သန်းကောင်ယံမှာထွက်တဲ့- နေ- Midnight Sun ရှိရာ အရပ်သို့ အလည်တခေါက်



၂၇၀၅၁၁      (ထက်အောင်ကျော်)
 သန်းကောင်ယံမှာ နေ- ထွက်တယ်ဆိုတာ တကယ်လား

          ပြီးခဲ့တဲ့အခေါက် ထိုင်းခရီးစဉ်အတွင်း ထိုင်းနဲ့မြန်မာမိတ်ဆွေအတော်များများက ကျနော်ကို အဲ ဒီမေးခွန်းမေးကြပါတယ်။ မြန်မာမိတ်ဆွေတွေဆိုတာကတော့ ဒုက္ဒသည်စခန်းတွင်းက ကျနော်တို့ ရဲဘော်တချို့ကိုဆိုလိုတာဖြစ်ပီး စကင်ဒီနေဗီးယန်း နဲ့ နော်ဒစ် Scandinavia & Nordic (နော်ဝေး။ ဆွီဒင်။ ဒိန်းမတ်။ ဖင်လန်။ အိုင်စလန်း) နိုင်ငံတွေဆီသွားရကိန်းရှိနေတဲ့အတွက် အခုလိုမေးတာပါ။ ထိုင်း-မိတ်ဆွေတွေဆိုတာကတော့ နေမ၀င်ည- သို့မဟုတ်- သန်းကောင်ယံမှာထွက်တဲ့ နေ-Midnight Sun ကိုမြင်ချင်လွန်းလို့ကို နော်ဝေးနဲ့ အခြားဥရောပနိုင်ငံတွေဆီသွားတဲ့ Thai airway လေကြောင်းရဲ့ သတင်း ၂-ပါတ်ကြာ ပက်ကေ့စ်-တိုး အတွက်ပြင်နေရင်းနဲ့ မေးကြသူတွေဖြစ်ပါတယ်။
          နော်ဝေးမြောက်ပိုင်းမှာ သန်းကောင်ယံမှာ နေထွက်တယ်လို့ အရှေတောင်အရှသားအတော် များများက နားလည်ထားပေမဲ့ တကယ်ကတော့ အဲဒီလိုအတိအကျပြောဖို့ခက်ပါတယ်။ အမှန်ကတော့ နော်ဝေးရဲ့နွေရာသီနဲ့ နေ့တာအရှည်ဆုံးကာလ ဇွန်လလယ်ရောက်တဲ့အချိန်မှာ နေ-ဟာတနေ့ကုန် ထွက်နေပီး သန်းကောင်ယံရောက်တဲ့အချိန်ထိ တောင်စွယ်မှာနေမကွယ်တော့ဘဲ အပေါ်ပြန်တာသွား တာကို ဆိုလိုခြင်းသာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ နေ့ဖက်မှာ နေ-ထွက်ပီး ည ဖက်မှာ လ-ထွက်တဲ့။ ဒါမှမဟုတ် နေ့ဖက်မှာအလင်းရောင်ရှိပီး ညဖက်မှာအမှောင်လွမ်းနေတဲ့ အရပ်မှာ နေထိုင်သူ အာရှသားတွေထင်ထားသလို အမှောင်လွှမ်းနေတဲ့ ညသန်းကောင်ယံ မှောင်မှောင်မဲမဲထဲမှာ နေ-လုံး ကြီးက လင်းလင်းထိန်ထိန်နဲ့ ၀ုန်းကနဲ ပြူ-ထွက်လာတာမျီုးတော့မဟုတ်ပါ။
          (အခုလောလောဆယ်တော့ အိုင်းစလန်းမှာမီးတောင်ပေါက်နေလို့ ဥရောပတခွင်လေယဉ်ခရီး စဉ်တချို့ရပ်ဆိုင်းထားရပါတယ်။ ရာသီဥတုကလဲ အေးနေဆဲ။ တိမ်ထူနေဆဲဖြစ်တဲ့အတွက် သန်း ကောင်ယံနေကို ရှင်းရှင်းလင်းလင်းမြင်ရဖို့မသေချာသေးပါ)


အဖြူရောင်ည "White Nights" မှာ ဘယ်လိုအိပ်ရမလဲ
       
        နော်ဝေးကို ပထမ-အကြိမ်ကျနော်ရောက်လာတဲ့အချိန်က ၁၉၉၉ မေလအကုန်ဇွန်လအဆန်း။ ဘန်ကောက်နဲ့ အော်စလိုကြား အချိန် ၆-နာရီကွာလို့ အိပ်ချိန် ကိုးယိုးကားယားဖြစ်နေတဲ့ကြားထဲ ည ၁၀-နာရီကျော်တဲ့အထိ နေကမ၀င်သေးတော့ ဘယ်လိုအိပ်ရမှန်း မသိ။ ကျနော့်အယင် နော်ဝေးကို ရောက်နေတဲ့သူငယ်ချင်းတွေကတော့ "ပြူတင်းပေါက်က လိုက်ကာအနက်ရောင်ကို ဆွဲပိတ်ပီးသာအိပ် လိုက်ပေတော့။ နေ၀င်မှ။ အမှောင်လွမ်းမှအိပ်မယ်ဆို မင်း-ဒီည အိပ်ရတော့မှာမဟုတ်ဘူး" လို့ ပြောပါ တယ်။ သူတို့အကြံပေးတဲ့အတိုင်း အနက်ရောင်လိုက်ကာကို ဆွဲပိတ်ပီးအိပ်လိုက်ပေမဲ့ စိတ်ထဲမှာတော့ နေမ၀င်ခင် အိပ်ရာဝင်ရသလိုလိုနဲ့ တမျီုးကြီးပါဘဲ့။
          အဲ- တရေးနိုးလို့ အပေါ့သွားဖို့ပြင်တော့ မိုးလင်းနေပီ။ နာရီကိုကြည့်ုလိုက်တော့ မနက် ၂-နာရီ ဘဲ့ရှိသေးတယ်။ ထိုင်းကနာရီကိုများ မပြင်ရသေးလို့ နော်ဝေးအချိန်နှဲ့မှားနေသလားဆိုပီး သံသယ၀င် မိပေမဲ့ တကယ်ကတော့ မနက် ၂-နာရီလောက်ကတည်းက ဒီမှာအာရုံတက်နေပီဆိုတာကို နောက်မှ သိလိုက်ရပါတယ်။ နောက်ပိုင်းမှာတော့ နေ့-နဲ ညကို အလင်းအမှောင်နဲ့မခွဲတော့ဘဲ အချိန်နာရီနဲ့ဘဲ့ခွဲပီး ၂၂-နာရီဆိုရင် အိပ်။ ၆-နာရီဆိုထ ဆိုပီး နာရီကို နှိုးစက်ပေးကာ အဲဒီနှိုးစက်အမိန့်ပေးတဲ့အတိုင်း စခန်း သွားခဲ့ရပါတယ်။ ဒါပေမဲ့ မနက်စောစောဆွမ်းခံကြွချိန်မှာနေထွက်ပီး ညနေ-ရေချိုးချိန်မှာ နေ၀င်တာကို တမ္ဘာလုံးရဲ့ သဘာဝအမှန်တရားလို့ တသက်လုံးမှတ်ယူလာခဲ့တဲ့ ကျနော့်လိုတောသားအဖို့တော့ သန်း ကောင်ယံမှာ နေထွက်တာ။ အဖြူရောင်ညမှာ အိပ်ရတာ။ နွေရာသီမှာ အချိန်ကိုနောက်တနာရီဆုတ်ပီး ဆောင်းရာသီမှာ ရှေ့တနာရီတိုးတာတွေဟာ ဘယ်လိုမှကိုလိုက်မမှီတော့တဲ့ ထူးဆန်းထွေလာ ဥရောပ ရဲ့ သင်္ခန်းစာအသစ်တွေပါဘဲ့။

