ဦးနေ၀င်း ဓာတ်ပုံတပုံတည်းနဲ့ ကျိကျိတက် ချမ်းသာသွားသူ တယောက် အကြောင်း

မောင်သော်က ပြောတဲ့ ပုံပြင်များ(၃)
May 21 2011
စာရေးဆရာ အယ်ဒီတာ မောင်သော်က
အပိုင်း(၃)အသံဖိုင် နားဆင်ရန်

ကိုဂျေ တင်ဆက်ထားတာပါ

တော်တော်ယုတ်မာတဲ့ ကောင်ကြီးကွာ နေရာတကာမှာ လူထုကို ခက်နေအောင် ကျပ်တည်းနေအောင် လူတိုင်း ထမင်းတလုပ်ကို မျက်လုံပြူးလျှာထွက် အသည်းအသန် ရုန်းကန် ရှာဖွေစားသောက် နေရတဲ့ ဘဝရောက်အောင် ပို့ထားတာ၊ သူ့ထင်ထားတာက လူတွေ အဲသလိုဖြစ်နေမှ သူ့ကို ပြန်မတော်လှန်နိုင်မှာလို့ ယုံကြည်ထားတာလေကွာ လို့ ဦးနေ၀င်းအကြောင်းတွေ ပြောတိုင်း ဆရာမောင်သော်က
မကြာခဏ ပြောတတ်ပါတယ်။
ဒီကောင်ကြီးက အဆွေချစ် အမျိုးချစ်စိတ်ကလည်း ကြီးသလားမမေးနဲ့ ကိုဂျေရေ-- သူ့ကိုသာ ပြန်မပုန်ကန်နဲ့ သူ့ဆီကို အစားအသောက် ကောင်းလေးပို့ အောက်ကနေ မြောက်ပင့်ဆက်ဆံလို့ကတော့ သူ့အမျိုးတွေဆို ကြည့်သလား မမေးနဲ့၊ သူ့နယ်က ရွှေတောင်ခေါက်ဆွဲ ရောင်းတဲ့ သူတောင် ဂျပန်ပို့ပြီး တိုကျိုပြန် ရွှေတောင်ခေါက်ဆွဲ ဘွဲ့ခံခိုင်း တာသာကြည့် လို့လည်း ဦးနေဝင်းရဲ့ အတွင်းစိတ်ကို ပြောပြတတ်ပါတယ်။
တခါတရံမှာတော့ ပျဉ်းမနားဘက်က မယ်တွေဆို နှာကျိုးကြီး နေဝင်းက ကြိုက်သလားမမေးနဲ့ လှလို့ကတော့ ရွေးပြီးသားပဲ၊ ရန်ကုန်ခေါ် အခန်းတွေပေး တနှစ်တန်သည် နှစ်နှစ်တန် သည်ပေါ့ကွယ် ပေါင်းကြည့်တာပေါ့၊ ဒီနောက် မှာတော့ သူ့နောက်လိုက် ခေါင်းတော်ညိမ့်တဦးဦးနဲ့ ပေးစားပီး စွန့်ဝေတာတွေ ကလည်း နည်းမနည်းပဲကွဟု သူသိတဲ့ နေဝင်းရဲ့ ဆောင်တော်ကူး ခြင်ထောင်ဇာတ်လမ်းတွေကိုလဲ ဆရာမောင်သော်ကဟာ ပြောပြတတ်ပါတယ်၊
ဒါကြောင့်လဲ ဦးနေဝင်းနဲ့ ပတ်သက်ပြီး ဆရာမောင်သော်က ပြောတဲ့ပုံပြင်တွေထဲမှာ ကျနော် သိပ်ကြိုက်ခဲ့တဲ့ ပုံပြင်တပုဒ်ကို ပြောပြချင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ကျနော်ရှေ့မှာ ပြောခဲ့ပြီးဖြစ်တဲ့ နီးစပ်ရာလူကို မြောက်စားတတ်တဲ့ ဦးနေ၀င်း အကြောင်းနဲ့ ဒီပုံပြင်ဟာဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်။
