗသီရိမြို့နယ်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံပွဲမှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဧည့်စာရင်းတိုင်ကြားတဲ့သူတွေထံက ငွေကြေးမကောက်ခံဖို့၊ လာဘ်ပေးလာဘ်ယူ ရှောင်ကြဉ်ဖို့ကို အဓိက မှာကြားသွားပါတယ်"ဟု ပုဗ္ဗသီရိ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက နေပြည်တော်ကောင်စီဝင် တစ်ဦးဖြစ်သူ ဦးသန်းဌေး၏ ပြောကြားချက်ကို ကိုးကား၍ ပြောကြားသည်။
ဧည့်စာရင်းတိုင်ကြားသူများထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် ညွှန်ကြားမှုကို ပြီးခဲ့သည့်မေလတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ညွှန်ကြားပြီးနောက် နေပြည်တော် ကောင်စီနယ်မြေသည် ဧည့်စာရင်းတိုင်ကြားခ မကောက်ခံရန် ညွှန်ကြားသည့် ဒုတိယမြောက် နယ်မြေ ဖြစ်လာသည်။
"ဒီလို ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေမယ့် အရာမျိုးတွေကို တာဝန်ရှိသူတွေက အခုလို ဖယ်ရှားပေးနေတာဟာ ကောင်းမွန် သော အုပ်ချုပ်ရေး၊ သန့်ရှင်း သောအစိုးရဖြစ်ရေးဆိုတဲ့ နိုင်ငံတော် သမ္မတကြီးရဲ့မိန့်ခွန်းကို ပဲ့တင်ထပ်လိုက်တာပဲလို့ ယူဆပါ တယ်"ဟု အသက် ၅၄ နှစ်အရွယ် ပျဉ်းမနားဒေသခံ အမျိုးသား တစ်ဦးက ပြောကြားသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ယခုကဲ့သို့ ဧည့်စာရင်း တိုင်ကြားမှုများကို ငွေ မကောက်ခံရန် ညွှန်ကြားမှုများရှိသော်လည်း နေပြည်တော် ကောင်စီနယ်မြေရှိ ကျန်မြို့နယ်များတွင်မူ အလားတူ ညွှန်ကြားမှုမျိုးမရှိသေးကြောင်း နေပြည်တော် ကောင်စီနယ်မြေမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ အချို့က ပြောကြားသည်။
"ကျွန်တော်တို့ရုံးမှာ ဧည့်စာရင်းတိုင်ပြီး နေတာ ရှစ်ယောက်ရှိပါတယ်။ ဧည့် စာရင်းတစ်လစာကို ရှစ်ယောက်မှ ကျပ် ၃,၀၀၀ ပဲ ရှိပါတယ်" ဟု ရန်ကုန်မြို့မှ ပျဉ်းမနားမြို့နယ်တွင် လုပ်ငန်းလာ ရောက်လုပ်ကိုင်နေသူ ဦးမောင်မောင်စိုး က ပြောသည်။
"ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရေးကိရိယာ၊ စာရွက်စာတမ်း ကုန်ကျစရိတ်တွေအတွက် ကာမိအောင် ရန်ပုံငွေရှာတဲ့ အခါမှာ လွဲမှားတဲ့နည်းလမ်းတွေ သုံးလာနိုင်ခြေရှိမယ်။ အဲဒါ ကိုဖြေရှင်းဖို့ နည်းလမ်းနှစ်ခု စဉ်းစားမိပါတယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေအတွက် စာရွက်စာတမ်း၊ စာရေးကိရိယာတွေကို မြို့နယ်အဆင့်က ထောက်ပံ့ပေးတာပဲဖြစ်ဖြစ်၊ ဧည့်စာရင်းတို့၊ ထောက်ခံစာတို့ကို အများ ပြည်သူတတ်နိုင်တဲ့ မများလှတဲ့ ငွေ ပမာဏတစ်ရပ် သတ်မှတ်ပြီး တရားဝင် ကောက်ခံတာမျိုးရယ်ပေါ့"ဟု ပျဉ်းမနား မြို့နယ် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတစ်ရုံးတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက သူ၏ အတွေ့ အကြုံနှင့်ယှဉ်၍ ပြောသည်။
နေပြည်တော်မြို့နယ်အချို့ ဧည့်စာရင်းတိုင်ကြားခ ကောက်ခံခြင်းမပြုရန် စတင်ညွှန်ကြား နေပြည်တော်မြို့နယ်အချို့ ဧည့်စာရင်းတိုင်ကြားခ ကောက်ခံခြင်းမပြုရန် စတင်ညွှန်ကြား Reviewed by သစ်ထူးလွင် on 11:51 Rating: 5
Powered by Blogger.