သစ်ရွက်နုတို့ဝေ နွေရာသီကိုရောက်တဲ့အခါ- Summer Allergy ကိုလဲ သတိထားပါ


        ကျနော်တို့ကျောင်းသားဘ၀က နာမည်ကြီးခဲ့တဲ့ အဆိုတော်လွမ်းမိုးရဲ့သီချင်းလေးကိုမှတ်မိကြ မယ်ထင်ပါတယ်။ "သစ်ရွက်ခြောက်တို့ကြွေ နွေရာသီရောက်တဲ့အခါ။ မီးကင်းစောင့်ဖို့ရာ လူတွေအကုန် လုံးစုခေါ်ကာ။ ...လမ်းထိပ်ကင်းတဲမှာ စောင်ခြုံပီးအိပ်တယ်" ဆိုတဲ့စာသားဟာ မြန်မာနိုင်ငံမှာနေစဉ် က ရင်ကိုတည့်တည့်မှန်တဲ့ စာသားနဲ့သံစဉ်တွေပါ။ ဒါပေမဲ့ နော်ဝေးမှာတော့ နွေမှာသစ်ရွက်မကြွေဘဲ ဆောင်းမှာသစ်ရွက်ကြွေပါတယ်။ အဲဒီကြွေသွားတဲ့သစ်ရွက်တွေ။ ဆီးနှင်းဖုံးလို့သေသွားတဲ့ မြက်ခင်း တွေဟာ နွေဦးရောက်မှပြန်ထွက်လာတဲ့အတွက် နွေရာသီမှာ သဘာဝပါတ်ဝန်းကျင်တခုလုံး စိမ်းစိုနေ ပီး မြန်မာနိုင်ငံကနွေရာသီနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။
          အဲ...အသစ်ထွက်လာတဲ့ အဲဒီရွက်နုတွေနဲ့အတူပါလာတဲ့ နော်ဝေးရဲ့-ရောဂါဆန်းတခုကတော့ -ဆန်းမား အလဂျီ- Summer Allergy ဖြစ်ပါတယ်။ ရွက်နုဝေချိန်မှာ ၀တ်မှုံတွေက လေထဲပြန့်နှံပီး အဲဒီ မှုံတွေကြောင့် နှာခေါင်း။ လည်ချောင်းနဲ့ မျက်လုံးတွေ ယားယံပီး နှာစေး။ ချောင်းဆိုးဖြစ်စေပါတယ်။ လူတိုင်းမဖြစ်ဘူးဆိုပေမဲ့ လူအတော်များများဖြစ်ကြပါတယ်။ ဒါပေမဲ့ နော်ဝေးကိုရောက်ရောက်ချင်း ပထမ ၃-နှစ်လောက်အတွင်း ဒီရောဂါအကြောင်း ကျနော်ဘာမှမသိပါဘူး။ ၂၀၀၃-နွေရာသီကျမှ ဒီရော ဂါက ကျနော်ဆီရောက်လာပီး အဲဒါကိုစနစ်တကျအချိန်မှီ အရေးတကြီးကုသရမှန်းမသိတဲ့အတွက် နွေ ရာသီ အလဂျီ-ဟာ အခုတော့ နှစ်ပါတ်လည်အလဂျီ-ဖြစ်သွားလို့ နှားခေါင်းကိုဆေးဖြန်း။ မျက်လုံးကို မျက်စင်းခတ် နေစဉ်မပျက်မကွက်လုပ်နေရပါတယ်။
          တကယ်ကတော့ ကျနော် ဒီလိုဖြစ်သွားတာဟာ နွေရာသီဝတ်မှုံတခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အာရှနဲ့ ဥရောပအကြား ရာသီတုနဲ့ လေထုညစ်ညမ်းမှု။ လေထုသိပ်သည်းဆ ကွားခြားပုံ အကြောင်းကိုမသိလို့။ အအေးဓါတ်များပီး လေထုသိပ်သပ်ပြန့်တဲ့နေရာမှာ အပူပိုင်းဒေမှာလို ဖြစ်သလို နေလို့မရဘူးဆိုတာကို အချိန်မှီမသိ လိုက်တဲ့အချက်ကလဲ အရေးကြီးတဲ့နေရာကပါဝင်နေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီနိုင်ငံကလူတွေဟာ ရာသီအလိုက် အ၀တ်စားတွေ။ အသုံးဆောင်ပစ္စည်းတွေကို ပြောင်းဝတ်။ ပြောင်းသုံးကြပီး အသုံးမလိုတော့တာတွေ။ အဟောင်းတွေကို နွေရာသီရောက်တိုင်း လွင့် ပစ်လေ့ရှိပါတယ်။ ဒါမှမဟုတ် အဟောင်းဈေးမှာ အလကားနီးပါးဈေးနဲ့ပြန်ရောင်းလေ့ရှိပါတယ်။ အဲဒီ အထာကိုမသိသေးတဲ့ ကျနော်လို အေးရှားသားတွေခမျာမှာတော့ သူတို့ပစ်ထားတာတွေက အ ကောင်းကြီးရှိသေးတယ်။ အဟောင်းဆိုင်ကပစ္စည်းတွေကလဲ အလတ်ကြီးရှိသေးတယ်ဆိုပီး ဆိုဖာ အ ဟောင်းတွေ။ မွေ့ရာအဟောင်းတွေကို ကောက်ယူသုံးစွဲမိရာကနေ အဲဒီပစ္စည်းအဟောင်းတွေထဲက ထွက်လာတဲ့ မသန့်တဲ့မှုံတွေ နှာခေါင်းထဲဝင်ပီး အခုလို အလဂျီ-ဖြစ်နေတယ်ဆိုတာကို အချိန်လွန်မှ သိခွင့်ရလိုက်လို့ဖြစ်ပါတယ်။


ဥတုကြီးလေးပါးထဲ တပါးပါးနဲ့ပြစ်မမှားမိအောင် ဘယ်လိုနေရမလဲ-

          ကျနော်တို့မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာာရှဒေသမှာ နွေး-မိုး-ဆောင်း ရာသီ ၃-မျိုးသာရှိပေမဲ့ ဒီမှာတော့ ဥတုရာသီက ၄-မျိုးရှိပါတယ်။ အခု ဧပြီလနှောင်းပိုင်းကနေ ဇွန်လလယ်လောက်အထိကို Spring နွေဦး-ရာသီ လို့ခေါ်ပြီး ဇွန်လလယ်ကနေ သြဂုတ်လနှောင်းပိုင်းအထိကိုတော့ Summer နွေရာ သီလို့ခေါ်ပါတယ်။ စက်တင်ဘာကနေ နိုဝင်ဘာနှောင်းပိုင်းအထိကိုတော့ Autumn ဆောင်းဦးရာသီလို့ ခေါ်ပီး ဒီဇင်ဘာကနေ မတ်လနှောင်းပိုင်းအထိကိုတော့ Winter ဆောင်းရာသီလို့ခေါ်ကြပါတယ်။ ဒါပေ မဲ့ ဒီရာသီ ၄-မျီုးအကြောင်းကို ပြက္ဒဒိန်ထဲမှာသိပ်မကြည့်ဖြစ်ပါဘူး။

နေထွက်ချိန်နဲစောပီး နေ၀င်ချိန်နဲနဲနောက်ကျလာပီ။ ရေခဲတွေအရည်ပျော်စပြုပီး အပူချိန်က အနှုတ်ကနေ အပေါင်းဖက်ပြောင်းစပြုပီ။ သစ်ရွက်နုတွေ ထွက်စပြုပီဆိုရင် အဲဒါဟာ နွေဦးပါဘဲ့။ မနက် ၄-နာရီမထိုးခင်ကတည်းက နေ-ထွက်နေပီ။ ည ၁၀-နာရီကျော်တဲ့အထိ နေ-မ၀င်သေး။ သစ်ပင်။ မြက် ခင်းတွေအားလုံး စိမ်းလန်းနေပီ။ ဂျုံစိုက်ခင်းတွေလဲစိမ်းလန်းစပြုပီ (နော်ဝေးနွေရာသီမှာ ဂျုံစိုက်တာမှ အပ အခြားသီးနှံပင်တွေကို စီးပွါးဖြစ်စိုက်တာမျီုး ကျနော်မတွေ့ဖူးသေးပါ။ ဒါကြောင့် အသားငါးဈေး ထက် ဟင်းသီးဟင်းရွက်ဈေးက ပိုကြီးနေတယ်လို့ထင်ပါတယ်) အပူချိန်ကလဲ အပေါင်း ၁၀-ဒီဂရိစင် တီဂရိတ်လောက်ကနေ ၂၀-၂၅-အထိရှိလာပီ။ ရေခဲပြင်ဖြစ်သွားတဲ့ ပင်လယ်နဲ့ရေကန်တွေထဲ အနွေး ဓါတ်နဲနဲရလာပီး ရေကူးလို့ရပီဆိုရင် အဲဒါ နွေရာသီပါဘဲ့။ အဲ-အပူချိန်က ၂၀-ကနေ အောက်နဲနဲ ပြုတ် ကျလာပီ။ သစ်ရွက်တွေကလဲ ရွေဝါရောင်သန်းလာပီ။ နေထွက်ချိန်လဲနဲနဲ နောက်ကျလာပီ။ နေ၀င်ချိန် လဲနဲနဲစောလာပီဆိုရင် အဲဒါ ဆောင်းဦးပါဘဲ့။ အပူချိန်က သုညအောက် ဆင်းစပြုပီ။ ဆီနှင်းတွေ ထူထူ ထပ်ထပ်ကျလာပီ။ မနက် ၈-နာရီလောက်အထိ နေ-မထွက်သေး။ ညနေ ၃-နာရီလောက်က တည်းက မှောင်စပြုနေပီဆိုရင် အဲဒါ-ဆောင်းရာသီဘဲ့လို့အလွယ်မှတ်သားထားရပါတယ်။

