အမေရိကန်က အလိုရှိသူတစ်ဦးအား မြန်မာမှလွှဲပြောင်းပေး

ဂျက်ဖရီဂေါ့ဒတ်

သစ်လွင်ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)
နိုင်ငံကူးလက်မှတ် လိမ်လည်မှုအပါအ၀င် ပြစ်မှုများအတွက် အလိုရှိနေသူတစ်ဦးအား အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးတွင် အကူအညီပေးခဲ့သည့်အတွက် မြန်မာအစိုးရအား ကျေးဇူးတင်ရှိကြောင်း
အမေရိကန်သံရုံးက ထုတ်ဖော်ပြောကြားသည်။
အသက် ၂၈ နှစ်ရှိ နာသန်ကင့်လမ် ဘတ်သည် 'အမေရိက၏ အလိုရှိဆုံး' အဖြစ် ၀က်ဘ်ဆိုက်တွင် ဖော်ပြခံထားရသူဖြစ်ပြီး ၎င်းအား လူဝင်မှုကြီးကြပ်ရေး ပြစ်မှုများဖြင့် ဇန်န၀ါရီလက ရန်ကုန်တွင် ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့ပြီးနောက် မေလ နှောင်းပိုင်းက ဘန်ကောက်မှတစ်ဆင့် အမေရိကန်သို့ ပြန်ပို့ခြင်းဖြစ်သည်။
"အမေရိကန်သံရုံးအနေဖြင့် လမ်ဘတ် တရားရင်ဆိုင်နိုင်ရန် အမေရိကန်သို့ ပြန်ပို့ရေးအတွက်ပူးပေါင်းဆောင်ရွက်ခဲ့သော အိမ်ရှင် အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း" အမေရိကန်သံရုံး ပြောခွင့်ရသူက ဇွန်လ ၂ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
လမ်ဘတ်သည် နိုင်ငံကူးလက်မှတ်နှင့် အခြားကိုယ်ရေးအချက်အလက်များ ခိုးယူမှုနှင့်ပတ်သက်သည့် စွဲချက်များ ရင်ဆိုင်ရန် မေလ ၂၇ ရက်နေ့က အမေရိကန်သို့ ပြန်ပို့လိုက်ကြောင်း ၀ါရှင်တန်တွင် မေလ ၃၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နှစ် ဒီဇင်ဘာလက လမ်ဘတ် အပေါ် စွဲဆိုထားသောစွဲချက်များမှာ အမေရိကန်နိုင်ငံမှထွက်ခွာရန် တရားမ၀င် နိုင်ငံကူး လက်မှတ်ရရှိရေးအတွက် အခြားကိုယ်ရေးအချက် အလက်များ အသုံးပြုခြင်းနှင့်ပတ်သက်နေသည့်အပြင် ရှို့မီး၊ ဖောက်ထွင်းမှုနှင့် တိုက်ခိုက်မှုအချို့အတွက်လည်း ၎င်းအပေါ် သံသယရှိခဲ့သည်။
လမ်ဘတ်သည် ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာသည်ဟုယူဆရပြီး ထိုသို့ မထွက်ခွာမီ ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံစည်သွားသယောင် ဖန်တီးခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းက မစ်ဇူရီမြစ်ထဲမှ လူ့အသုံးအဆောင် ပစ္စည်းအချို့နှင့် အဆုံးစီရင်သွား
ကြောင်းစာတစ်စောင် ပါဝင်သည့် သေတ္တာတစ်လုံးကို တွေ့ရှိခဲ့သည်။
ရန်ကုန်သို့ မည်သည့်အချိန်က ရောက်ရှိလာကြောင်း မသိရသော်လည်း၊ မြန်မာနိုင်ငံတွင်ရှိနေစဉ်၊ ဂျက်စတင်ချိစ်ဘရူးနှင့် ဂျက်စတင် ၀က်စ်ဘာရာ နာမည်လိမ်များနှင့် နေထိုင်ခဲ့သည်ဟု သိရသည်။
အင်ဒီယာနာပြည်နယ်၊ ၀ိန်းမြို့ အခြေစိုက် သတင်းဝက်ဘ်ဆိုက်၏ အဆိုအရ လမ်ဘတ်အား မေလ ၃၁ ရက်နေ့က လော့စ်အင်ဂျလိစ် ပြည်ထောင်စု တရားရုံးတွင် နိုင်ငံကူး လက်မှတ်နှင့်ပတ်သက်သည့် စွဲဆိုချက်အတွက် စတင်စစ်ဆေးခဲ့သည်။
အမေရိကန်က အလိုရှိသူတစ်ဦးအား မြန်မာမှလွှဲပြောင်းပေး အမေရိကန်က အလိုရှိသူတစ်ဦးအား မြန်မာမှလွှဲပြောင်းပေး Reviewed by သစ်ထူးလွင် on 11:40 Rating: 5
Powered by Blogger.