၀၆၀၅၁၁ (ထက်အောင်ကျော်)
စီမံကိန်းအစ အမိုက
အခုတလော သတင်းတွေမှာနေရာယူလာနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအစဟာ ၁၉၉၇- မင်းသမီးစခန်း ထိုးစစ်မတိုင်မှီကတည်းကပါ။ အဲဒီကာလက ကျနော်ဟာ ABSDF- တောင် ပိုင်းဒေသ မင်းသမီးစခန်း ပြန်ကြားရေးဌာနမှာ တာဝန်ယူနေရပီး တဖက်ကလဲ နယ်စပ်က ထူးခြား သတင်းတွေကို နော်ဝေး-အခြေစိုက် ဒီဗွီဘီ-သတင်းဌာနဆီ စာတိုက်ကတဆင့် ပို့ပေးနေတဲ့အချိန်။ ကျနော်အထင် မင်းသမီးစခန်းမကျမှီ ၁၉၉၆-နိုဝင်ဘာ-လောက်မှာလို့ထင်ပါတယ်။ အမိုရွာရှိ ကော်သူး လေ -အကထ-ကျောင်းက ဆရာတွေဆီသွားလည်ရင်းနဲ့ ထိုင်းနယ်စပ် ဘောတီကနေ အမို။ အမို-ကနေ ဆင်ဖြူတိုင်-အိုင်ဝိုင်း-မေတ္တာကတဆင့် ထားဝယ်မြိုဆီ အဝေးပြေးကားလမ်းဖေါက်ဖို့ပြင်နေတယ် ဆိုတာကိုသိခဲ့ရပါတယ်။
ဒါနဲ့ သွားလေရာကင်မရာပါလေ့ရှိတဲ့ ကျနော်ဟာ ကျောင်းဆရာရဲ့ ဘောဒါ-တယောက်ကို ဆိုင်ကယ်အကူညီတောင်း။ ဖုန်တွေ-တပေလောက်အထူရှိနေတဲ့ အမိုကနေ ဘောတီဖက်သွားတဲ့ သစ်မှောင်ခိုသယ်တဲ့ မြေနီကားလမ်းဆီ ကိုယ်တိုင်သွားကြည့်ခဲ့ပါတယ်။ သေချာ-ပါတယ်။ အမိုရွာ အထွက်ကစပီး ဘောတီဖက်သွားတဲ့ ကားလမ်းဘေး ၀ဲယာမှာ ထိုင်းစာ-အမှတ်သားပါတဲ့ အနီ-အဖြူ ရောင် ၀ါးတိုင်လေးတွေ ဓါတ်မီးတိုင်စိုက်သလိုမျိုး တန်းစီစိုက်ထားတာတွေ့ခဲ့ရပါတယ်။
အမိုရွာဟာ ကေအန်ယူ-အုပ်ချုပ်ရေးအခိုင်မာချထားတဲ့ တနသာင်္ရီချောင်း အရှေ့ဖက်ကမ်းက ကျေးရွာကြီးတခုဖြစ်ပီး အထက။ ဆေးရုံ-ဆေးခန်းတွေ။ ဈေးဆိုင်တွေနဲ့ အတော်စည်ကားတဲ့ ရွာကြီး တရွာပါ။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် ဘောတီ-နဲ့လဲ ကုန်သွယ်ရေးကားလမ်းကြီးဖေါက်ထားပီး သစ် မှောင်ခိုနဲ့ အခြားပစ္စည်းတွေ ထိုင်းဖက်ထုတ်ရာ စခန်းထောက်လဲဖြစ်ပါတယ်။ ကျနော်တို့စခန်းကနေ စက်လှေနဲ့ ၁-နာရီခွဲလောက် မောင်းရတဲ့အတွက် ၅-မိုင် ၆-မိုင်လောက် ဝေးမယ်လို့ယူဆရပါတယ်။ အမိုရဲ့အပေါ်မှာ ကေအန်ယူ-တပ်ရင်း ၁၀-အခြေစိုက်တဲ့နေရာ။ အဲဒီရဲ့ အပေါ်မှာဆင်ဖြူတိုင်။ ဆက်သွား ရင် အိုင်ဝိုင်းကနေ မေတ္တာမြိုနယ်ခွဲအထိရောက်နိုင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ကျောင်းသားစခန်း အခြေစိုက်ရာ အမရာ- သို့မဟုတ်- အများ-(အမ္လား) သွားတောင်ကြား လမ်းကနေ ဒုတိယ-ကမ္ဘာစစ်အတွင်းက ရဲဘော်သုံးကျိပ၀င်တွေ ဘန်ကောက်ကနေ ထားဝယ်မြိုဆီ ချီ တက်ရာလမ်းအတိုင်း အခု-ကားလမ်း ဖေါက်ဖို့ပြင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ကံကောင်းမကောင်းချင်တော့ အဲဒီစီမံကိန်းကိုအသေချာလေ့လာဖို့တောင် အချိန်မရ လိုက်။ ၁၉၉၇-ဖေဖေါ်ဝါရီလဆန်းမှာ နအဖ-တပ်တွေက ကျနော်တို့မင်းသမီးဒေသဆီထိုးစစ် ဆင်လာ တဲ့အတွက် ဖေဖေါ်ဝါရီလလယ်လောက်မှာ မင်းသမီးဒေသကနေ ခွါစစ်ဆင်ခဲ့ရပီး အခု ၁၀-နှစ်ကျော် ကြာမှ အဲဒီစီမံကိန်းက တကယ်အသက်ဝင်လာတာကိုတွေ့ရပါတယ်။
အဲဒီကာလအတွင်း ထူးခြားချက်တခုကတော့ နအဖ-တပ်က ကျနော်တို့ မင်းသမီးစခန်းဆီ ထိုးစစ်ဆင်ချိန်မှာ ထိုင်း-စီးပွါးရေးသမားတွေက အမို-ဘောတီ- ဆင်ဖြူတိုင်းကားလမ်းကို မြေတိုင်း-လို့ ကောင်းနေဆဲ။ ကေအန်ယူ-ဖက်ကလဲ ဗဟိုကရောက်လာပီး အမိုနဲ့ တပ်ရင်း ၁၀-ဌာနချုပ်တွေရဲ့ အရှေ့ ဖက် လအော်-မှာတပ်စွဲထားတဲ့ ဗိုလ်မှုးရောဘဇန်-ရဲ့တပ်ကလွဲရင် ဒီထိုးစစ်ကို ပြင်းပြင်းထန်ထန် တုန့် ပြန်တာ ကျနော်တို့မတွေ့ရသေး။ အဲဒီကာလ ကျနော်တို့ကြားထွက်ခဲ့တဲ့ ကောလဟာလ-သတင်းက တော့ နအဖ-ကေအန်ယူ-ထိုင်း ၃-ဖက်သဘောတူညီမှုတခုလုပ်ထားတယ်။ အဲဒါကြောင့် ကေအန်ယူ-က သိပ်မလှုပ်ရှားတာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်က ဘာလဲဆိုတော့- နအဖ-ဟာ မေတ္တာက နေ အမိုလောက်အထိဘဲ့ တနသာင်္ရီမြစ် အရှေ့ဖက်ကမ်းတလျောက် ထိုးစစ်ပြ-ဆင်းလာမှာဖြစ်ပိး အမို- ဘောတီ-ကားလမ်းလောက်ဘဲထိမ်းထားမယ်။ အမိုအောက်ပိုင်းတခုလုံးမှာ ကေအန်ယူ-က နေမြဲ အ တိုင်းဆက်နေခွင့်ရမယ်-ဆိုတဲ့သတင်းပါ။ ဒီသတင်း ဘယ်ကနေ ဘယ်လိုထွက်လာသလဲဆိုတာကို ကျနော်လဲ မမှတ်မိတော့ပါဘူး။
ဒါပေမဲ့ တကယ်တန်း နအဖ-က ထိုးစစ်ဆင်တဲ့အခါမှာတော့ အဲဒီသဘောတူညီချက်တွေကို ဘာမှ လိုက်နာပုံမရပါဘူး။ ဒါမှမဟုတ် အဲဒီသဘောတူညီချက်ဟာ တကယ်ရှိမဟုတ်ဘဲ ကောလဟလ-သက်သက်လဲ ဖြစ်နိုင်ပါတယ်။ နအဖ-ဟာ မေတ္တာာဖက်ကနေ တနသာင်္ရီချောင်းရိုးတလျောက် ဗျုဟာ ၃-ခုပါတဲ့ စစ်ကြောင်းကြီးနဲ့ ဆင်းလာတဲ့အပြင် ဘန်းချောင်းဖက်ကနေလဲ နောက်ထပ် ဗျုဟာ ၃-ခု လောက်ပါတဲ့ စစ်ကြောင်းတခုဆင်းလာပီး ကေအန်ယူရဲ့ ထီးထာကျေးရွာနဲ့ ကျနော်တို့ ကျောင်းသား တွေအခြေစိုက်ရာ အမရာစခန်းတွေဆီ နောက်ကျောကနေ ရုတ်တရက် ရောက်လာတဲ့အတွက် ခွါစစ် ကိုတောင် မနဲပြင်ပီး ဆုတ်ပြေးရတဲ့အခြေနေဖြစ်ခဲ့ပါတယ်။
လမ်းကြောင်းအပြောင်းလဲ။ ကေအန်ယူ-နဲ့ အတိုက်ခံတွေရဲ့အသံ-
ကျနော်ဓါတ်ပုံရိုက်ခဲ့ဖူးတဲ့ အဲဒီကာလက လမ်းကြောင်းတိုင်းဆိုရင်တော့ ကန်ချနပူရီကနေ စိုင်ယွတ်။ စိုင်ယွတ်ကနေ ဘောတီနယ်စပ်။ အဲဒီကနေ-အမို။ အမိုကတဆင့် မေတ္တာကနေ ထားဝယ်မြို ကိုဝင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ၂၀၁၁-မတ်လအတွင်းရရှိတဲ့သတင်းတွေအရနဲ့ အဲဒီဒေ သအတွင်း အခြေစိုက်လှုပ်ရှားနေဆဲဖြစ်တဲ့ ကေအန်ယူ မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနမှ စော ၀င်းလှိုင်ရဲ့အပြောတိုင်းဆိုရင် လမ်းကြောင်းဟာ ဘောတီ-အမို-လမ်းအစား ကန်ချနပူရီနဲ့ပိုနီးတဲ့ အ ယင် ကေအန်ယူ တပ်မဟာ ၄-ဌာနချုပ်စခန်းဆီဝင်ရာ ဟွေးနန်းခေါင်-ဖူးနန်းလွန်ကနေ အလယ်စတို ကိုဖြတ်ပီး အမိုဆီ တခါတည်း တန်းဖေါက်မယ်လို့သိရပါတယ်။
ဒါအပြင် အယင်ကဆွဲထားတဲ့ မေတ္တာကနေ တောင်သုံးလုံး။ ပကာရီ။ ထားဝယ်မြိုလမ်းတွေ အစား တောင်သုံးလုံးကနေ မြေးခံဘော်မိုင်း။ မြေးခံဘော်ကနေ ဟာမြင်းကြီးမိုင်း။ ဟာမြင်းကြီးကနေ ကလုံးထာမိုင်း။ ကလုံးထားမိုင်းကနေ ရေဖြူမြိုဆီဆင်းပီး အဲဒီကနေ ထားဝယ်မြစ်ကိုဖြတ်ကာ နဘုလယ် -ကိုသွားမှာဖြစ်တယ်လို့ စောဝင်းလှိုင်-က ပြောပါတယ်။
"ဒီစီမံကိန်းကတော့ ကောင်းကျီုးထက် ဆိုးကျီုးကပိုများမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နဘုလယ်ဖက်မှာ ဒီစီမံကိန်းအတွက် လယ်မြေ-ဥယျဉ်တွေအသိမ်းခံနေရသလို အဝေးပြေး ကားလမ်းတလျောက်မှာလဲ မြေသိမ်းမှုတွေဖြစ်နေတယ်" လို့ စောဝင်းလှိုင်က ထောက်ပြပါတယ်။ ဒါအ ပြင် စစ်ဆင်ရေးကာလအတွင်းက ထွက်ပြေးလာရတဲ့ ဒေသခံထားဝယ်နဲ့ ကရင်ဒုက္ဒသည် ၂-သောင်းနီး ပါးခုံလုံနေရဆဲဖြစ်တဲ့ ထန်းဟင်နဲ့ ဘန်တုံယန်း-စခန်းတွေကိုလဲ သူကထောက်ပြခဲ့ပါတယ်။
အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် တနသာင်္ရီတိုင်း ဥကဌ-ဦးလှမင်းကလဲ အလားတူစိုးရိမ်မှုရှိနေပီး- "ပြောင်းရွေ့ခံရမဲ့ရွာတွေက ရွာသားတွေရဲ့နစ်နာချက်တွေ။ သူတို့ရဲ့ဆန္ဒတွေကို အန်ကယ်တို့ လေ့လာစု ဆောင်းနေပါတယ်။ ပီးရင် အားလုံးသိအောင် အန်ကယ်တို့ တင်ပြမှာပါ" လို့ ဦးလှမင်းကပြောပါတယ်။ ဒါပေမဲ့ ထားဝယ်မဲဆန်နယ် ပြည့်သူ့လွတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်သူ အမျီုးသားဒီမိုကရေစီ အင်အားစု NDF-မှ ဦးတိုးပိုကတော့ - ရေဖြူဖက်မှာ ဥယဉ်ခြံတွေ။ ရော်ဘာခြံ။ အုန်း-ကွမ်းခြုံတွေသိမ်း နေတယ်လို့တော့ကြားရတယ်။ လျော်ကြေးပေးဖို့ တိုင်းထွာမှုတွေလုပ်နေ တယ်လို့လဲကြားရတယ်။ အစိုးရဖက်ကလဲ သဘာဝပါတ်ဝန်းကျင်ကိစ္စအတွက် အဖွဲ့တခုဖွဲ့မယ်လို့လဲ သိထားရပါတယ်။ "လော လောဆယ်ကတော့ ဒီအပေါ်လူထုက သိပ်ဘ၀င်မကျဘူး။ ဒါပေမဲ့ စီမံကိန်းပီးသွားရင်တော့ အခြေနေ တွေတဖြေးဖြေးကောင်းလာမယ်လို့ထင်ပါတယ်-" လို့ပြောပါတယ်။
စီးပွါးရေးပညာရှင်တဦးဖြစ်သူ ဗဟု-အဖွဲ့မှ ဒေါက်တာဇော်ဦးကတော့- ဒီရေနက်ဆိပ်ကမ်း စီမံ ကိန်းဟာ အယင် ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းထက် ဒေသခံလူထုကိုပိုအကျီုးရှိစေမှာဖြစ်တယ်။ ဒေသ တွင်း ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတကာကိုစပ်စပ်ပေးနိုင်မှာဖြစ်တဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေ တိုး တက် လာနိုင်တယ်လို့ပြောပါတယ်။ "'ဒါပေမဲ့ ဒီလိုအခွင့်ခါကောင်းတွေကို ဥပဒေနဲ့အညီဘယ်လို ကာ ကွယ်ပေးမလဲဆိုတာကို အသစ်တက်လာတဲ့အစိုးရက အသေချာပြင်ထားဖို့လိုပါတယ်။ နို့မဟုတ် ရင် တော့ မြေနေရာငှားစားတာထက် ဘာမှမပိုဘဲ လာငှားတဲ့ပြင်ပနိုင်ငံကသာ အကျီုးအမြတ်ရသွား မှာဖြစ် တယ်" လို့ ထောက်ပြခဲ့ပါတယ်။ (http://burmese.dvb.no/news.php?id=13326)
ရတနာ Gas ပိုက်လိုင်းစီမံကိန်းနဲ့ ထားဝယ်ဆိပ်ကမ်းစီမံကိန်း ဘာတွေတူပီး- ဘာတွေကွာသလဲ
လွန်ခဲ့တဲ့ ၁၅-နှစ် ၁၉၉၅-၀န်းကျင်းက ဒီဒေသနဲ့သိပ်မဝေးတဲ့ နဘုလယ်ရွာအပေါ်ဖက်နားက ကံပေါက်ဒေသမှာ ဖေါက်လုပ်ခဲ့တဲ့ ရတနာ ဂတ်စ်-ပိုက်လိုင်းစီမံကိန်းနဲ့ အခု ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဘာတွေကွာခြားသလဲဆိုပီး ကျနော်လေ့လာကြည့်တော့-- စစ်ပွဲနဲ့ စီမံကိန်းဆက်စပ်မှုရှိ-မရှိ ဒါမှမဟုတ် စစ်ပွဲနဲ့ စီမံကိန်းကာလ ကွာခြားမှုရှိ-မရှိဆိုတာကို ပထမ-ချက်အဖြစ် သတိထားမိပါတယ်။
ရတနာပိုက်လိုင်းစီမံကိန်းတုန်းကဆိုရင် ပိုက်လိုင်းဖေါက်ဖို့သတင်းတွေထွက်တာက ၁၉၉၁-နှောင်းပိုင်း။ ပိုက်လိုင်းဖြတ်မဲ့ (ကေအန်ယူနဲ့ ABSDF ကျောင်းသားတွေအခြေစိုက်ရာ) နတ်အိမ်တောင် စခန်းကို နအဖ-က ထိုးစစ်ဆင်တာကက ၁၉၉၂- အစောပိုင်း။ ပိုက်လိုင်းစီမံကိန်း တကယ်စတာက ၉၃-၉၄-မှာဆိုတော့ စစ်ပွဲ-နဲ့ စီမံကိန်းက ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒီစီမံကိန်းအတွက် ဒီထိုးစစ်ကို လုပ်တာဖြစ်တယ်။ ဒီအတွက် ဒုက္ခသည် တသောင်းလောက် နတ်အိမ်တောင်ဒေသကနေ အခု ဘန်တောင်ယန်း-စခန်းဆိရောက်နေရတယ်ဆိုတာကို အများအမြင်မှာ သိသာနိုင်ပါတယ်။
ဒါပေမဲ့ အခု ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာကျတော့ ထိုးစစ်ဆင်တာက ၁၉၉၇-အစော ပိုင်း။ စီမံကိန်း တကယ်စတာက ၂၀၁၁-အစောပိုင်းဆိုတော့ ၁၄-နှစ်လောက်တောင် အချိန်ကကွာနေ တဲ့အတွက် ဒီစီမံကိန်းကြောင့် မင်းသမီးစခန်းကိုထိုးစစ်ဆင်တယ်။ ဒီထိုးစစ်ကြောင့် ကရင်နဲ့ထားဝယ် ဒုက္ခသည် တသောင်းနီးပါး ရတ်ချပူရီခရိုင်တွင်းက ထန်းဟင်-စခန်းမှာ အခုချိန်ထိ ခိုလှုံနေရဆဲဖြစ် တယ်ဆိုတာကို လူအများစုက သတိထားမိဖို့မလွယ်လောက်အောင် ဖြစ်သွားစေပါတယ်။ တနည်း အား ဖြင့် ဒီစီမံကိန်းက အယင်ပိုက်လိုင်းစီမံကိန်းလောက် လူ့အခွင့်ရေးချိုးဖေါက်မှုမရှိသလိုမျီုး အများက မြင် လာအောင် ၂-ဖက်နိုင်ငံအစိုးရတွေနဲ့ ကုပနီတွေက စီစဉ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။