            ဒီလို ဥတုကြီး ၄-မျီုးရှိပြီး ပြောင်းလဲနေတဲ့ဥတုရာသီနဲ့အညီ အ၀တ်ဝတ်တာ။ အစာစားတာ။ နေတာထိုင်တာ အားလုံး လိုက်လျောညီထွေလိုက်လုပ်ဖို့လိုတယ်ဆိုတာကို ထိုင်း-မြန်မာနယ်စပ် တော တွင်းစခန်းကနေ ဥရောပရွေမြိုတော်ဆီ တန်းပီရောက်လာတဲ့ ကျနော်ခမျာမသိရှာ။ ကျနော်အယင် နော်ဝေးကို ရောက်နေသူတွေကလဲ ဒါတွေကိုအသေချာရှင်းမပြတော့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နှာစေး-ချောင်းဆိုး ရောဂါရခဲ့ပေါ့။ ဒါပေမဲ့ တတိယနိုင်ငံအခြေချရေး ကုလသမဂ-ဒုက္ဒသည်အစီစဉ်နဲ့ စနစ် တကျ ရောက်လာတဲ့သူတွေကျတော့ ကျနော်လို နလပိန်းတုန်းမဟုတ်တော့။ နော်ဝေးနဲ့ စကင်ဒင်နေ ဗီဒယန်းနိုင်ငံတွေဆီသွားမယ်ဆိုကတည်းက ဟိုမှာဘယ်လိုနေရမယ်။ ရာသီဥတုကဘယ်လို။ အစား အသောက် အ၀တ်အစားကဘယ်လို စသဖြင့် အသေချာရှင်းလင်းပြထားပီးသားလို့သိရပါတယ်။ (အခု နောက်ပိုင်းမှာဆိုရင် လေယဉ်စီးနည်းကိုပါသင်တန်းပေးနေတယ်လို့သိရပါတယ်။ ဖြစ်ပုံကတော့ တတိ ယ-နိုင်ငံသွား ဒုက္ဒသည်ကလေးငယ်တချို့ဟာ ထိုင်းနဲ့ ဥရောပအကြား ၁၀-နာရီကျော် လေယဉ် ခရီး စဉ်အတွင်း လေယဉ်ပေါ်မှာ အိမ်သာရှာမတွေ့တဲ့အတွက် ခိုင်ခုံတွေကြားမှာ အီးအီး-ပါချလိုက်ရာကနေ ပြသာနာတွေဖြစ်ပီး အခုလိုသင်တန်းပေးနေတာလို့ ဒုက္ဒသည်တွေဆီက သိရပါတယ်)
          တကယ်တော့ ချိ- Cheese -စားပီး နို့သောက်တယ်ဆိုတာ ဘိုဆန်ကြောင်းပြဖို့မဟုတ်။ ဆောင်းတွင်းမှာ အအေးဒန်ခံနိုင်ဖို့ဖြစ်တယ်။ ၂-ထောင် ၃-ထောင်တန်အနွေးထည်တွေကို ၀ယ်ဝတ် တယ်ဆိုတာဟာ ရှိုးထုတ်ဖို့မဟုတ်။ ဆီးနှင်းနဲ့အအေးဒန်ကိုကာကွယ်ဖို့ဖြစ်တယ်။ ရာသီ ၄-မျီုးအတွက် ၀တ်ရုံ ၄-မျီုးပြောင်းဝတ်တယ်ဆိုတာဟာ ငွေဖြုန်းတာမဟုတ်။ ကျမ်းမာရေးလိုအပ်ချက်အရဖြစ်တယ်။ နွေရာသီရောက်တိုင်း ကိုယ်တုံးလုံးချွတ်ပီးနေပူစာလှုံနေတာဟာ ၀တ်လစ်စလစ်ယဉ်ကျေးမှုကို ဖေါ် ဆောင်နေခြင်းမဟုတ်။ ၈-လလောက်နေရောင်ချည်မရတဲ့ ခန္တာကိုယ်ကို ၄-လအတွင်း ဘက်ထရီအား သွင်းသလိုမျီုး နေ-စွမ်းအင်ဖြည့်နေရခြင်းဖြစ်တယ်။ ...စသဖြင့် စသဖြင့် နော်ဝေး သူငယ်တန်း ဖတ်စာ တွေကို ၁၀-နှစ်လောက်နော်ဝေးမှာနေပီးမှ ကျနော်ခမျာသိလာရပါတယ်။
          ဒါတွေကိုမသိခင် ပီးခဲ့တဲ့ ၂၀၀၉-အထိတော့ ထိုင်းကနေပါလာတဲ့အ၀တ်တွေနဲ့ ၁၉၉။ ၂၉၉-ခရိုနာလောက်နဲ့ ၀ယ်ထားတဲ့ အ၀တ်တွေကိုဘဲ့ ၄-၅ ထပ်ဝတ်ပီး အနှုတ် ၂၀-လောက်ရှိတဲ့ အော်စလို ဆောင်းကို အံတုဖြတ်သန်းလာခဲ့ပေါ့။ တကယ်က ဒီလိုနည်းနဲ့ ဆောင်းကိုမဖြတ်ရ။ ဆောင်းတွင်းကာလ သုံးဖို့အတွက် နော်ဝေးနိုင်ငံကနေ အထူးစပယ်ရှယ် ထုတ်ထားတဲ့အ၀တ်စားတွေရှိပါတယ်။ ဈေးတော့ ကြီးတယ်။ ဒါပေမဲ့ အဲဒါတွေကိုမ၀ယ်ဝတ်ဘူးဆိုရင် အအေးဒန်ကိုမကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ခရို နာငွေ ၂-ထောင်ကျော် (အမေရိကန်ဒေါ်လာ ၃-ရာနီးပါး) တန်တဲ့ အနွေးထည်တထည်ကိုမနှစ်ကမှ ကျနော်ဝယ်ဝတ်ခဲ့ဖူးပါတယ်။ ပီးရင် ဆောင်းတွင်းအားကစားဖြစ်တဲ့ နှင်းလျောစီးခြင်းအလုပ်ကိုလဲ မနှစ် ကမှဘဲ့ ကျနော် စတင်စီးကျင့်ဖူးပါတယ်။ ဆောင်းတွင်းမှာအေးတယ်ဆိုပီး အိမ်ထဲမှာကွေးရင်း အရက် ထိုင်သောက်နေရင် အခြေနေပိုဆိုးနိုင်တယ်လို့ ကျနော်အိမ်ရှင်ကပြောပါတယ်။
"မင်း နော်ဝေးမှာရေရှည်နေမယ်ဆိုရင် ဆောင်းကိုမိတ်ဆွေဖွဲ့ထားမှရမယ်။ ဆောင်းနဲ့အကျွမ်း တ၀င် မရှိဘူးဆိုရင်တော့ မင်း-ရူးသွားလိမ့်မယ်" လို့ ကျနော်အိမ်ရှင်က သတိပေးပါတယ်။ နော်ဝေးစာ သင်ပေးတဲ့ဆရာမတော့ နော်ဝေးမှာ အညိုရောင်ဆောင်းနဲ့အဖြူရောင်ဆောင်းဆိုပီး ရာသီဥတုက ၂-မျိုးဘဲ့ရှိတယ်။ ဒါကြောင့် ဆောင်းကို မဖြစ်မနေုမိတ်ဆွေဖွဲ့ထားရမယ်လို့ပြောခဲ့ဖူးပါတယ်။
          သူတို့ သတိပေးမယ်ဆိုလဲပေးစရာပါဘဲ့။ ကျနော်တို့မြန်မာတွေ နေပုံထိုင်ပုံကလဲကြည့်ပါဦး။ ဆောင်းဆိုရင် ဈေးကြီးတဲ့အ၀တ်ဝယ်ရမှာစိုးလို့ အာရှကပါလာတဲ့အ၀တ်တွေကိုဘဲ့ ၄-၅-ထပ်ဝတ်။ ဒါမှမဟုတ် အဟောင်းဈေးက၀ယ်ထားတာတွေကို ပုံပျက်ပန်းပျက်ဝတ်ပီး အခန်းထဲမှာကွေး။ ရာသီဥတု အေးတာကိုအကြောင်းပြီး အရက်စုသောက်ကြ။ လေထုသိပ်သည်းဆကိုနားမလည်ဘဲ ငါးပိရည်နဲ့ အနံ ပြင်းတဲ့ မြန်မာအစားစာတွေကို စုချက်စားကြတော့ လေကအပြင်မထွက်ဘဲ တအိမ်လုံးနံစော်နေပေါ့။ ဒီ လိုနဲ့ နော်ဝေးဆောင်းကို ကိုရွေတွေဖြတ်သန်းနေကြပါတယ်။ ဒါပေမဲ့ နော်ဝေးနိုင်ငံသားတွေက ဒီလိုမ ဟုတ်။ နှင်းကျရင် သူတို့ကပျော်နေပီ။ မြန်မာတွေလိုအိမ်ထဲမှာကွေးပီးမနေ။ ခရိုနာ တသောင်းလောက် တန်တဲ့ အုပ်ထုပ်ကနေ ဖိနပ်အထိဝတ်စုံအပြည့်ဝတ်။ ခရိုနာ ၅-ထောင်လောက်တန်တဲ့ နှင်းလျောစီး-ကရိယာကိုယူပီး ရေခဲပြင်ဆီထွက်သွားပါလေရော။ ဒါလူကြီးတွေတင်လားဆိုတော့ မဟုတ်။ ကလေး ငယ်တွေလဲ ဒီလိုပါဘဲ့။ ဒုက္ဒသည်စခန်းမှာမွေးပီး နော်ဝေးမှာကြီးတဲ့ မြန်မာကလေးငယ်တွေလဲ ဒီလိုပါ ဘဲ့။ အသက် ၃၀-ကျော် ၄၀-၀န်းကျင်ကျမှ ရေခဲပြင်ဒေသဆီရောက်လာတဲ့ ကျနော်တို့မျိုးဆက်က တော့ "ရေထဲဆင်းသွားတဲ့ ဘဲကလေးတွေကို မွေးပေးလိုက်ရတဲ့ ကြက်မကြီးတွေလို" ကမ်းပေါ်ကနေ ငေးကြည့်နေယုံမှတပါး သူတိုနဲ့အတူရေထဲလဲ  မဆင်းနိုင်။ ရေခဲပြင်ကိုလဲ မထွက်နိုင်တော့တဲ့ အခြေနေ မျိုးပါ။
          နွေရာသီမှာလဲ ဒီလိုပါဘဲ့။ အော်စလိုသားတွေက နေရောင်ချည်ကိုအမြတ်တနိုးထားပီး နေ့ လည်စာကို နေရောင်အောက်မှာ ဖိတ်ကြွေးတာတို့။ နေရောင်အောက်မှာ ဘီယာသောက်တာ။ ဘာဘီ ကျုးကင်တာတွေလုပ်လေ့ရှိပါတယ်။ ကျနော်တို့ကတော့ အဲဒီနေပူဒန်ကိုမခံနိုင်လို့ အရိပ်ရှိတဲ့နေရာထဲ ခုံရွေ့ပီးစားသောက်ခဲ့ပေါ့။ နောက်တခါ ခုနကပြောတဲ့ ကလေးငယ်တွေနဲ့ နော်ဝေးတွေက ကိုယ်တုံး လုံးနီးပါးချွတ်ပီး (ကိုယ်တုံးလုံးချွတ်ပီးနေလှန်းတဲ့ Huk beach-ဆိုတာ သီခြားနေရာတခုအဖြစ် အော်စ လိုမှာရှိပါတယ်။ အဲဒီထဲဝင်သူတိုင်း တုံးလုံးချွတ်ပီးဝင်ရပါတယ်) နေလှန်းနေချိန်မှာ ကျနော်တို့မျိုးဆက် ကတော့ အဲဒီနေရောင်ကိုမခံနိုင်။ ညိုပီးသားအသား ထပ်ညိုမှာစိုးတယ်ဆိုပီး သစ်ပင်ရိပ်ကောင်းကောင်း အောက်ကနေ သူတို့ကိုငေးကြည့်နေပြန်ပေါ့။ တကယ်က ဒီလိုနေလှန်းတာဟာ ကျမ်းမာရေးအတွက် မဖြစ်မနေလုပ်ရမဲ့အလုပ်တခုဖြစ်တယ်။ ၁၂-လမှာ ၈-လလုံးလုံး နေရောင်ချည်မရတဲ့ ခန္တာကိုယ်ကို နေရောင်ချည်ပေးဖို့လိုတယ်။ တနည်းအားဖြင့် ဘက်ထရီအားသွင်းသလိုမျီုး ၈-လစာအတွက် ၄-လ အတွင်း ရသမျှနေရောင်ကိုယူပီး သုံလှောင်ထားဖို့လိုတဲ့သဘောပါ။ ဒီသဘောတရားကိုမသိရှာတဲ့ ကျနော်တို့မျိုးဆက်က ပုဂိုလ်တွေကတော့ ကောင်မလေးတွေ ကိုယ်တုံးလုံးချွတ်နေလှမ်းတာကို အထူး အဆန်းဖြစ်ပီး ခိုးကြည့်ကြ။ Huk Beach ကိုသွားပီးချောင်းကြည့်ကြနဲ့ အချိန်တွေကုန်ပီး ကိုယ်ဘက် ထရီ ကိုယ်ဖြည့်ဖို့မေ့လျောလာခဲ့တာ ၁၀-နှစ်တောင်ကြာခဲ့ပါရောလား။


