မောင်သော်က ပြောတဲ့ ပုံပြင်များ(၂)
May 14 2011
အပိုင်း(၂)အသံဖိုင် နားဆင်ရန်
ကိုဂျေ တင်ဆက်ထားတာပါ
တနေ့လို့ပဲပြောကြပါစို့၊ ကျနော်ဟာ ဆရာမောင်သော်က အိမ်ရှေ့က စာရေးကရိယာအရောင်းဆိုင်မှာ ရေးခြစ်စရာတချို့ ဝယ်နေတဲ့ အချိန်မှာပဲ ဆရာဟာ သူ့အိမ်ရှေ့မှာ ထိုင်နေတာ တွေ့တာကြောင့် နုတ်ဆက်လိုက်မိပါတယ်၊ ဆရာက ကျနော့်ကို
လက်ဖက်ရည်သောက်ဖို့ ခေါ်ပါတယ်၊ သူ့အိမ်ထဲမှာ အတန်ကြာတဲ့ အထိ စကားစမြည် ပြောနေခဲ့ကြပေမယ့် လက်ဖက်ရည် သောက်ဖို့ ဆိုတဲ့အစီအစဉ်က ဖြစ်မလာသေးပါဘူး။
နောက်မှသိရတာကတော့ အိမ်မှာ နို့ဆီကုန်နေတာကြောင့် ၃၄ လမ်းထိပ်က သမဝါယမဆိုင် (၁၉၈၈ ၀န်းကျင်က နာမည်ကြီး သမ၀ါယမဆိုင်ပါ၊ ရန်ကုန်မြို့လယ် နေသူတွေကတော့ လိပ်ပြာတောင်ဆိုင်လို့ ခေါ်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဆိုင်ရဲ့အမိုးက လိပ်ပြာတောင် ပုံသဏ္ဍန်ဒီဖိုင်းမို့ ဖြစ်ပါတယ်) စောစောက စကားဆက်ရအောင် လက်ဖက်ရည်သောက်ဖို့ အဲဒီဆိုင်ကို နို့ဆီသွားဝယ်ခိုင်းလိုက်တာ အချိန်တွေသာ ကုန်သွားတယ် နို့ဆီဝယ်တဲ့သူ ပြန်မလာတာကြောင့် ဆရာတို့အိမ်ဘက်ခြမ်း ၃၃ လမ်းထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင် မှာပဲ ဆရာမောင်သော်က နဲ့ ကျနော် ထိုင်ဖြစ်ခဲ့ပါတယ်။
ဆိုင်ထဲက စာပွဲလွတ်တလုံးမှာ နှစ်ဦးသား ထိုင်တယ်ဆိုရင်ပဲ ဆရာက “ဒီ တန်းစီတဲ့ စနစ်ဆိုးကြီးကို ဘယ်သူစခဲ့တယ်လို့ မင်းထင်သလဲလို့” ကျနော့်ကို စတင် မေးခွန်းထုတ်ပါတယ်၊ ကျနော်လည်း ထင်မထားတဲ့ မေးခွန်းဆိုတော့ ဘယ်ကနေစပြီး ဘယ်လိုဖြေရမှန်း မသိတာရယ်၊ ပြီးတော့ အဲသလို မေးခွန်းမျိုးရဲ့ နောက်ကွယ်မှာ ပုံပြင်တွေ ကပ်ပါလာလေ့ရှိတတ်တဲ့ ဆရာ့ရဲ့ အံ့သြဖွယ်ရာ သရော်အားကောင်းတဲ့ စဉ်းစားဥာဏ်ကြောင့် နုတ်ဆိတ်နေရင်း ပြောပါဦးဆရာရဲ့ဆိုတဲ့ သဘောပါတဲ့ ပုံပြင် ကြိုက်တဲ့ ကလေးတဦးလို နေပြလိုက်ပါတယ်။