ကျနော်တွေ့ရတဲ့ ဒုတိယ-ကွာခြားချက်ကတော့ ရတနာပိုက်လိုင်းစီမံကိန်းမှာ ပါဝင်တဲ့ ကုပနီ တွေထဲမှာ အမေရိကန်က ယူနိုကယ်တို့။ ပြင်သစ်က တိုတယ်တို့-စသဖြင့် ကမ္ဘာသိ ကုပနီတွေပါနေတဲ့ အတွက် အနောက်နိုင်ငံတွေရဲ့ မျက်လုံး ဒေါင့်ထောင့်ကြည်မှုကိုခံရပီး လူ့အခွင့်ရေးနဲ့ သဘာဝပါတ်ဝန်း ကျင်အဖွဲ့တွေရဲ့ အာရုံစိုက်မှုကို ပိုရခဲ့တယ်လို့ထင်ပါတယ်။ အခု ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တော့ အီတလီ-ထိုင်း ဆောက်လုပ်ရေးကုပနီတခုကလွဲပီး လူ့အခွင့်ရေးကိုလေးစားတဲ့ နာမည်ကြီး အ နောက်နိုင်ငံက ကုပနီတခုကိုမှ ကျနော်မတွေ့ရသေး။ ဒါကြောင့် ဒီကားလမ်းတလျောက် လူ့အခွင့်ရေးနဲ့ သဘာဝပါတ်ဝန်းကျင်ချိုးဖေါက်ခံရမှုကို နိုင်ငံတကာဖက်က အာရုံစိုက်မှုနဲနေတာလဲဖြစ်နေနိုင်ပါတယ်။
တတိယ-ကွာခြားချက်အဖြစ် ကျနော်သတိထားမိတာကတော့ ထိုင်းဖက်က လူ့အခွင့်ရေးနဲ့ သ ဘာဝ-ပါတ်ဝန်းကျင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုလို့ထင်ပါတယ်။ ကီလိုမီတာ ၇၀၀-အရှည်ရှိတဲ့ ရတနာ- ပိုက်လိုင်းဟာ နတ်အိမ်တောင်စခန်းကနေ ထိုင်းနိုင်ငံပင်လယ်ဆိပ်ကမ်းတခုဖြစ်တဲ့ ရတ်ချပူရီ အထိ တောတွေ-တောင်တွေကိုဖြတ်ဖေါက်တဲ့အတွက် သစ်တောနဲ့ ဘေးမဲ့သတာဝါ-တွေ ထိခိုက်ပျက် စီးနိုင် တယ်။ ဓါတ်ငွေတွေယိုစိမ့်ရင် ဒေသခံ ထိုင်းလူထု ဒုက္ခရောက်နိုင်တယ်ဆိုပီး အာကျန်ဆူလတ်- ( Sulak Sivaraksa) ခေါင်းဆောင်တဲ့ ထိုင်း-လူ့အခွင့်ရေးအဖွဲ့တွေက လမ်းကြောင်းတွေကိုပိတ်ဆို့ပီး လနဲ့ချီဆန္ဒပြတဲ့အထိ အကြီးအကျယ်ဖြစ်ပွါးခဲ့ပါတယ်။ ဒါပေမဲ့ အခု ထားဝယ်-ကန်ချနပူရီ ကားလမ်း ကိစ္စမှာကတော့ ဒီလို ဆန္ဒပြတာမျီုးကို အခုထိမတွေ့ရသေးသလို ဆန္ဒပြမဲ့အရိပ်အယောင်ကိုလဲ အခု ထိမမြင်ရသေးပါဘူး။ ဒါကလဲ အခု-ဖေါက်မဲ့ ကန်ချနပူရီ-ထားဝယ်ကားလမ်း ထိုင်းဖက်ထွက်လာမဲ့ ဘောတီဘဲ့ဖြစ်ဖြစ်။ ဟွေးနန်းမလွန်ဘဲ့ဖြစ်ဖြစ် ၂-နေရာစလုံးကနေ ကန်ချနပူရီကို ၂-နာရီလောက် အတွင်း ရောက်နိုင်တဲ့ အဝေးပြေးကားလမ်းတွေရှိပီးသားဖြစ်နေလို့ လမ်းသစ်ဖေါက်စရာ။ တနည်းအား ဖြင့် ရတနာပိုက်လိုင်း စီမံကိန်းတုန်းကလို ဘေးမဲ့တောတွေ။ သဘာဝပါတ်ဝန်းကျင်တွေကို ဖျက်ဆီးပီး အသစ်ထပ်ဖေါက်စရာ မရှိတော့တဲ့အတွက် ဆန္ဒပြစရာမလိုတော့တဲ့သဘောမျီုးလဲဖြစ်နေနိုင်ပါတယ်။
အဲ- တူညီချက်တွေအဖြစ် ကျနော်သတိထားမိတာကတော့ ဒီစီမံကိန်း ၂-ခုစလုံးဟာ အိမ်ရှင် မြန်မာနိုင်ငံထက် လာငှားသူ-ထိုင်းနိုင်ငံကိုသာ ပို-အကျိုးရှိစေတဲ့အချက်ဖြစ်ပါတယ်။ နောက်ထပ် တူညီ ချက်တခုကတော့ ဒီစီမံကိန်း ၂-ခုစလုံးရဲ့လမ်းကြောင်းဟာ ကေအန်ယူ-တပ်မဟာ ၄-ဒေသ ထိမ်းချုပ် နယ်မြေတွေကိုဖြတ်သွားတဲ့အချက်ဖြစ်ပါတယ်။ ၁၉၉၅-ရတနာပိုက်လိုင်းစီမံကိန်းကာလမှာတော့ ကေ အန်ယူ-နဲ့ ABSDF ဟာ အင်းအားကောင်းဆဲအခြေနေမှာရှိနေပြီး ရတနာပိုက်လိုက်စီမံကိန်းအခြေစိုက် ရာ ကံပေါက်ဒေသက ကမ်းခြေရွာတခုဖြစ်တဲ့ ဒမင်းဆိပ်အနီးထိဝင်ပိး ကေအန်ယူ-က ၀င်ရောက်တိုက် ခိုက်တာမျီုးတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ၁၅-နှစ်ကြာပီးတဲ့အချိန်မှာ ကေအန်ယူ-စခန်းအတော် များများကို