နေမ၀င်အရပ်ဆီ တကယ်သွားပါတော့မည်

        ဆယ်နှစ်ဆယ်မိုး- (အော်စလိုမှာ မိုးရာသီမရှိသော်လည်း) နီးပါး အော်စလိုရဲ့ ရာသီဥတုနဲ့ အခြားအခြေနေတွေအတော်များများကို တီးမိခေါက်မိပီးတဲ့အခါမှာတော့ ငါလဲ နော်ဝေးနိုင်ငံသားတွေ လို ကျင့်ကြံနေထိုင်မှဖြစ်တော့မယ်။ ခရိးထွက်မှဖြစ်မယ်။ ဆောင်းမှာ စကီးစီးပီး ဆောင်နာ Sauna ၀င် မယ်။ နွေမှာ စက်ဘီးစီပီး ရေကူးမယ်။ နွေဦးမှာ လမ်းလျောက်ပီး တောင်တက်မယ်။ ...စသဖြင့် စိတ် အားတင်းပီး နေမ၀င်တဲ့ မြောက်ပိုင်းဒေသဆီ ခရီးထွက်ဖို့ ကျနော် စီစဉ်ခဲ့ပါတယ်။
တကယ်တန်းပြောမယ်ဆိုရင်တော့ ကျနော်အပါဝင် နော်ဝေးရောက် ကိုရွေအတော်များများ ဟာ ၁၀-နှစ်ဝန်းကျင်ကာလအတွင်း ထိုင်းနိုင်ငံဆီ ၂-ခေါက် ၃-သုံးခေါက်။ အခြား ဥရောပနိုင်ငံတွေဆီ ၄-၅ ခေါက်လောက် သွားရောက်လည်ပါတ်ခဲ့ဖူးပီးဖြစ်ပေမဲ့ သဘာဝအလှတွေနဲ့ကျော်ကြားလှတဲ့ Mid-night Sun နေ မ၀င်အရပ်ရှိရာ။ Northern Light- ခေါ် ဆောင်းတွင်းမှာမြင်ရတဲ့ မြောက်ပိုင်းရောင် ချည်ရှိရာ နော်ဝေးမြောက်ပိုင်းဒေသဆီ သွားရောက်လေ့လာဖူးသူ ၁၀-ဂနန်းတောင်မရှိသေးပါဘူး။ ဒါကလဲ သဘာဝတရားရဲ့ဆန်းကျယ်ပုံကိုစိတ်မ၀င်စားလို့ဆိုပီးအပြစ်တင်လို့တော့မရသေး။ ဈေးကြီးတာ က အဓိကနေရာကပါနေတယ်လို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ သူငယ်ချင်းတွေကပြောပါတယ်။
ဥပမာအားဖြင့် နော်ဝေးကနေ ထိုင်းကိုသွားမယ်ဆိုရင် လေယဉ်ခ ခရိုနာ ၇၀၀၀-လောက်နဲ့ ကိစ္စပြတ်သွားပီ။ ဟိုရောက်ရင် အသိအိမ်တွေမှာတည်း။ အမျီုးတွေနဲ့တွေ့။ နောက်ထပ် သိပ်မကုန် တော့ပါဘူး။ အလားတူ အခြားဥရောပနိုင်ငံတွေကိုသွားမယ်ဆိုရင်လဲ လေယဉ်ခက ၁၀၀၀-၁၅၀၀ ၀န်းကျင် လောက်နဲ့အဆင်ပြေပါတယ်။ ဒါပေမဲ့ နော်ဝေးတောင်ပိုင်းကနေ မြောက်ပိုင်းကိုသွားမယ် ဆိုရင်တော့ လေယဉ်ခက ၂၀၀၀-ကျော်ကုန်မယ်။ ဟိုတယ်ခကလဲ တနေ့ ၁၀၀၀-၀န်းကျင်ကုန်မယ်။ စားစရိတ်နဲ့ တက္ကစီခပါပေါင်းလိုက်မယ်ဆိုရင် ထိုင်းခရီးစဉ်တခုစာမက ရှိသွားနိုင်တဲ့အတွက် အဲဒီဒေသ ဆီသွားလည်ဖို့တုန့်ဆုတ်နေကြတာဖြစ်ပုံရပါတယ်။
ဒါပေမဲ့ နော်ဝေးနိုင်ငံသားတွေနဲ့ ငွေကြေးတတ်နိုင်တဲ့ ကမ္ဘာလှည့်ခရီးသည်တချီု့ကတော့ လေ ယဉ်ခရီးစဉ်ထက် ၁၀-ဆမကဈေးများတဲ့ Titanic သဘောင်္ထက် ပိုကြီးပီး ပိုကောင်းတဲ့ ဇိမ်ခံသဘောင်္ ကြီးတွေကို သတင်းတပါတ်စာ။ ၁၀-၁၅ ရက်စာစီးပီး နေမ၀င်တဲ့မြောက်ဝင်ရိုးစွန်းအရပ်ဆီ တကူး တကာ့ နှစ်စဉ်လည်ပါတ်နေလေရဲ့။ ဇွန်လလယ်မှာ အော်စလိုနဲ့ ဘာဂင်မြို့တွေဆီကနေ ထွက်ခွါပီး တရို စွန်မြို- Tromsø- နဲ့ မြောက်ဝင်းရိုးစွန်း- The North Cape အနီးဝန်းကျင် အရပ်တွေဆီ ဇွန် ၂၂-နေ့တာအရှည်ဆုံးကာလတွေမှာရောက်သွားပါတယ်။ အဲဒီခရီးစဉ် သတင်းတပါတ်လုံးလုံး သဘောင်္ပေါ် မှာ သန်းကောင်ယံနေ- Midnight Sun ကို ညစဉ်မြင်နေရပီး အဖြူရောင်ည White nights မှာ ညစဉ် အိပ်ရမှာဖြစ်ပါတယ်။ ဒါဟာတကယ့်ကို ထူးဆန်းတဲ့ သဘာဝအလှတရားဖြစ်တဲ့အပြင် Romantic-သိပ် ဖြစ်တဲ့အတွက် ဟန်းနီးမွန်းထွက်သူတွေ။ သဘာဝအလှကို အမိအရခံစားချင်သူတွေ အများအပြား တိုးဝှေ့နေတဲ့ ခရီးစဉ်တခုလဲဖြစ်ပါတယ်။ 
ဒါပေမဲ့ အဲဒီလိုတိုးဝှေ့နေသူစာရင်းထဲမှာ ကျနော်တို့ရွေတွေတော့မပါ-ပါဘူး။ ကျနော်တို့ရွေတွေ တိုးဝှေ့နိုင်တဲ့သဘောင်္ကတော့ အော်စလိုကနေ ဒိန်းမတ်နိုင်ငံရဲ့ဆိပ်ကမ်းမြိုတခုဖြစ်တဲ့- Frederikshavn -မြိုဆီသွားတဲ့ Stena line ဈေးသဘောင်္ပါ။ ဈေးသဘောင်္ဆိုလို့ အထင်တော့ မစမောပါနဲ့။ Titanic လောက်မကြီးကျယ်ပေမဲ့ မြန်မာနိုင်ငံက တောင်ကြီး။ မြစ်ကြီးနား ကမ်းရိုးတန်းသွားသဘောင်္တွေထက် အများကြီးသာပီး ခုနက ဇိမ်ခံသဘောင်္တွေထက် တဆင့်နိမ့်ထားတဲ့သဘောမျှသာဖြစ်ပါတယ်။ အော်စ လိုမှာ အရက်။ ဆေးလိပ်။ အသားငါး။ ...စသဖြင့် အားလုံးဈေးကြီးလွန်းတဲ့အတွက် တယောက်မှ ခရို နာ ၁၀၀-၂၀၀ ၀န်းကျင်သာပေးရတဲ့ အဲဒီသဘောင်္ကြီးကို တညတာစီးပီး ဒိန်းမတ်အထိဈေးသွားဝယ်ရ တာဟာ အော်စလိုကရွေတွေရဲ့လုပ်ငန်းစဉ်တခုပါ။ (အော်စလိုမှာ အရက်ဘယ်လောက်အထိ ဈေးကြီး သလဲဆိုရင် ဈေးအပေါဆုံးအရက်တမျိုးဖြစ်တဲ့ Red label လီတာဝက် ပုလင်းပြားလေး တလုံးကို ၂၃၅-ခရိုနာပေးရပါတယ်။ ဒါတောင် ကြိုက်တဲ့အချိန်သွားဝယ်လို့မရ။ အရက်ဆိုင်အားလုံးကို အစိုးရက ထိမ်း ချုပ်ထားပီး တနင်္ဂနွေနေ့မှာလုံးဝ-ပိတ်။ တနလာင်္ကနေ စနေအထိ ကိုတော့ ရုံးချိန်အတွင်းသာ ၀ယ်ခွင့် ပေးထားပါတယ်။ အဲဒီအရက်ကိုဘဲ ခုနက ဒိန်းမတ်သွားသဘောင်္ရဲ့ Duty Free ဆိုင်မှာဝယ် မယ်ဆိုရင် ၁၄၀-။ အော်စလိုလေယဉ်ကွင်း duty Free ဆိုင်မှာဆိုရင် ၇၅-ပေးရပါတယ်။ ဘီယာကိုတော့ စတိုး ဆိုင်ကြီးတချီု့မှာ မနက် ၁၀-နာရီကနေ ၈ -နာရီအတွင်းဝယ်ယူ နိုင်ပီး တနင်္ဂနွေမှာပိတ်ပါတယ်။ ဘန် ကောက်မှာလို Seven Eleven ဆိုင်တွေမှာ ကြိုက်တဲ့အချိန်ကြိုက်သလောက် ၀ယ်ခွင့်မရှိပါ)