ဦးနေဝင်း တန်းခိုးအာဏာထက်ပြီး ဘုန်းမီးနေလ တောက်ပချိန်က ဖြစ်ပါတယ်၊ သူ့ရဲ့ မိတ်ဆွေညာတိတွေဟာ သူ့ဆီ မကြာခဏလာရောက်ပြီး အကူအညီ တောင်းခံလေ့ ရှိပါသတဲ့၊ အကူအညီတောင်းခံတဲ့သူတွေ ကလည်း လူအမျိုးမျိုးဆိုတော့ အကူအညီတောင်းတဲ့ ပုံစံတွေကလည်း ကွဲပြားလှပါတယ်၊ တချို့မိတ်ဆွေတွေကတော့ သူတို့သား သမီးတွေ နေရာကောင်းကောင်းရဖို့ တောင်းတာရှိသလို၊ တချို့ကလည်း အိမ်ခန်းပေးပါ၊ ခြံပေးပါ၊ ဆိုင်ခန်းပေးပါဆိုပီး တောင်းကြပါသတဲ့။
မိတ်ဆွေတိုင်းနီးပါးက အကူအညီ တောင်းခံတဲ့ အချိန်မှာ ဦးနေဝင်းဆီကိုလာလဲမတွေ့ အကူအညီလဲ မတောင်းဘဲနေတဲ့ အချစ်ဆုံးသူငယ်ချင်း တဦးရှိပါသတဲ့၊ အဲဒီသူဟာ အမြဲလို စဉ်းစားတွေခေါ် နေတတ်သူ၊ စာအလွန်ဖတ်သူ ဖြစ်ပါတယ်၊ ဒါပေမယ့် နိုင်ငံရေးလောကထဲ လည်းရောက်မလာ၊ နေဝင်းကိုလည်း မပုန်ကန် မဝေဖန် ဆိုတော့ ဦးနေဝင်းကလည်း အရမ်းခင် ပါသတဲ့။
ဘွဲရပညာတတ်ဖြစ်ပြီး အစိုးရဝန်ထမ်းလုပ်ဖို့ကိုလည်း စိတ်မဝင်စား ကြီးပွားရာကြီးပွားကြောင်းလည်း ဘာတခုမှ မလုပ်ဘဲနေတဲ့ အချစ်ဆုံး သူငယ်ချင်းအကြောင်းကို ဦးနေဝင်း က သိချင်တာကြောင့် သူ့တပည့်လက်ပါးစေတွေကို စုံစမ်းခိုင်း ပါတယ်၊ အဲဒီအချိန်မှာ ဦးနေဝင်းရဲ့အချစ်ဆုံးသူငယ်ချင်းဟာ အလွန်ဆင်းရဲပြီး ဘဝကိုအတော့်ကိုပဲ ရုန်းကန်နေရတယ် ဆိုတာကို ဦးနေဝင်သိသွားပါတယ်၊ ဒါ့ကြောင့် အဲဒီ သူငယ်ချင်းကို ရှေ့တော်မှောက်ဝင်စေဆိုပြီး အမိန့်ပေးလိုက် တာကြောင့် အချစ်ဆုံးငယ်သူငယ်ချင်းကြီးလည်း အခစား ဝင်ရပါတော့တယ်။
သုငယ်ချင်းနှစ်ယောက် လွတ်လွတ်လပ်လပ်တွေ့ကြတော့ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ဟန်ဆောင်မှု ကင်းကင်း စကားပြောကြပါတယ်။ ပြောတဲ့အခါမှာလည်း ငယ်ငယ်တုန်းကလို မင်းငါနဲ့ သုံးစွဲ ပြောကြ ပါသတဲ့။
“ဟကောင်ကြီး မင်းက ငါ့ဆီကို ဘာလို့ ရောက်မလာ ရတာလဲကွ”
“အားနာလို့ပေါ့ကွာ”
“မင်းနဲ့ငါ့အကြားမှာ ဘာများအားနာစရာရှိလို့လဲ”
“ဘာမှအားနာစရာမရှိတာကိုက အားနာစရာဖြစ်နေလို့ပေါ့ကွ၊ မင်းရာထူးကြီးက ကြီးတော့ ငါက အားနာရတာပေါ့ကွ”
“ဟေ့ကောင် အားနာတာတွေအသာထား၊ အခု မင်းကို ခေါ်ရတာက မင်းဖြစ်လိုသမျှကို ငါ အကူအညီပေးချင်လို့ပဲ” ဦးနေ၀င်းက အဲသလို ပြောလိုက်ပါတယ်။
“အားနာစရာကြီးကွာ”
“လာပြန်ပြီ ဒီအားနာတာကြီးပြောလာပြန်ပီ၊ ပြောကွာ မင်းကိုငါ ဘာကူညီရမလဲ၊ မင်းဘာလိုချင်လဲ”
“ငါမင်းဆီက တောင်းရမှာ အားနာနေလို့ပါကွာ”