နအဖ-က ထိမ်းချုပ်ထားပီးဖြစ်တဲ့အတွက် ကေအန်ယူ-ရဲ့ လှုပ်ရှားနိုင်မှုစွမ်းအား အယင် လောက် ရှိမရှိဆိုတာ မသေချာတော့ပါဘူး။ ဒါပေမဲ့ ဘယ်လိုဘဲ့ဖြစ်ဖြစ် ဒီစီမံကိန်းကိုဆောင်ရွက်သူတွေ အနေနဲ့ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေ။ နိုင်ငံရေးအဖွဲ့တွေ။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ။ ဒေ သခံလူထုတွေရဲ့အမြင်သဘေထားတွေကို ကြိုတင်လေ့လာသင့်တာကတော့ အမှန်ဘဲ့ဖြစ်ပါတယ်။
ဒေသခံလူထုရဲ့ အသိပညာနှိုးကြားမှုနဲ့ မူလအခွင့်ရေးအတွက် နားလည်ုနိုင်မှု
ရတနာဓါတ်ငွေ့စီမံကိန်းလို။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလို နိုင်ငံတကာအဆင့် စီမံ ကိန်းတွေဟာ ဒေသခံလူထုရဲ့အကျိုးစီးပွါးကို ကြီးကြီးမားမားဖြစ်ထွန်းစေနိုင်သလို အခြားတဖက်မှာလဲ လူ့အခွင့်ရေးနဲ့ သဘာဝပါတ်ဝန်းကျင်ပျက်စီးမှုကို အကြီးအကျယ်ထိခိုက်နိုင်တဲ့အတွက် ဒီကိစ္စအပေါ် ဒေသခံလူထုက ဘယ်လိုတုန့်ပြန်မလဲ။ ဒေသခံလူထူအတွက် ပညာပေးရေးကိစ္စ ဘယ်လိုဆောင်ရွက် မလဲ။ ဘယ်သူတွေက ဆောင်ရွက်ပေးမလဲဆိုတာဟာ ဒီနေ့မေးစရာမေးခွန်းဖြစ်လာနေပါတယ်။ ဒီကိစ္စ ဟာ လူ့အခွင့်ရေးအဖွဲ့တွေမှာတင်တာဝန်ရှိတာမဟုတ်ဘဲ သက်ဆိုင်ရာအစိုးရတွေ။ ကုပနီတွေမှာပါ တာဝန်ရှိတယ်လို့ ကျနော်ကမြင်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်း ၂-ခုစလုံရဲ့ တာဝန်ရှိသူတွေဟာ အဲဒီ အချက်ကို အသေချာထည့်သွင်း စဉ်းစားခဲ့ပုံမရပါဘူး။
လွန်ခဲ့တဲ့ ၁၅-နှစ်က စတင်ခဲ့တဲ့ ရတနာစီမံကိန်း မစတင်မှီ ၁၉၉၁-အထိ ထားဝယ်ခရိုင် ၄-မြိုနယ်စလုံးမှာ နအဖ-တပ်ရင်း ၂-ရင်းဘဲ့ ရှိပါတယ်။ ထားဝယ်မြိုအခြေစိုက် ခလရ ၂၅-နဲ့ မောင်းမကန် ကမ်းခြေအနီး- တောရှည်အခြေစိုက် ခလရ ၁၀၄။ ဒါပေမဲ့ ပိုက်လိုင်းစီမံကိန်းလဲစရော။ တိုးလာလိုက်တဲ့ တပ်တွေက တဒါဇင်ကျော်ပါတယ်။ အဲဒီထဲမှာ ပိုက်လိုင်းလုံခြုံရေးတပ်တွေဖြစ်တဲ့ ခလရ ၂၇၃-နဲ့ ၂၈၈။ နောက်တခါ ပိုက်လိုင်းနဲ့ ရေး-ထားဝယ်ရထားလမ်းလုံခြုံရေးအတွက်ဆိုပီးရောက်လာတဲ့ ခမရ ၄၀၁။ ကနေ ၄၁၀-အထိ တပ်ရင်း ၁၀-ကျော်ပါဝင်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကတခု။ နောက်-သိပ် မကြာပါဘူး။ နောက်ထပ် ၁၀-ရင်းမကထပ်တိုးပီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ဆိုပီး စစ်တိုင်းဌာနချုပ် အသစ်တခုထပ်ပေါ်လာပြန်ပါတယ်။ (အယင်ကတော့ တနသာင်္ရီတိုင်းကို မော်လမြိုင်အခြေစိုက် အရှေ့ တောင် တိုင်းစစ်ဌာနချုပ်ကနေ ကွပ်ကဲနေတာဖြစ်ပါတယ်)
ဒီလိုတပ်တွေတိုးလာလို့ ဒေသခံလူထုပိုလုံခြုံလာသလား-ဆိုတာ မသေချာသေးပေမဲ့ တပ်စ ခန်းသစ်တွေအတွက် ဒေသခံလူထုရဲ့ လယ်ယာ-ဥယျဉ်ခြံတွေသိမ်းတာ။ ဘားတိုက်ဆောက်ဖို့- ကင်း စောင့်ဖို့ လုပ်အားပေးခိုင်းတာတွေ။ လမ်းကြောင်းရှင်း-စစ်ကြောင်းအတွက် ပေါ်တာဖမ်းတာတွေက တော့ သေချာပေါက်ဖြစ်ပွါးခဲ့ပါတယ်။ နောက်တခါ ဒီစီမံကိန်းလုံခြုံရေးအတွက် ရွာနီးခြုံစပ်က ရွာတွေကို နေရာ အတင်းအကျပ်ပြောင်းရွေ့ခိုင်း။ စုစည်းရွာတွေအဖြစ် ကားလမ်းမှာစုခိုင်းတာတွေလဲ ကြီးကြီး မား မားဖြစ်ပွါးခဲ့ပါတယ်။ အထူးသဖြင့် ရတနာပိုက်လိုင်းကို ကေအန်ယူ-က၀င်တိုက်ပီးနောက်ပိုင်း ကံပေါက် ဒေသရှိ အိန်ဒရာဇာ-ဆိုတဲ့ ကရင်ရွာကလူ တဒါဇင်လောက်ကို နအဖ-တပ်က ဖမ်းဆီးသတ်ဖြတ်ပီး ရွာ ကိုဖျက်ဆီးလိုက်တာ မျိုးတွေဟာ ငြင်းမရနိုင်တဲ့ သာဓက-တွေဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာ ကုပနီတွေမှာလဲ တာဝန်ရှိတယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ထောက်ပြပေမဲ့ ကုပနီတွေကတော့ ဒါဟာ သူတို့နဲ့မဆိုင်ကြောင်း။ သူတို့ ကတော့ ကံပေါက်ဒေသ ၁၂-ရွာ အထူးဖွံ့ဖြိုးရေး စိမံကိန်းအတွက် လမ်း တွေဖေါက်။ ကျောင်းတွေဆောက်။ ဆေးရုံတွေဆောက်။ ရေ-မီးတွေရအောင်လုပ်ပေးပီး ဒေသခံလူထု လူနေမှု အဆင့်မြင့်လာအောင် ကူညီပေးခဲ့တာတွေကိုထောက်ပြလေ့ရှိပါတယ်။
ပညာလဲပေး။ ပစ်မှတ်ကိုထိ-မထိလဲလေ့လာဖို့လို
ဒီအခြေနေတွေတစုံလုံးကိုခြုံပီး ဒေသခံလူထုကမြင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒေသ တွင်းရှိလူ့အခွင့်ရေးအဖွဲ့တွေ။ သက်ဆိုင်ရာ ကုပနီတွေက လူထုပညာပေးမှုတွေလုပ်ဖို့လိုနေတယ်ဆို တာ ထင်ရှားနေပါတယ်။ ဒါပေမဲ့ အယင်ကလုပ်ခဲ့ဖူးတဲ့ ပညာပေးလုပ်ငန်းတွေ ပစ်မှတ်ကို တကယ်ထိ မထိဆိုတာကလဲ ကျနော်အတွက် မေးခွန်းထုတ်စရာရှိနေဆဲဖြစ်ပါတယ်။
ဥပမာ-အားဖြင့် ၁၉၉၅-နှောင်းပိုင်းမှာ ရတနာပိုက်လိုင်းစီမံကိန်းဖြတ်သွားမဲ့ မြန်မာနယ်စပ် နတ်အိမ်တောင်နဲ့ ကန်ချနပူရီခရိုင်-ထုံပါဖုံမြိုနယ်အကြားရှိ ဟွေးခရိုင်ဒေသခြေစိုက် အာကျန်ဆူလတ်နဲ့ အဖွဲ့ရဲံ ဆန်ဒပြစခန်းကို ကျနော် ၄-၅-ခေါက်လောက်ရောက်ခဲ့ဖူးပါတယ်။ ဆန်ဒပြပွဲကိုဦးဆောင်နေသူ အာကျန်ဆူလတ်နဲ့ ကန်ချနပူရီမြိုအခြေစိုက် မူလဒေသထိမ်း သိမ်းရေးဌာနနဲ့ သဘာဝပါတ်ဝန်းကျင် ချစ် မြတ်နိုးသူတွေ။ နောက် စနေ-တနင်္ဂနွေမှာ ဒီအဖွဲ့တွေနဲ့လာရောက်ပူးပေါင်းဆန်ဒပြကြတဲ့ ဘန် ကောက်နဲ့ ကန်ချနပူရီက တက္ကသိုလ်ကျောင်းသူ-သားတွေနဲ့လဲ ကျနော် အများကြီးစကားပြော။ အင် တာဗျုးတွေလုပ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ပြသာနာက အင်တာဗျုးလုပ်နေတဲ့မီဒီယာ-သမား ကျနော်ကိုယ်တိုင်ကလဲ သဘာဝ ပါတ်ဝန်းကျင်ကိစ္စကိုအသေချာလေ့လာထားသူမဟုတ်။ တောထဲကနေ ထွက်လာကာစ သူပုန်လူထွက် သတင်းထောက်ပေါက်စဆိုတော့ သစ်ပင်ခုတ်တာ။ တောင်ကောင်တွေကိုဖမ်းပီးသတ်စားတာတွေဟာ သဘာဝပါတ်ဝန်းကျင်ကို ချိုးဖေါက်တဲ့အလုပ်တွေဖြစ်တယ်ဆိုတာကို အဲဒီအင်တာဗျုးတွေမလုပ်မီအထိ ကျနော်က နားမလည်သေး။ အဲဒီကာလက ကျနော်မေးခဲ့ဖူးတာနဲ့ အာကျန်ဆူလတ်-ပြန်ဖြေတာတွေ ကိုလဲ နားထောင်ကြည့်ပါဦး။ ဘာကြောင့် ဒီမှာဆန်ဒပြနေတာလဲဆိုပီး ကျနော်ကမေးတော့-- "ဒီတော တန်းကိုသာ ပိုက်လိုင်းဖြတ်ဖေါက်ရင် ဒီမှာကျက်စားနေတဲ့ တောဆင်ရိုင်းတွေ နေရာပြောင်းရမယ်။ ရေ စီး-ရေလွဲတွေပျက်စီးသွားနိုင်တယ်။ အထူးသဖြင့် ဒီဓါတ်ပုံထဲမှာခင်ဗျားမြင်နေရတဲ့ ရောင်စုံဂဃန်းလေး တွေ ရှားပါးကုန်ပီး မျိုးတုန်းသွားနိုင်တတယ်" ဒါကြောင့် လမ်းကြောင်းပြောင်းပေးဖို့ ကျနော်တို့ ဆန်ဒပြ နေ တာဖြစ်ပါတယ်- တဲ့။
ဒီအဖြေဟာ သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးကိုနားလည်သူတွေအတွက် လုံလောက်တဲ့ အဖြေဖြစ်ပေမဲ့ ကျနော်လို တောထဲကနေထွက်လာသူ။ ဂဃန်းတင်မက စားလို့ရသမျှ အကောင် ပလောင် အားလုံးကို ဖမ်းဆီး-သတ်ဖြတ်စားသုံးလာခဲ့ဖူးသူတဦးအဖို့တော့ ဒီအဖြေကို ဘယ်လိုမှ နား လည် နိုင်ဘွယ်မရှိ။ ဒါဆိုရင် ကံပေါက်ဒေသကနေထွက်ပြေးလာပီး အဲဒီ ဝေးခရိုင်ဝန်းကျင်မှာ ပုန်း အောင်းနေထိုင် ရရာအလုပ်ရှာဖွေစားသောက်နေကြတဲ့ ဒေသခံ ထားဝယ်သားတွေလဲ ဒီအဖြေအပေါ် နားလည်မယ်လို့ကျနော်မထင်။ ဒါပေမဲ့ ဆန္ဒပြနေတဲ့ လူ့အခွင့်ရေးနဲ့ သဘာဝပါတ်ဝန်းကျင်အဖွဲ့တွေက တော့ ဒေသခံလူထုနားလည်ဖို့ထက် အစိုးရနဲ့ ကုပနီပိုင်းတာဝန်ရှိသူတွေ နားလည်ဖို့ကိုသာအဓိကပစ် မှတ်ထား လုပ်ခဲ့ပုံရပါတယ်။ နောက်ဆုံးမှာတော့ အာကျန်ဆူလတ်ကိုဖမ်းဆီး။ ဆန္ဒပြစခန်းတွေကို ဖယ် ရှားပီး အဲဒီစီမံကိန်းမဖြစ်-ဖြစ်အောင် ထိုင်း အာနာပိုင်တွေနဲ့ PTT ကုပနီတွေက လုပ်ဆောင်သွားနိုင်ခဲ့ပါ တယ်။