Midnight sun နဲ့ White nights ညကို တကယ်ကြုံရသောအခါ

ဆိုလိုတာကတော့ သဘာဝအလှတရားတွေကိုအသေချာလေ့လာသင့်တာမှန်ပေမဲ့ ဈေးကြီး တာကိုကြောက်လေ့ရှိတဲ့မြန်မာတွေဟာ အခုထိ နေမ၀င်အရပ်နဲ့ မြောက်ပိုင်းရောင်ချည်ရှိရာအရပ်တွေ ဆီ ရောက်ဖူးသူသိပ်မရှိသေးပါဘူး။ ကျနော်ကတော့အရဲစွန့်ပီး ခရိုနာ ၅၀၀၀-၀န်းကျင်အကုန်ကျခံကာ ၂၀၀၉-ဇွန်လ ၂၂-ရက်နေ့မှာ မြောက်ပိုင်းမြိုတော် Tromsø -ဆီရောက်သွားခဲ့ပါတယ်။ အော်စလိုနဲ့ Tromsø-ဟာ ကီလိုမီတာ ၁၇၀၀-နီးပါးကွာဝေးပီး တနာရီကျော်ကြာလေယဉ်စီးရပါတယ်။ နေ့တာ အရှည်ဆုံးကာလ။ နော်ဝေးနိုင်ငံရဲ့အပူဆုံးအချိန်မို့ အော်စလိုမှာတော့ ရေခဲတောင်တွေကိုလုံးဝမမြင်ရ တော့ဘဲ သစ်ပင်စိမ်းစိမ်းတွေ။ မျက်ခင်းစိမ်းစိမ်းတွေကိုသာ နေရာတိုင်းမြင်နေရပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းဖက်ကိုလေယဉ်ဝင်လာတာနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားပါတယ်။ Tromsø -မြိုအနီး တ၀ိုက်မှာ ရေခဲတောင်တွေရှိနေဆဲဖြစ်ပီး ရာသီဥတုကလဲ အေးနေဆဲဖြစ်ပါတယ်။ အော်စလိုမှာနေ တဲ့ပုံစံမျီုးနဲ့ အနွေးထည်ပါးပါးလေးတထည်သာ ယူလာမိတဲ့  ကျနော့်ခမျာမှာ ဒုက္ဒဖြစ်ပြန်ပေါ့။
ဈေးပေါတဲ့နောက်ဆုံးလေယဉ်ကိုစီးပီး ခရီးထွက်လာတဲ့ကျနော် Tromsø- လေယဉ်ကွင်းကို ရောက်တော့ ည ၁၀-နာရီလောက်ရှိနေပါပီ။ ဘတ်စ်ကားစီးပီးဟိုတယ်ကိုသွား။ ပစ္ဒည်းတွေနေရချပီးပြန် ထွက်တော့ ၁၁-နာရီကျော်နေပီ။ ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့က ရာသီဥတုကောင်းပီးနေသာနေ ဆဲဖြစ်တဲ့အတွက် သန်းကောင်းယံနေကို ဘယ်နားကနေ သွားကြည့်ရင်ကောင်းမလဲ။ ဒီအချိန်သွား ကြည့်ရင် မီနိုင်သေးလားဆိုပီး ဟိုတယ်-လော်ဘီ-မှာမေးတော့ "တံတားကြီးရှေ့က ဘုရားကျောင်းကို သာသွား။ အဲဒီနေရာဟာအကောင်းဆုံးဘဲ" လို့ ဟိုတယ်စာရေးက ကျနော်ကို အကြံပေးပါတယ်။ ဒါနဲ့ ကင်မရာအိပ်နဲ့ ထရိုင်ပွတ်ကို ကတိုက်ကရိုက်လွယ်ပီး တံတား ထိပ်ဆီပြေးရပါတယ်။ တခါမှ မရောက် ဖူးသေးတော့ ဘယ်လောက်ဝေးမှန်းလဲမသိ။ ဟိုတယ်ကနေ ဒီဖက် တံတားထိပ်ကိုတင် ၁၅-မီနစ်။ တံတားဒီဖက်ထိပ်ကနေ ဘုရားကျောင်းရှိတဲ့ဟိုဖက်ထိပ်အထိက ၁၀-မီနစ်ဆိုတော့ ဘုရားကျောင်းရှေ့ မှာ ကျနော်ကင်မရာချိန်နိုင်တဲ့အချိန်ကျတော့ သန်းကောင်ယံ ရောက်ဖို့ ၁၅-မီနစ်ဘဲ့လိုပါတော့တယ်။
အဲဒီနေရာမှာ ကျနော်အယင်ရောက်နေသူတွေကအများကြီး။ ဒါပေမဲ့ အားလုံးက အပျော်တန်း ကင်မရာသမားတွေသာဖြစ်တဲ့အတွက် ကျနော် တီဗွှီ-ကင်မရာကြီးကို ထရိုင်ပွတ်ပေါ်တင်ပြီး ထောင် လိုက်တော့ သူတို့က ကျနော်ကိုနေရာဖယ်ပေးကြပါတယ်။ ဒီလိုနဲ့ Tromsø -မြစ် အနောက်ဖက် တောင်စွယ်မှာ ကွယ်တော့မလိုလိုဖြစ်နေတဲ့ နေကိုအသေချာရိုက်ခွင့်ရလိုက်ပါတယ်။ သန်းကောင်ယံ မရောက်ခင် ၁၀-မီနစ်အထိ နေကတဖြေးဖြေးနိမ့်ဆင်းလာနေဆဲလို့ ကျနော်စိတ်ထဲထင်နေပီး ၅-မီနစ် လောက်အလိုမှာတော့ ရပ်တန့်သွားသလိုခံစားမိပါတယ်။ ပီးတော့ နေက အောက်ကိုဆက်မဆင်းတော့ ဘဲ့ နဘေးကို ၁၀-မီနစ်ခန့်ရွေ့သွားပီး အပေါ်ကိုနဲနဲပြန်ထောင်တက်လာတယ်လို့ ကျနော်မျက်စိနဲ့ ကျ နော် စိတ်ထဲ ခံစားမိပါတယ်။
သန်းကောင်ယံကို ၁၅-မီနစ်လောက်ကျော်ပီးတဲ့အခါမှာတော့ သန်းကောင်ယံနေ မှတ်တန်း ရိုက်ချက်ကိုကျနော်ရပ်နားပီး ဒီနေကို တကူးတကာလာကြည့်ကြတဲ့ ပရိတ်သတ်ကို အင်တာဗျုးလုပ်။ နောက်တခါ သန်းကောင်ယံအချိန်မှာ ဘုရားကျောင်းတက်ပီး ၀တ်ပြုကြတဲ့လူတွေကို မှတ်တန်းရိုက်ပီး မနက် ၁-နာရီမှာ ဟိုတယ်ကိုကျနော်ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာတော့တမျိုးကြီးပါဘဲ့။ သန်းကောင်ယံ ကျော်လဲနေကမ၀င်။ မနက် ၁-နာရီလဲ နေကလင်းနေဆဲ။ ဒါပေမဲ့ လင်းပုံလင်းနည်းကတော့ နေ့ဖက်မှာ လင်းတဲ့အလင်းရောင်ထက် နဲနဲဖျော့ပီး လပြည့်ည လ-အလင်းရောင်ရဲ့ ၂-ဆလောက်နီးပါး လင်းနေတဲ့ သဘောမျိုးလား။ နေ၀င်ချိန် တိမ်တောက်စဉ်လင်းနေတဲ့အလင်းမျီုးလားလို့ ကျနော်စိတ်ထဲနှိုင်းယှဉ်မိ ပေမဲ့ တကယ်ကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ကျနော်တသက်မှာ ဒီတခါဘဲ့တွေ့ဖူးသေးတဲ့ သန်း ကောင်ယံနေရဲ့ အလင်းရောင်ပါ။