“မင်းနဲ့ ငါ့အကြားမှာ အားနာစရာဘာမှမရှိဘူး၊ မင်းလိုချင် တယ်ဆို ငါ့ ဟိုဟာမလေးတွေတောင် ပေးဖို့ အသင့်ပဲ ပြောမှာသာပြောစမ်းပါကွာ”
“ငါမင်းကိုအကူအညီတောင်းရင် မင်းငါ့ကိုကူညီမယ်ဆိုတာ ငါအစောကြီးကတည်းက သိပါတယ်၊ ဒါပေမယ့်ကွာ ငါက အိုင်ဒီယာသမားဆိုတော့ သူများတွေတောင်းသလိုမျိုး သမာရိုးကျ မတောင်းချင်လို့ နှစ်တွေ ကြာသွားရတာပါ၊ အိုင်ဒီယာ ရပြန်တော့လဲ ပြောရမှာ အားနာနေလို့ပါကွာ”
ဦးနေဝင်းက သူ့အချစ်ဆုံး ငယ်သူငယ်ချင်းရဲ့ ကြောင်ကွက်ကိုကြည့်ပြီး ငယ်ငယ်တုန်းကလို လွတ်လွတ် လပ်လပ်နဲ့ ဇာတိရုပ်ပေါ်အောင် ရယ်(ရီ)ချလိုက်ပါတယ်၊ အဆဲအဆိုတွေလည်း ပါသွားတယ်လို့ ဆရာမောင်သော်က က ပြောပါတယ်။
“ကဲ တောင်းတော့ ဟေ့ကောင် မင်းတောင်းမယ်ဆို ငါပိုင်တဲ့ ဟိုဟာကြီးတွေတောင်ပေးဖို့အသင့်ပဲ၊ မင်းသိတယ်နော် ငါ့မှာ ဆိုဒ်မျိုးစုံရှိတယ်”
“မယူပါရစေနဲ့ကွာ မင်းဒုက္ခနဲ့ မင်းပဲရှိပါစေ၊ ငါမင်းလို မသန်တော့ဘူးကွ၊ ပြီးတော့ မင်းလို့ နိုင်ငံခြားထွက်ပြီး သွေးလဲတာတို့ အကောင်းဆုံး ဟိုဆေးတွေ ဝယ်စားတာတို့ လည်း မလုပ်နိုင်ဘူးကွာ၊ မင်းငါ့ကို အကူအညီ ပေးမယ်ဆိုရင် မင်းဓာတ်ပုံတွေထဲက အကောင်းဆုံးဆိုတဲ့ ဓာတ်ပုံတပုံသာ ပုံကြီးချဲ့ လက်ဆောင်ပေးပါ သူငယ်ချင်းရာ”လို့ တောင်းလိုက် ပါသတဲ့။ ပြီးတော့ သူငယ်ချင်းလုပ်သူက ဦးနေ၀င်းဆီကနေ ကတိတခုပဲ တောင်းခဲ့ပါသတဲ့ အဲဒီဂတိကတော့ အဲဒီဓာတ်ပုံကို ပြန်မတောင်းပါဘူး၊ သူပိုင်ပစ္စည်းအနေနဲ့ သူဘာပဲလုပ်လုပ် လုပ်ခွင့်ပြုပါမယ် ဆိုတဲ့ ကတိပဲ ဖြစ်ပါသတဲ့။ နောက်ဆုံးတော့ ဦးနေဝင်းလည်း အင်မတန် ကြောင်တဲ့သူငယ်ချင်းကို အကောင်းဆုံး ဓာတ်ပုံတပုံ ပုံကြီးချဲ့ပေးပြီး တောင်းသမျှဂတိတွေကိုလည်း ပေးပါကြောင်း တရားဝင် လက်မှတ်ထိုးပေးလိုက် ပါတယ်။
တနှစ်ခန့် ကြာတဲ့အခါမှာတော့ ဦးနေဝင်းဆီကို သတင်းတခု ရောက်လာပါတယ်၊ အဲဒါကတော့ သူ့ငယ် သူငယ်ချင်းကြီး နေ့ချင်းညချင်း ကျိကျိတက် ချမ်းသား သွားတယ် ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်၊ ဓာတ်ပုံ တပုံပဲ တောင်းသွားသူ တယောက် ဘာ့ကြောင့်ထိ ဒီလောက် ချမ်းသာသွားရတာလဲ ဆိုတဲ့သတင်းကိုတော့ဦးနေ၀င်းဆီ အတိအကျသတင်းမှန်ပို့ရဲတဲ့သူ မရှိတဲ့အတွက် ဦးနေ၀င်း သိခွင့်မရလိုက်ပါဘူး၊၊ ဘာပဲဖြစ်ဖြစ် သတင်းမှန်ကို အတိအကျမသိရပဲ လိမ်လည်တဲ့ သတင်းတွေသာ ရနေတတ်တဲ့ အာဏာရှင်ကြီးကတော့ သူ့ငယ်သူငယ်ချင်း သူပေးလိုက်တဲ့ ဓာတ်ပုံတပုံကြောင့် ချမ်းသာသွားတယ်ဆိုတဲ့ သတင်းကိုကြားပြီးနောက်မှာ ကျေနပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား အားလုံးဟာ သူ့အပေါ်မှာ လေးစား ချစ်မြတ်နိုးကြလေးချင်းဆိုပြီး ပီတိတွေတောင် ပွားနေ ပါသတဲ့။
ဦးနေဝင်း ငယ်သူငယ်ချင်းရဲ့ စီးပွားရေးအကြောင်းကို တော့ ဆရာမေင်သော်က က အခုလိုပြောပြခဲ့ပါတယ်။
အဲဒီဦးနေ၀င်း ငယ်သူငယ်ချင်းဟာ အိမ်ပြန်ရောက် တာနဲ့ ရုံလေးတရုံ ဆောက်တယ်၊ ဆိုင်းဘုတ်တခု ရေးလိုက်ပါတယ်၊ ဆိုင်းဘုတ်ပေါ်မှာပါတဲ့ စာတွေကတော့-မကျေနပ်မှုမှန်သမျှ လွတ်လပ်စွာဖွင့်ချလိုက်ပါ လို့ ဆိုတဲ့ စာတမ်းဖြစ်ပါတယ်။
ရုံဝင်ခ လူကြီးတကျပ်၊ ကလေး ငါးမူး ဆိုတဲ့ စာတမ်းရဲ့ အောက်မှာတော့ ဦးနေ၀င်းရဲ့ ဓာတ်ပုံကို ခဲတလုံးနဲ့ ပေါက်လျှင် ငါးမူး၊ တံတွေနဲ့ထွေးလျှင် တကျပ်၊ ဖနောင့်နဲ့ဆောင့်လျှင် တကျပ်ခွဲ၊ အားလုံးအားပေးလိုလျှင် ညှိနှိုင်းဈေးလို့ ရေးလိုက် တာဖြစ်ပါတယ်။ သူ့ရဲ့အိမ်ရှေ့မှာ စာတမ်းစချိတ်တဲ့နေ့ကစပြီး လူပြတ်တဲ့နေ့ဆိုတာမရှိဘဲ အားပေးဖို့ တန်းစီတဲ့ လူတန်းကြီးဟာ မရေတွက်နိုင်လောက်အောင်ကို များခဲ့တဲ့လို့ ဆရာမောင်သော်ကက ဆိုပါတယ်၊ ဘယ်လောက်အထိ အားပေးကြသလဲဆိုရင်လဲ ငွေကြေးမပြေလည်တဲ့ သူတွေတောင်မှ အနိမ့်ဆုံး ခဲတလုံးတော့အားပေးသွား ကြတာချည့် ဖြစ်ပါသတဲ့။
ဆရာမောင်သော်က ပြောတဲ့ ပုံပြင်တွေကို နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလုံး ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ၊ ကျနော် ကိုဂျေပါခင်ဗျာ-------
ဦးနေ၀င်း ဓာတ်ပုံတပုံတည်းနဲ့ ကျိကျိတက် ချမ်းသာသွားသူ တယောက် အကြောင်း ဦးနေ၀င်း ဓာတ်ပုံတပုံတည်းနဲ့ ကျိကျိတက် ချမ်းသာသွားသူ တယောက် အကြောင်း Reviewed by သစ်ထူးလွင် on 08:18 Rating: 5

2 comments:

kyitharoo said...

ဟားဟားဟား မိုက်တယ် ဆရာ။ အားလုံးအားပေးပါ့မယ်။ တောင်းသလောက်လည်းပေးပါ့မယ် :) တော်တော်လေးကို မုန်းလွန်းလို့ပါ :)

GuGu said...

မိုက်တယ်နော်....နောက်တစ်ယောက်များရှိသေးလား...ဟာားားး..

Powered by Blogger.