ကဲ- အခု ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာကော ဒေသခံလူထုပညာပေးရေးအတွက် ကျနော်တို့ ဘာလုပ်ကြမလဲ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ဒီစီမံကိန်းဟာ ထိုင်းနယ်မြေအတွင်း ဘာမှ ပြ သာနာရှိပုံမရတဲ့အတွက် ထိုင်း-လူ့အခွင့်ရေးနဲ့ သဘာဝပါတ်ဝန်းကျင်အဖွဲ့တွေကတော့ ဒီပညာပေးမှုကို ဦးဆောင်လုပ်မဲ့အလားလာ မတွေ့ရသေးပါဘူး။ ဒါဆိုရင် မြန်မာအဖွဲ့တွေကကော ဒီပညာပေးလုပ်ငန်း ကို ဘယ်လောက်အထိလုပ်နေကြပီလဲ။ ကျနော်သိသလောက်ဆိုရင် စန်ခရပူရီအခြေစိုက် မွန်-လူ့အ ခွင့်ရေးအဖွဲ့ (http://rehmonnya.org) က ထုတ်ပြန်ထားတဲ့စာရင်း ဇယားတွေ။ အစီရင်ခံစာတွေက လွဲပီး ဘယ်-ထားဝယ်အဖွဲ့စည်းကမှ ဒီစီမံကိန်းအကြောင်း စနစ်တကျ-လေ့လာ ထုတ်ပြန်တာမတွေ့ရ သေးပါဘူး။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပညာပေးရေးအတွက် ထားဝယ်အဖွဲ့တွေလိုနေသလား
ဒီတခေါက် ထိုင်းခရီးစဉ်အတွင်း အန်ဂျီအို-သူငယ်ချင်းတွေက ကျနော်ကို ဒီမေးခွန်းမေးကြပါ တယ်။ ကျနော်လဲ ဒီကိစ္စကို သတင်းအနေနဲ့လုပ်ခဲ့ဖူးပေမဲ့ ဒေသခံထားဝယ်သားတဦးအနေနဲ့ ကိုယ်တိုင် ပါဝင်လှုပ်ရှားဖို့ စိတ်ကူးထားတာမျုီုးမရှိသေးတော့ သူတို့ရဲ့မေးခွန်းတွေကို အတိအကျ မဖြေနိုင်ခဲ့ပါဘူး။ "ရခိုင်ဖက်မှာဆိုရင် ရွေဂစ်-လိုမျိုးအဖွဲ့တွေရှိတယ်။ ထိုင်းနယ်စပ်တကျောမှာလဲ တခြားတိုင်းရင်းသား အဖွဲ့တွေ။ အန်ဂျီအို-တွေရှိတယ်။ ဒါပေမဲ့ ထားဝယ်စီမံကိန်းကျတော့ ဘာအဖွဲ့မှမရှိလို့ ကျနော်တို့တွဲ လုပ်ဖို့ အတော်ခက်နေတယ်-" လို့ ဘန်ကောက်အခြေစိုက် TACDB- ခေါ် မြန်မာနိုင်ငံဒီမိုကရေစီရရှိ ရေး ထိုင်း-လှုပ်ရှားမှုကော်မီတီမှ ကိုမြင့်ဝေ-က ကျနော်ကိုပြောပါတယ်။
နောက်တခါ ဖန်င-အခြေစိုက် Foundation for Education and Development--အဖွဲ့မှ ကိုထူးချစ်ကလဲ အလားတူမေးခွန်းမျိုးကျနော်ကိုမေးပီး- ''ခင်ဗျားကိုယ်တိုင် ဦးစီးပီး တခုခုဝင်လုပ်ပါ လား" လို့ တိုက်တွန်းခဲ့ပါတယ်။ -မီးပုံးပျံဦးကျော်ရင်လို ထူးခြားတဲ့ပုဂိုလ်တွေ။ နောက်တခါ လွတ်လပ် ရေးတိုက်ပွဲဝင် ဗိုလ်မှုးဗထူး-လိုပုဂိုလ်တွေ။ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဘသိန်းတင်လို ပုဂိုလ်တွေ။ ဖဆပလ-ခေါတ်မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကျားကြီးဗဆွေ-လိုပုဂိုလ်တွေ ထွက်ခဲ့တဲ့ ထား ၀ယ်ဒေသမှာ အခု-ဘာလို့ငြိမ်နေတာလဲဆိုပီး သူက-မေးခွန်းထပ်ထုတ်ခဲ့ပါသေးတယ်။ ရနောင်းမှာ ကျနော်တွေ့ခဲ့တဲ့ ထားဝယ်သား ကျောင်းအုပ်ဆရာတယောက်ကဆိုရင် ထားဝယ်နဲ့နီးစပ်တဲ့ ဒါမှမဟုတ် ထားဝယ်ကနေ ဆင်းသက်လာတယ်လို့ယူဆရတဲ့ အင်းသားတွေတောင် ပါတီထောင်ပီး ရွေးကောက်ပွဲ ၀င်။ သူတို့အမျိုးသားရေးအတွက် လှုပ်ရှားနေချိန်မှာ ကျနောတို့ထားဝယ်တွေက ဘာလို့ ဒီလောက် ငြိမ် နေသလဲဆိုပီး ကျနော်ကိုမေးခွန်းထုတ်ဖူးပါတယ်။