“နေဝင်း ပေါ့ကွ” ဆိုတဲ့ ဆရာမောင်သော်က မကျေမနပ် ဖြစ်နေတဲ့အခါ ပြောလေ့ရှိတဲ့ လေသံမျိုးနဲ့ ဆရာ့အသံဟာ ချက်ချင်း ထွက်လာခဲ့တယ်။ ဒီနောက်မှာတော့ ဆရာဟာ ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာ အပန်းဖြေချင်တာကြောင့် ရုပ်ရှင် ကြည့်ကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ ဒုက္ခခံ တန်းစီပြီး လက်မှတ်ဝယ် နေကြရပုံတွေ၊ ရိုးရာကော်လာ လည်ကတုံးအင်္ကျီ အဖြူရောင်းလေး တထည်လောက် ဝယ်ဝတ်ချင်တာကြောင့် ပန်းဆိုးတန်းက ကုန်တိုက်မှာ တန်းစီတိုးဝှေ့ပြီး အင်္ကျီဝယ်နေကြရတဲ့ ပြည်သူတွေ့ရဲ့ ဒုက္ခတွေနဲ့ မြန်မာနိုင်ငံက ခေတ်ပညာတတ် ဆရာဝန်တွေ ခင်ဗျာမှာလည်း ကိုယ့်ဆရာဝန်မှတ်ပုံတင်ကို ပြပြီး ကုန်သွယ်ရေး ဆေးဆိုင်တွေမှာ ဆေးဝါး တန်းစီဝယ်နေကြရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး တသီကြီး ပြောပြနေပါတယ်။
“ဆရာကလဲဗျာ ဒီကိစ္စရဲ့ တရားခံဟာ နေဝင်းလို့ ဘာ့ကြောင့် အတိအကျ စွပ်စွဲရတာလဲ”လို့ ကျနော်က မေးခွန်းထုတ်လိုက်ပါတယ်။
“မင်းသိတဲ့အတိုင်းပဲလေကွာ နေဝင်းကို မကျေနပ်တဲ့ သူတွေ ဆိုတာက ဒို့နိုင်ငံမှာ ရှိသမျှ ပြည်သူလူထုတွေ အားလုံးပဲလို့ ရဲရဲကြီး ပြောနိုင်ပါတယ်၊ ဒီလိုပဲ ဒို့တိုင်းပြည်ထဲမှာရှိနေတဲ့ ပြည်သူလူထု တွေအားလုံးကို ကျဉ်းထဲချောက်ထဲကျအောင် ကြပ်တည်းမှုတွေ ဖြစ်နေအောင် ချမှတ်းထားတဲ့ စည်းကမ်းချက် တွေဆိုတာကလည်း သူ့ရဲ့ လက်ချက်တွေပဲပေါ့ကွ” လို့ ဖြေရှင်းချက် ထုတ်ပါတယ်။ ကျနော်က ဆရာပြောသမျှ စကားတွေကို ညိမ်ကုတ်ပြီးနားထောင် နေခဲ့ပါတယ်။
“တနေ့မှာတော့ ငါလည်း နေရာတကာမှာ တန်းစီနေရတဲ့ စနစ်ဆိုးကို မကျေနပ်ကြောင့် နေဝင်းကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ချက် ချပြီး သူ့အိမ်ကိုသွားခဲ့တယ်ကွ၊ သွားခဲ့တဲ့ ရည်ရွယ်ချက်ကိုက အပြတ်ရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာဆိုတော့ လက်နက်ကိုင် သွားတာပေါ့ကွာ၊ လက်နက်ဆိုလို့ တမျိုးမမြင်နဲ့ဦး ဒို့နိုင်ငံမှာက စစ်တပ်နဲ့ ရဲကလွဲလို့ ကျန်တဲ့ သာမန်ပြည်သူတွေမှန်သမျှ နေဝင်းသားသမီး ကလွဲလို့ပေါ့ကွယ် ဘယ်သူမှ လက်နက် ကိုင်ခွင့် ရှိတာမှမဟုတ်ဘဲ၊ ဒီတော့ အိမ်မှာ အလွယ်တကူတွေ့တဲ့ ပစ္စည်းတခု ကိုင်သွားရတာပေါ့”လို့ ပြောကာ ဆရာမောင်သော်က က ကျနော့်ကို ပြုံးပြီးကြည့်နေပါတယ်။