ဒီလိုနှိုင်းယှဉ်တွေးဆရင်းနဲ့ ငယ်ငယ်ကရွာဘုရားပွဲမှာကြည့်ဖူးတဲ့ မြန်မာ့ဇါတ်သဘင်ထဲက စ ကားလုံးတချီု့ကိုသတိရပီး ကျနော်ပြုံးမိပါတယ်။ "တောင်စွယ်မှာနေကွယ်ရင် ဒီလူဆိုးကိုအသေသတ် စေ'' ဆိုတာမျိုး။ "တောင်ထိပ်မှာကြာပေါက်ပီး အနောက်ကနေထွက်မှ မင်းငါ့ကို ဖမ်းနိုင်လိမ့်မယ်'' ဆို တာမျိုးတွေဟာ ကျနော်တို့ရွာကဘုရားပွဲပရိတ်သတ်အတွက်ခံစားလို့ရပေမဲ့ အခု နော်ဝေးမြောက်ပိုင်း မှာများ အဲဒီလိုပြောမိရင် လူဆိုးကိုလဲမသတ်နိုင်။ ဇါတ်လိုက်ကိုလဲခနလေးနဲ့ဖမ်းမိသွားနိုင်မဲ့ သဘောမျီုး ဖြစ်နေပါတယ်။ နောက်တခါ အာရုံတက်ချိန်မှာ ဆွမ်းတော်တင်တာတို့။ နေမွန်းမတည့်ခင်မှာ ဘုန်ကြီး ဆွမ်းအမှီကပ်ရတာတို့။ နေလွဲညစာမစားရတို့။ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိအလုပ်လုပ်ရမယ်ဆို တာတို့တွေဟာ ဒီလိုနေရာမျီုးမှာတော့ အံဝင်ဂွင်ကျမဖြစ်နိုင်တော့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် တော့ အမြဲတန်းအမှန်တရားတခုအဖြစ် ကမ္ဘာကြီးရဲ့ဒေသတခုကလူတွေက ယုံကြည်ထားပေမဲ့ အဲဒီ အမှန်တရားဆိုတဟာ ကမ္ဘာကြီးရဲ့အခြားတနေရာမှာတော့ မှန်ချင်မှမှန်မယ်။ အမှန်တရားနဲ့ လူသား တွေရဲ့တန်ဖိုးထားမှုဆိုတာတွေဟာ ကာလဒေသကိုလိုက်ပီး အပြောင်းလဲဖြစ်သွားနိုင်သလား-ဆိုတာကို ကျနော်စဉ်းစားနေမိပါ တယ်။
နောက်တနေ့မှာတော့ မနက်စောစောထပီး Tromsø -မြိုရဲ့အလှအပနဲ့ ထင်ရှားတဲ့နေရာတွေ ကို ရိုက်နိုင်ဖို့ဆိုပီး ခုနကဘုရားကျောင်းနောက်ကျော်ဖက်က တောင်ထိပ်ကို Cable Car နဲ့တက်။ အဲဒီ နေရာကနေ မြိုထဲကိုပြန်ကြည့်တော့ ရှုခင်းက အတော်လှနေပါတယ်။ တွေသမျှလူတွေကို ဘာကြောင့် ဒီကို လာလည်တာလဲ။ ဘယ်လိုထူးခြားချက်ရှိသလဲ...စသဖြင့်မေးမြန်းပီးတဲ့အချိန်မှာ အချိန်က နေ လည် ၂-နာရီလောက်ရှိနေပီ။ ကံကဆိုးချင်တော့ ဒီနေ့မှာ မနေ့ကလိုနေမသာ။ မိုးဖွဲဖွဲလေးရွာနေပီး အအေးဓါတ်ကလဲ ၁၀-စင်တီဂရိတ်ကျော်ယုံလေးဘဲ့ရှိမယ်လို့ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ကျနော်က ဒီနေ ရာကနေ အပေါ်တဆင့်မြင့်တဲ့ တောင်ထိပ်ဆီတက်ချင်ဆဲ။ ခရီးသွားတွေ တယောက်စ နှစ်ယောက်စ တက်နေတာကိုမြင်ရပေမဲ့ "ဒီနေရာကိုကျော်ပီး ဆက်သွားပါက မိမိရဲ့လုံခြုံရေးကို မိမိဘာသာတာဝန် ယူရမည်'' ဆိုတဲ့ သတိပေးစာကိုမြင်ရတဲ့အခါမှာတော့ ခြေလှမ်းကခန့်တွန့်တွန့်ရယ်။
ဒါမေပဲ့ "မဖြစ်ပါဘူး။ ဒီအထိအရဲစွန့်လာပီးမှ ဒီတောင်ထိပ်ဆီမရောက်ဘူးဆိုရင် ဇရာဝင်ရိုင်း လိမ့်" လို့ ကိုယ်ဘာသာအားပေးပီး တောင်ထိပ်ကိုမရောက်-ရောက်အောင်တက်ဖို့ပြင်ပါတယ်။ ဒါပေမဲ့ တောင်ကဝေးပီး နဲနဲစောက်တော့ ကင်မရာရော။ ထရိုင်ပွတ်ရောယူသွားဖို့မဖြစ်နိုင်။ ဒီတော့ ထရိုင်ပွတ် -ကို မြက်ခင်းထဲဝှက်။ ကင်မရာအိပ်ကိုကျော်မှာလွယ်။ ရေခဲတ၀က်။ မြေပျော့တ၀က်။ ကျောက်ဆောင် တ၀က်ဖြစ်နေတဲ့ တောင်ကတုံးပေါ်ကိုတွယ်တက်ခဲ့ပါတော့တယ်။ ဒီတောင်ထိပ်ဟာ အောက်ကနေ ကြည့်ရင် သိပ်မဝေးဘူးလို့ထင်ရပေမဲ့ တကယ်တန်းတက်တော့ တနာရီမကကြာတယ်လို့ထင်ပါတယ်။ ပိုဆိုးတာက ကျနော်မှာခရိးသွားဖေါ်မပါ။ ကျနော်တောင်တက်ခါစက ဟိုနားတယောက် ဒီနား တ ယောက်မြင်နေရတဲ့လူတွေလဲ ဘယ်ရောက်ကုန်မှန်းမသိ။ ကျနော်အနီးဝန်းကျင်မှာ တယောက်မှ မတွေ့ ရတော့။ တောင်ခါပန်းလောက်ရောက်တော့ လူက အတော်မောနေပီ။ အအေးဓါတ်ကလဲပိုများလာတဲ့ အတွက် ငါ-ကြွက်တက်ရင်တော့ ပြသာနာဘဲ့။ အကူညီတောင်းဖို့လဲ အနီးနားမှာတယောက်မှမရှိ။ နော်ဝေးစကားလဲတလုံးမှမတတ်... စသဖြင့်အတွေးတွေများပီး ပြန်လှည့်ဆင်းရင် ကောင်းမလား။ ဆက်တက်ရင်ကောင်းမလားနဲ့ ၅-မီနစ်လောက်နားပီး ရေသောက်ရင်း တွေဝေနေမိပါတယ်။