သူတို့ပြောမယ်ဆိုလဲ ပြောစရာပါဘဲ့။ သူတို့ရုံးတွေအခြေစိုက်တဲ့ ပူးခက်။ ဖန်င။ ရနောင်း ဒေသ က မြန်မာအလုပ်သမားအများစုဟာ ထားဝယ်သားတွေဖြစ်ပေမဲ့ အဲဒီအတွက် တာဝန်ယူဆောင်ရွက် ပေးနိုင်တဲ့ ထားဝယ်အဖွဲ့စည်း တခုမှမရှိသေး။ ဒီကိစ္စကို သူတို့အဖွဲ့တွေက တစုံတရာတာဝန်ယူလုပ်ပေး ထားနိုင်ပေမဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းလိုကိစ္စမျီုးကျတော့ ထားဝယ်အဖွဲ့စည်းတခုခုက ဦးဆောင် လုပ်ပေးနိုင်မှ သဘာဝကျပီး ပိုအလုပ်ဖြစ်နိုင်မဲ့သဘောမျီုးဖြစ်တယ်လို့ ကိုထူးချစ်။ ကိုမြင့်ဝေ-နဲ့ အဲဒီ ကျောင်းဆရာတို့က ကျနော်ကိုထောက်ပြ ဆွေးနွေးခဲ့ပါတယ်။
သူတို့ ၃-ဦးရဲ့တိုက်တွန်းချက်ကိုကြားရတော့မှဘဲ့ ကျနော်လဲ ငါတို့ထားဝယ်တွေမှာ အဖွဲ့စည်း မရှိဘူးလားဆိုပီး ပြန်-ဆန်းစစ်မိပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ ရန်ကုန်မှာဖွဲ့ထားတဲ့ ထားဝယ်အသင်းဆိုတာမျီုး။ နောက် ကျနော်တို့တက္ကသိုလ်တက်စဉ်က ဖွဲ့ခဲ့ဖူးတဲ့ ထားဝယ်အသင်းဆို တာမျီုး- သာရေး-နာရေးအသင်းထက်ပိုပီးလုပ်နိုင်တဲ့အဖွဲ့မျီုးမတွေ့ဘူးသေး။ ၈-လေးလုံး အရေးတော်ပုံ ကာလအတွင်းကတော့ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ-ဆိုတာကို ဖွဲ့ခဲ့ဖူးပေမဲ့ အာနာ သိမ်းပီးနောက်ပိုင်း အဲဒီအဖွဲ့ကိုလဲ ဘယ်သူမှဆက်ပီး မလုပ်နိုင်တော့။
ဒီလိုနဲ့ ၈-လေးလုံးအရေးတော်ပုံနောက်ပိုင်း ကျနော်တို့တောထဲရောက်တော့ ဗိုလ်စိုးသိန်း-ဦးဆောင်တဲ့ ထားဝယ်သားတပ်-ဆိုတာကိုတွေ့ဖူးပါတယ်။ နောက် ဗိုလ်စိုးမြင့်တပ်။ ဒါပေမဲ့ ဒီတပ် ၂-ခုစလုံးဟာ ထားဝယ်အမျီုးသားရေးကိုအခြေခံပီး စနစ်တကျဖွဲ့ထားတဲ့အဖွဲ့တွေမဟုတ်ဘဲ ကေအန်ယူ တပ်မဟာ ၄-နယ်မြေရောက် ထားဝယ်သားတွေကို ကေအန်ယူ-က စုဖွဲ့ပေးထားတဲ့ ထားဝယ်သား အမည်ခံ ကေအန်ယူ-လက်အောက်ခံ တပ်တွေဖြစ်နေတာကိုသာတွေ့ရဖူးပါတယ်။ နောက် ၁၉၉၀-၀န်းကျင်မှာ တရုတ်-မြန်မာနယ်စပ် ဗမာပြည်ကွန်မြူနစ်ပါတီ-ဗဟိုဌာနချုပ်အတွင်း ပတိပခ-တွေဖြစ်ပီး လူမျိုးစုတွေက အာနာသိမ်းပီးနောက်ပိုင်းမှာတော့ တနသာင်္ရီတိုင်း ဗကပ-ကလဲ သူတို့ရဲ့ပါတီနဲ့ လက် နက်ကိုင်တပ်ကို မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦး- ဆိုပီး အသွင်းပြောင်းခဲ့တဲ့အတွက် နောက်ထပ် ထားဝယ်သားတပ်ဖွဲ့တခုကိုထပ်တွေ့ခဲ့ဖူးပါတယ်။ အဲဒီကတဆင့် ထားဝယ်အမျိုးသမီးသမဂတို့။ ထား ၀ယ် လူငယ်အစည်းရုံးတို့ဆိုတာတွေကို ကြားခဲ့ဖူးပေမဲ့ အခုချိန်ထိတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအပေါ် ဒီအဖွဲ့တွေရဲ့ လှုပ်ရှားမှု ဘာမှမမြင်ရသေး။
ဆိုတော့ ထားဝယ်ရေနက်ဆိပ်ကမ်းဒီစီမံကိန်းအတွက် လူထုပညာပေးအလုပ်တွေ အချိန်မီ ဆောင်ရွက်နိုင်ဖို့ ထားဝယ်အဖွဲ့စည်းတခုခုလိုနေတာ အသေချာပါဘဲ့။ ဒီလိုအချိန်မျီုးမှာ အားလုံး အတွက် စွန့်လွတ်အနစ်နာခံပီး အလုပ်လုပ်နေပါတယ်ဆိုတဲ့ ကျနော်က ဘာကြောင့် ကိုယ်တိုင်ဦးစီးပီး ၀င် မလုပ်နိုင်သေးတာလဲ။ တခြားထားဝယ်တွေကော ဘာကြောင့် ထ-မလုပ်နိုင်သေး။ မလုပ်ကြသေး တာလဲ။ ကိုယ်ဘာသာမေးခွန်းထုတ်ရင်း ကိုမြင့်ဝေတို့ရဲ့ TACDB ရုံးခန်းကနေထွက်။ မိုးပျံရထားကိုစီး။ လေယဉ်ကွင်းရထား Airport Link ကိုအမှီပြေးရင်း သုဝန်နဘုမိ လေယဉ်ကွင်းဆီ ကျနော်ထွက်လာခဲ့ ပါတယ်။ (http://htetaungkyaw201.blogspot.com/)
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ထားဝယ်အသင်း-အဖွဲ့များရဲ့တာဝန်
Reviewed by သစ်ထူးလွင်
on
12:12
Rating:
No comments:
Post a Comment