“ပြောပါဦးဆရာရဲ့ ဆရာကိုင်သွားတဲ့ လက်နက်ကို”
“အိမ်သာတက်ရင်စီးဖို့ဆိုပြီး အိမ်သာပေါက်ဝမှာချွတ်ထားတဲ့ ခုံဖိနပ်ပါကွာ” လို့ပြောပြီး ဆရာက လက်ဖက်ရည်ခွက်ကို တခြိုက် မော့ချလိုက်ပါတယ်၊ ဆရာ့အကြောင်းသိထားတဲ့ ကျနော်က ဆရာ့ပုံပြင်က မပြီးသေးဘူးနော်လို့ စကားစပြတ်သွားမှာ ဆိုးတာကြောင့် လမ်းစပြန်ကြောင်းလိုက်ပါတယ်။
“မင်းကလည်း စာရေးဆရာ ဖြစ်ချင်တယ်လည်း ပြောနေ သေးတယ်၊ ဇာတ်လမ်းကိုလည်း အစအဆုံး သိချင်နေသေးတယ်၊ မင်းဘာသာ မင်းဆက်စဉ်းစားပေါ့ကွ” လို့ဆိုပါတယ်။ နောက်ဆုံးတော့ ကျနော်ရဲ့ကလေးဆိုးလို ဂျီကျမှုကြောင့် ဆရာဟာ သူ့ဇာတ်လမ်းကို ဒီလိုဆက်ပြောပြပါတယ်။
နေဝင်းအိမ်ရှေ့ကို ဆရာမောင်သော်က ရောက်သွားပါတယ်၊ လက်ထဲမှာကလည်း နေဝင်းကိုရိုက်ဖို့ ခုံဖိနပ်တဖက်ကိုကိုင် ထားပါတယ်၊ ၁၉၈၈ အရေးအခင်းကာလအတွင်းမှာ အစောင့် အကြပ်ကင်းပြီး အသင့်ပွင့်နေတဲ့ ဗိုလ်နေ၀င်းရဲ့ ခြံဝင်းတံခါးထဲကို တန်းပြီးဝင်သွားခဲ့ပါတယ်၊ ဒေါသအရှိန်ကြောင့် မျက်စေ့ထဲမှာ ဘာဆိုဘာကိုမှ မမြင်ရတော့ဘူးလို့လဲ ဆရာက ပြောပါတယ်၊ ခြံထဲရောက်တာနဲ့ ခုံဖိနပ်ကို အားနဲ့ မြောက်ကိုင်ပြီး ဗိုလ်နေ၀င်းကို ရိုက်နက်ဖို့ အသင့်အနေအထားလုပ်ကာ နုတ်ကလဲ ဆက်တိုက် အော်လိုက်ပါတယ်။
“ဟေ့ကောင်နေဝင်း ထွက်ခဲ့စမ်း” “ဟေ့ကောင်နေဝင်း ထွက်ခဲ့စမ်း” ဒေါသနဲ့မို့လားမသိဘူး ပဲ့တင်ထပ်သွားတဲ့အထိ အော်လိုက်တယ်လို့ ဆရာကပြောပြပါတယ်။ အဲသလို လေးငါး ကြိမ်မက အော်နေတာကြောင့် သူ့နဘေးနာကို လက်ထဲမှာ ဒါးရှည် တချောင်းကိုင်ထားသူ တဦးရောက်လာပါတယ်၊ အဲဒီသူဟာ ဒါးကိုကိုင်ထားတယ်ဆိုတာ မြင်နေရပေမယ့် သူ့ကိုအန္တရာယ် ပေးမယ့်သူ မဖြစ်နိုင်ဘူးဆိုတာကို မျက်လုံးတွေ တွေ့လိုက်တာနဲ့ သူသိလိုက်ပါတယ်၊ ဒါပေမယ့် ဒါးရှည်ကိုင်လူက သူ့ကို အန္တရာယ်မပေးဘဲ မေးခွန်းစတင် ထုတ်လိုက်ပါတယ်။
“ဆရာကြီး ခင်ဗျားဘာလုပ်ချင်လို့ ဒီလောက်တောင် အော်နေရတာလဲ”
“ငါမကျေနပ်ဘူးကွာ လူမဆန်တဲ့ ဒီကောင်ကြီးကို ငါ့လက်နဲ့ သတ်ကိုသတ်ရမှ ဖြစ်မယ်”
