ရွေးကောက်ပွဲဆိုင်ရာ အမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမြန်ဆုံး ပြီးပြတ်ရန် ဆောင်ရွက်နေ
Monday, 23 May 2011 14:09 ရွေးကောက်ပွဲဆိုင်ရာ အမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမြန်ဆုံးပြီးပြတ်ရန် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
ယခင်က အမှုတစ်ခုကို နှစ်ရက်၊ သုံးရက်ကြားနာပြီးနောက် ပြန်လည်ရုံးချိန်းလေ့ ရှိသော်လည်း ယခု အခါ ရွေးကောက်ပွဲဆိုင်ရာ အမှုတစ်ခု ကို တစ်ပတ်လုံး အပြန်အလှန်ကြားနာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ရင်ဆိုင်နေရသူများက
ပြောကြားခဲ့ကြပါသည်။
“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ဆက်တိုက်စစ် ဆေးနေပါတယ်။ အမှုတစ်ခုကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ဆက်တိုက် အပြန်အလှန်ကြားနာစစ် ဆေးနေပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမှုတွေကို မျှတစွာ စစ်ဆေးနေပါတယ်။ ကျွန်တော့်အနေနဲ့ အမှုရင်ဆိုင်နေရပေမယ့်လည်း အနှောင့်အယှက် မရှိပါဘူး။ အမြဲတမ်းကော်မတီရဲ့တာဝန်ကို ဆက်လက် ထမ်းဆောင်နေပါတယ်”ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြားနိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စား လှယ်များအကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုပေါင်း ၂၉ မှု ရှိသည်ဟု သိရပြီး ယင်းအနက် အမှု ၂၀ ကျော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(ရလဒ်နဲ့ပတ်သက်လို့) တရားဝင် ထုတ်ပြန်ပါလိမ့်မယ်။ ပါတီက လျှောက်ပါလို့ မပြောပါဘူး”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မတ်လ ၃၀ ရက်နေ့ တွင် အသစ်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးတင်အေး၊ အဖွဲ့ဝင်များမှာ ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ဖြစ်ကြသည်။
Eleven

Reviewed by သစ်ထူးလွင်
on
18:06
Rating:
No comments:
Post a Comment