ဘာဆိုင်မှန်းတော့မသိ။ အဲဒီလိုတွေဝေနေချိန်မှာ လူမင်းနဲ့ လွင်မိုးတို့ရဲ့ ကချင်ပြည်နယ်က ရေခဲတောင်တက်ခရီးစဉ် လျှို့ဝှက်သောနှင်း-ရုပ်ရှင်ကိုစိတ်ထဲမှာမြင်လာပါတယ်။ "တောင်တက်တယ် ဆိုတာဟာ ကိုယ်ကိုကိုယ် ဘယ်လောက်ယုံကြည်စိတ်ချသလဲ ဆိုတာကိုစမ်းသပ်တာဘဲ့'' ဆိုတဲ့စကား လုံးနဲ့ ရေခဲတောင်ပေါ်ကနေ ပြုတ်ကျတဲ့ အခန်းတွေကိုသွားမြင်မိပီး စိတ်တင်းလိုက်ပါတယ်။ ကြွက် မတက်အောင် သတိထားတက်ရင်းနဲ့ နောက်ဆုံးတော့ တောင်ထိပ်ကို ကျနော်ရောက်သွားပါတယ်။ အချိန်က ၃-နာရီခွဲ ၄-နာရီဝန်းကျင်ရှိနေပီ။ လူသူလေးပါးလဲ တဦးမှမတွေ့။ ကင်မရာထရိုင်ပွတ်လဲ မပါတော့ ကျောက်ဆောင်တခုပေါ်မှာ ကင်မရာကိုအသေချိန်ပီး ကိုယ်ပုံကိုယ်ရိုက်။ မြင်ကွင်းနဲ့ နရေး ရှင်းကို လက်တန်းပြော။ ဘေးပါတ်လည်ကရေခဲတောင်တွေကိုအမြန်ရိုက်ပီး ခပ်သွက်သွက်လေးပြန် ဆင်းပြေးလာရပါတယ်။ ဒီတောင်ထိပ်မှာရော။ ခုနက ကေဘယ်ကား-ဆိုက်ရာတောင်ထိပ်မှာရော ထူး ထူးခြားခြား ကျနော်သတိထားမိတာကတော့ တောင်ထိပ်ရဲ့ အမြင်ဆုံးနေရာတွေမှာ ကျောက်တုံးလေး တွေကိုစုံပုံပီး ကျနော်တို့ဆီက စေတီပုံစံလိုမျိုး လုပ်ထားတဲ့ ကျောက်ပုံ-သင်္ကေတတွေဖြစ်ပါတယ်။
ညနေ ၆-နာရီလောက်မှာ ဟိုတယ်ကိုခနပြန်နား။ ရေမိုးချိုးပီး သန်းကောင်ယံနေကို အပီအပြင် ရိုက်နိုင်ဖို့ ည ၁၀-နာရီလောက်မှာ ခုနက ကေဘယ်ကားသွားတဲ့ တောင်ထိပ်ဆီ ကျနော်ပြန်တက်လာ ပါတယ်။ ဒါပေမဲ့ ရာသီဥတုက ကိုယ်ဖက်လုံးဝမပါတော့ပါဘူး။ နေတ၀က် တိမ်တ၀က် မိုးတ၀က်နဲ့ ဘယ်လိုမှလင်းလင်းချင်းချင်းမရှိတော့ပါ။ ည ၁၂-နာရီခွဲ ကေဘယ်ကား ပိတ်တဲ့အချိန်ထိ ထိုင်စောင့် ပေမဲ့ ဘယ်လိုမှ နေရောင်ကိုကောင်းကောင်းမမြင်ရတော့။ နောက်ဆုံးတော့ စိတ်လျော့ပီး ဒီနေ့မရလဲ မနက်ဖြန်တရက်ကျန်သေးတာဘဲ့လို့ ကိုယ်ဘာသာအားပေးပီး ဟိုတယ်ကိုပြန်လာခဲ့ရပါတယ်။
နောက်တနေ့မနက်မှာတော့ မြောက်ဝင်ရိုးစွန်းအရပ်ကထင်ရှားတဲ့ ၀က်ဝံတွေ။ ပင်ဂွမ်းငှက် တွေ။ ပင်လယ်ဖျံတွေ-စတဲ့ ရေသတ္တာဝါပြတိုက်ကိုသွားရိုက်။ ပီးတော့တခါ Polar ပြတိုက်လို့ နာမည် ကြီးတဲ့ နော်ဝေးလူမျိုတွေ အာတိတ်စက်ဝိုင်းနဲ့ North Pole ခေါ်မြောက်ဝင်းရိုးစွန်းအရပ်ဆီသွားတဲ့ ရေခဲပြင် စွန့်စားခန်းအကြောင်းပြတိုက်။ ဆောင်းရာသီမှာမြင်ရတဲ့ Northern Light မြောက်ပိုင်းရော င်ချည်အကြောင်း ပြတိုက်တွေကို လေ့လာမှတ်တန်းတင်ခဲ့ပါတယ်။ ဒီမှတ်တန်းတွေအရ သန်းကောင် ယံ နေ-ကိုမြင်နိုင်တဲ့ဒေသဟာ နော်ဝေးမြောက်ပိုင်းတခုတည်းမဟုတ်ဘဲ North Pole နဲ့ထိစပ်နိုင်ငံတွေ ဖြစ်တဲ့ ဆွီဒင်မြောက်ပိုင်း။ ဖင်လန်မြောက်ပိုင်း။ ဒိန်းမတ်ပိုင် Green land ကျွန်း။ အိုင်းစလန်းမြောက် ပိုင်း။ ရုရှားမြောက်ပိုင်း။ ကနေဒါမြောက်ပိုင်းနဲ့ အမေရိကန်ပြည်ထောင်စု အလက်စကားပြည်နယ် မြောက်ပိုင်း ဒေသတွေကလဲ မြင်နိုင်တယ်လို့သိရပါတယ်။ ဖင်လန်မြောက်ပိုင်းမှာဆိုရင် ၇၃-ရက်တိတိ နေမ၀င်ဘူးလို့သိရပီး နော်ဝေးမြောက်ပိုင်းကကျွန်းလေးတခုဖြစ်တဲ့ Svalbard မှာဆိုရင် ဧပြီလ ၁၉-ရက်နေ့ကနေ သြဂုတ်လ ၂၃-ရက်နေ့အထိ ၄-လတာလုံးလုံးနေမ၀င်ဘူးလို့သိရပါတယ်။ (တကယ်က အဲဒီကျွန်းအထိရောက်အောင်သွားသင့်ပေမဲ့ ကျနော်ကတော့ Tromsø -အထိဘဲ့ရောက်ဖူးပါသေး တယ်)
နိုင်ငံပေါင်း ၇-ခုကနေ သန်းကောင်ယံနေကို မြင်နိုင်တယ်ဆိုပေမဲ့ နော်ဝေးမြောက်ပိုင်းဟာ မြင် ကွင်းအကောင်းဆုံးနဲ့ အထင်ရှားဆုံးနေရာဖြစ်တဲ့အတွက် ခရီးသွားတွေ အခုလိုအများအပြားလာ နေ ကြတာဖြစ်တယ်လို့ Tromsø -မြိုတော်ဝန်ရုံး ပြန်ကြားရေးအရာရှိက ကျနော်ကိုရှင်းပြပါတယ်။ ဒါအ ပြင် ဆောင်းတွင်းကာလမှာလဲ Tromsø -ဟာ တလလောက်နီးပါး နေမထွက်တဲ့အတွက် မြောက်ပိုင်း ရောင်ချည် Northern Light ကိုလေ့လာချင်သူအများအပြား လာရောက်လည်ပါတ်လေ့ရှိတယ်လို့ သူ ကဆိုပါတယ်။ Tromsø မြိုဟာ မြောက်လဒ်တီကျု-၆၆-ဒီဂရီကျော်တဲ့အရပ်မှာရှိနေလို့ အခုလိုနေမ၀င်-နေမထွက်တဲ့ နေ့တွေကို လနဲ့ချီကြုံနေရတာဖြစ်ပီး North Pole-ဆိုရင်ရင် မြောက်လာဒ်တီကျု- ၉၀-ဒီဂရီအထိမြင့်တယ်လို့ သူကရှင်းပြပါတယ်။