“ဆရာကြီးရယ် လောဘအဲသလောက်ထိ မကြီးနဲ့လေဗျာ၊ ဘေးဘီကိုလည်းကြည့်ပါဦး၊ ကျနော်တို့ ကိုလည်း အားနာပါဦး” လို့ဆိုတဲ့ အဲဒီ ဒါးရှည်ကိုင် သူပြောစကားကြောင့် ဆရာက ဘေးဘီကိုငဲ့ကြည့်မိပါတယ်၊ အလားလား ဒါးတွေ၊ တုတ်တွေ၊ တင်းပုတ်တွေ ရရာလက်နက်တွေဆွဲကိုင်ပြီး တန်းစီနေလိုက်တဲ့ လူတန်းကြီးက အရှည်ကြီး၊ ဘယ်လိုမှ နားမလည်နိုင်တာကြောင့် အဲဒီဒါးရှည်ကိုင်သူကို ဆရာမောင်သော်က က အကျိုးအကြောင်း မေးလိုက်မိပါတယ်။ အဲဒီ သူသူရှင်းပြတာကတော့-
တန်းစီနေသူတွေအားလုံးဟာ မြန်မာပြည်အရပ်ရပ်ကနေပြီး မီးရထား၊ လေယာဉ်၊ မော်တော်ကားခ သွားစရိတ် လာစရိတ် တည်ခိုစရိတ်တွေကို နှစ်ဆ သုံးဆမက အကုန်အကျခံ ရောက်လာ ကြတဲ့ သူတွေဖြစ်တယ်၊ သူတို့တွေအားလုံးဟာ ဗိုလ်နေဝင်းကို မကျေနပ်တာကြောင့် သတ်မယ်ဆိုပြီး ရောက်လာတဲ့သူတွေ ဖြစ်တယ်၊ နေဝင်းအိမ်ကို မေးမြန်းပြီးရောက်လာကြတဲ့ အချိန်မှာ သူအရင်သတ်မယ် ငါအရင်သတ်မယ်လို့ အငြင်းပွားနေကြတာကြောင့် စနစ်တကျဖြစ်အောင် အရင်ရောက်သူကို ဦးစားပေးရမယ်ဆိုတဲ့ စနစ်တခုချပြီး တန်းစီးနေကြတာလို့ အဲဒီ ဒါးရှည်ကိုင် ထားသူက ဆရာမောင်သ်ာကကို ရှင်းပြလိုက်ပါတယ်။
သူတို့ နှစ်ယောက်စကားပြောနေတာကို ဘေးကလူတွေက စိတ်မရှည်တော့ပါဘူး၊ ဘာ့ကြောင့်လဲဆို တော့ ကြားဝင်ပြီးတန်းစီဖို့ အပေးအယူလုပ်နေတယ် ထင်တာကြောင့် တယောက်တပေါက် အော်ဟစ်နေကြ ပါတယ်။
“ဟေ့လူကြီးမကြီးမငယ် မသန်မစွမ်းနဲ့ ခုံဖိနပ်ကိုင်ပီး ကြားဝင်ဖို့စိတ်မကူးနဲ့ ဒီနေရာမှာ ဗီအိုင်ပီ ဆိုတာမရှိဘူးနော်၊ နားသွားမယ်၊ တကယ်သတ်ချင်ရင် ဒီလူတန်းရဲ့ နောက်ဆုံးက ဝင်ပြီး တန်းစီပါ”လို့ အော်တဲ့အသံတွေကို ကြားလိုက်ရပါသတဲ့။
ဆရာမောင်သော်က ပြောတဲ့ ပုံပြင်တွေကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရွှင်လန်း ချမ်းမြေ့ကြပါစေ
ကျနော် ကိုဂျေ ပါ။
May 14 2011
စာရေးဆရာ အယ်ဒီတာ မောင်သော်က |

တန်းစီခြင်းအစ နေဝင်းက
Reviewed by သစ်ထူးလွင်
on
07:19
Rating:
No comments:
Post a Comment