ကျနော်တို့ကျောင်းသားအရွယ် ငယ်ငယ်တုန်းက မြောက်လဒ်တီကျု။ တောင်လဒ်တီကျု။ မြောက်ဝင်းရိုးစွန်း။ တောင်ဝင်းရိုးစွန်း ဆိုတာတွေကို ပထ၀ီ- ဘာသာထဲမှာအလွတ်ကျက်သင်ခဲ့ဖူးပေမဲ့ အခု-အဲဒီဝင်ရိုးစွန်းဒေသကို လူကိုယ်တိုင်ရောက်လာတဲ့အခါမှာတော့ စာအုပ်ထဲက ပထ၀ီ-နဲ့ လက်တွေ့ ပထ၀ီ-ကို ဆက်စပ်စဉ်းစားနိုင်ဖို့ ကျနော်အသဲအသန်ကျိုးစားနေရဆဲ။ "ကမ္ဘာကြီးသည်မိမိဝင်ရိုးပေါ် ၂၃-နှစ်ပိုင်းတပိုင်းဒီဂရီစောင်းကာ နေ-ကိုဗဟိုပြုပီး လည်ပါတ်နေသည်"-ဆိုတဲ့ သူငယ်တန်းဖတ်စာ။ နောက်တခါ "၂၃-နှစ်ပိုင်းတပိုင်းဒီဂရီစောင်းတဲ့ ကမ္ဘာကြီးအလယ် အသဲလေးများမတိမ်းစောင်းဖို့ရာ လိုသေးတယ်" ဆိုတဲ့ အဆိုတော်ကိုင်ဇာရဲ့ ကျောင်းသားဘ၀က သီချင်းသံတွေကို ပြန်စဉ်းစားမိတော့ မှဘဲ့ နေ-မင်တဲ့ညနဲ့ နေ-မထွက်တဲ့နေ့-တွေအကြောင်း နဲနဲလေးရိပ်ဖမ်းသံဖမ်းနားလည်သလိုဖြစ်လာမိ ပါတယ်။
ဆိုလိုတာကတော့ ၂၃-နှစ်ပိုင်းတပိုင်းဒီဂရီစောင်းပီးလည်နေတဲ့ကမ္ဘာကြီးရဲ့ မြောက်ဝင်ရိုးစွန်း ဒေသဟာ အခုလိုနွေရာသီမှာ နေနဲ့အနီးဆုံး။ သို့မဟုတ် နေလုံးရဲ့အပေါ်တည့်တည့်မှာရောက်နေတဲ့အ တွက် တညလုံးလင်းနေတာဖြစ်ပါတယ်။ ဆောင်းရာသီရောက်တဲ့အခါမှာတော့ နေလုံးနဲ့အဝေးဆုံး။ သို့ မဟုတ် နေလုံးရဲ့အောက်တည့်တည့်မှာရောက်နေတဲ့အတွက် တနေကုန်မှောင်မဲနေတဲ့သဘောဖြစ်ပါ တယ်။ ၀င်ရိုးစွန်းဒေသမှာ ဒီလိုဖြစ်ပျက်နေတာကို အီကွေတာအရပ်မှာနေထိုင်တဲ့ ကျနော်တို့အာရှသား တွေကတော့ ရှေ့မှာကျနော်ပြောခဲ့တဲ့အတိုင်း သူငယ်တန်းပထ၀ီ-မှာ အလွတ်ကျက်ခဲ့ဖူးတာထက်ပိုပီး လက်တွေ့နားလည်ခံစားဖို့ကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သြစတေလျတိုက်ဖက်ကလူတွေ ကတော့ ဥရောပနဲ့ရာသီပြောင်းပြန်ဖြစ်ပီး ခရစ်စမတ်ပွဲကို နွေခေါင်ခေါင်မှာနွဲဖူးတဲ့အတွက် ဒီဖြစ်စဉ်အ ပေါ် အာရှသားတွေထက် ပိုနားလည်နိုင်တယ်လို့ Google search စာမျက်နှာတချို့က အဓိပါယ်ဖွင့် ထားတာကိုတွေ့ရပါတယ်။
သဘာဝတရားရဲ့ဆန်းကျယ်ပုံသဘောတရားကို ကျနော်အသေချာနားလည်နိုင်စွမ်းမရှိသေးပေ မဲ့ နေ-မ၀င်တဲ့ညနဲ့ နေမထွက်တဲ့နေ့တွေ။ မြောက်ပိုင်းရောင်ချည်လို ထူးခြားချက်တွေကိုတော့ ကျနော် အထူးစိတ်ဝင်စားနေမိပါတယ်။ ဒါကြောင့် ဒီညမှာတော့ နေ-မ၀င်ညကို အသေချာစောင့်ကြည့် ရိုက်ကူး မယ်လို့ မနေ့ကရောက်ခဲ့တဲ့ ကေဘယ်ကားသွားတဲ့ တောင်ထိပ်ကို ည ၉-နာရီလောက်ကတည်းက တက်ပီး အဆင်သင့်သွားစောင့်ဆိုင်းနေပါတယ်။ ဒါပေမဲ့ ဒီနေ့မှာလဲ ရာသီဥတုက ကိုယ်ဖက်မပါပြန် ဘူး။ ည ၁၁-နာရီကျော်တဲ့အထိ မိုးတိမ်တွေဖုံးနေဆဲဖြစ်ပီး နေလုံးကိုကောင်းကောင်း မမြင်ရ။ တောင် ထိပ်မှာ တွေ့သမျှလူတွေကို ဟိုမေး-ဒီမေးမေးရင်း ည ၁၂-နာရီကိုစောင့်နေပေမဲ့ နေလုံးက တိမ်ထဲက နေ အပြင်ကိုထွက်မလာတော့ပါ။
ဒီတော့မှဘဲ့ "အခွင့်ရေးဆိုတာ ၂-ခါမရဘူး"- ဆိုတဲ့ သတင်းစာဆရာကြီးတွေရဲ့ စကားလုံးကို လက်တွေ့ သဘောပေါက်လိုက်ပါတယ်။ "တကယ်လို့ငါသာ ရောက်ရောက်ချင်းညကများ အပျင်းထူပီး သန်းကောင်ယံ နေ-ကို ချက်ချင်းမရိုက်ဖြစ်ဘဲ နောက်နေ့မှ အသေချာပြင်ပီးစိတ်ကြိုက်ရိုက်မယ်လို့ စောင့်နေမိရင် သွားပါပီ" လို့စဥင်္းစားမိပါတယ်။ နောက်ဆုံးမှာတော့ ပေါ်မလာတဲ့ နေ-ကို စိတ်ပျက်စွာနဲ့ စွန့်ခွါပီး တောင်ထိပ်ကနေမြိုထဲပြန်ဆင်းလာရပါတယ်။ နေလုံးကိုသာရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ နေ အလင်းရောင်ကတာ့သာနေဆဲ။ အဖြူရောင်ညကလဲ အစွမ်းပြနေဆဲ။ မြိုထဲက ဘီယာဘားတွေ။ စား သောက်ဆိုင်တွေမှာလဲ တညလုံးစည်ကားနေဆဲ။
Midnight Sun, White nights, Northern Light, စသဖြင့် ထူးဆန်းလှပလွန်းပီး လျှို့ဝှက် ချက်အပြည့်ရှိနေတဲ့။ Romantic- သိပ်ဖြစ်တဲ့ သဘာဝလွန်- ဒါမှမဟုတ်- အာရှသားတွေနားလည်ဖို့ မလွယ်သေးတဲ့ ထူးဆန်းသဘာဝအလှတွေစုဝေးရာ နော်ဝေးမြောက်ပိုင်း Tromsø -မြိုလယ်လမ်းမပေါ် ရောက်နေတဲ့ကျနော်ဟာ အဲဒီညကတညလုံးမအိပ်ဖြစ်လိုက်ဘဲ အရှေ့နဲ့အနောက် တောင်နဲ့မြောက်ဒေ သတွေရဲ့ ရာသီဥတုကွာခြားပုံတွေ။ ယဉ်ကျေးမှုကွားခြားပုံ။ တန်ဖိုးထားမှုခြားနားပုံတွေအကြောင်း အ တွေးနယ်ချဲ့-စဉ်းစားနေမိပါတယ်။
(http://htetaungkyaw201.blogspot.com/)






သန်းကောင်ယံမှာထွက်တဲ့- နေ- Midnight Sun ရှိရာ အရပ်သို့ အလည်တခေါက် သန်းကောင်ယံမှာထွက်တဲ့- နေ- Midnight Sun ရှိရာ အရပ်သို့ အလည်တခေါက် Reviewed by သစ်ထူးလွင် on 07:30 Rating: 5

No comments:

Powered by Blogger.