အရှေ့လေနှင့် မန္တလေးအဟောင်း အသစ်

Written by ယဉ်မျိုးသွယ်   
Monday, 30 May 2011 11:12
AddThis Social Bookmark Button

w63527
ယခင် ဈေးချိုတော် ၁၂ ရုံနှင့် နာရီစင်
ရတနာပုံခေတ်က မြို့တော် အဖြစ် တည်ရှိခဲ့ပြီး ယခုအခါ ယဉ်ကျေးမှုမြို့တော် အဖြစ် အသိအမှတ်ပြုကြသော မန္တလေးမြို့တွင် နောက်တိုးမြို့နေ လူဦးရေ၏ ခေတ်ပေါ်ယဉ်ကျေးမှုများက မူလဇာတိကို လွှမ်းမိုးခြင်းနှင့်
တစ်ဆက်တည်း ခေတ်မီ မြို့ပြဖွဲ့စည်းပုံဖြင့် အဆောက်အအုံများကို ပြုပြင် တည်ဆောက်ကြရာ၌ ရှိရင်းစွဲ သမိုင်း အထင်ကရ အဆောက်အအုံများ၏ တန်ဖိုးကို ထိန်းသိမ်းသင့်သည်ဟု မြို့ခံသမိုင်း
သုတေသီတစ်ဦးက
သုံးသပ်ခဲ့သည်။ ထို့ပြင် မန္တလေးမြို့၌ ၁၉၉၀ ပြည့်နှစ် ကျော် ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ခန့် အထိ လူမှုစီးပွားရေး အခြေအနေများလည်း ပြောင်းလဲလာခဲ့ရာမှ ခေတ်ကာလအလိုက် လိုက်လျောညီထွေစွာ အဆောက်အအုံများ ပြုပြင် ဆောက်လုပ်ရာတွင် ရှေးမြန်မာ ဗိသုကာပညာရှင်များ တည်ဆောက်ခဲ့သော ဂန္ထ၀င် အမွေအနှစ်များနှင့် မြို့ပြ အကွက်အကွင်းများ၏ တန်ဖိုးကို လျော့ကျမသွားစေရန် လိုအပ်ကြောင်း ဗိသုကာ ပညာရှင် တစ်ဦးက ဆိုသည်။
w63526
သမိုင်းတန်ဖိုးနှင့် အမှတ်လက္ခဏာ
''ရတနာပုံခေတ်က မြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမှာ နန်းမြို့ရိုးနဲ့ ကျုံးတော်တွေဟာ မန္တလေးရဲ့ သမိုင်းတန်ဖိုး တစ်ခု ဖြစ်ခဲ့သလို မန္တလေး မြို့လယ်ကောင်က ဈေးချိုတော်ရဲ့ ရုံကြီး ၁၂ ရုံနှင့် နာရီစင်ကလည်း မန္တလေးရဲ့
အမှတ်လက္ခဏာ တစ်ခု အဖြစ် နှစ်ပေါင်း ၁၀၀ နီးပါး ထင်ရှားခဲ့ပါတယ်။ ကျုံးတွေ မြို့ရိုးတွေ နန်းတော်တွေကို ပြုပြင်ထိန်းသိမ်းပြီး ရှေးမူမပျက် ပြန်လည် တည်ဆောက်ခဲ့ပေမယ့် ၁၉၉၀ ကျော် ၀န်းကျင်မှာ ဈေးချိုတော်ရုံကြီး ၁၂ ရုံနဲ့ တိုက်တန်းကြီး တိုက်တန်းလေးတွေကိုတော့ အပြီးအပိုင် ဖျက်သိမ်းလိုက်တဲ့ အတွက် နှစ်ပေါင်း ၁၀၀ နီးပါး ထင်ရှားခဲ့တဲ့ မန္တလေးရဲ့ အမှတ်လက္ခဏာ တစ်ခု ဆုံးရှုံးသွားတာပေါ့''ဟု မြန်မာမှု ဗိသုကာဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုသည်။''ကိုလိုနီခေတ် ၁၉၀၃ ခုနှစ်မှာ မန္တလေးရဲ့ အထင်ကရ ဈေးချိုတော်ကြီးကို ပြန်လည် ပြင်ဆင် ဆောက်လုပ်တော့ ရုံကြီး ၁၂ ရုံက ပြင်သစ်ဗိသုကာပုံစံ ဖြစ်ပေမယ့် နာရီစင်ကြီးကတော့ မြန်မာမှုကို ခေတ်သစ် ဗိသုကာနဲ့ အချိုးကျဆုံး ပေါင်းစပ်တည်ဆောက်ပြီး မန္တလေးရဲ့ အမှတ်လက္ခဏာ အဖြစ် တွင်ကျန်ရစ်စေခဲ့တာပါ။ ဈေးချိုတော်နဲ့ နာရီစင် ပေါင်းစပ်မှုဟာ မန္တလေးဟန် ခေတ်သစ် ဗိသုကာရဲ့ ပြယုဂ် တစ်ခုအဖြစ် အဖိုးတန်စေခဲ့ပါတယ်။ အခုတော့ ဈေးချိုတော်ရုံကြီး ၁၂ ရုံ မရှိတော့ပေမယ့် နာရီစင်ကတော့ အထပ်မြင့်ဈေးရုံနဲ့ ၂၅ ထပ် ကွန်ဒိုမီယံကြား ငုတ်စိစိ ကျန်နေသေးတာပေါ့ဗျာ''ဟုလည်း အဆိုပါ ပညာရှင်က ရှင်းပြသည်။
ထိန်းသိမ်းသင့်သော  . . .
ထို့ပြင် ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား သာမက ကိုလိုနီခေတ် တစ်လျှောက်လုံး လွတ်လပ်ရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင်လည်း ထင်ရှားသည့် ဖြစ်ရပ်များ ရှိခဲ့ရာ အချို့သော အဆောက်အအုံကြီးများက သမိုင်းဖြစ်ရပ်နှင့် ပူးတွဲ မှတ်တမ်းတင် ရှိနေကြောင်း သိရသည်။ ''ကိုလိုနီခေတ် လက်ရာတွေ ဆိုပေမယ့် တချို့ အဆောက်အအုံတွေက လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တန်ဖိုးရှိနေခဲ့တယ်။ ဥပမာ အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီး၊ ဗဟို အမျိုးသား အထက်တန်းကျောင်း အဆောက်အအုံ၊ ၈၄ လမ်းပေါ်က အရင် ဟံသာဝတီ သတင်းစာတိုက် အဆောက်အအုံကလည်း ဖ.ဆ.ပ. လ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဆက်စပ်တယ်။ စီဗီလိုင်းက ဆပ်ကျောင်း(ရဲသိပ္ပံ) ဆိုပါတော့။ ၁၉၀၉ ခုနှစ်မှာ တောင်ငူက ပြောင်းရွှေ့ပြီး ဖွင့်လှစ်တယ်။ မြန်မာအမျိုးသား လူငယ်တွေ အဲဒီခေတ် အခေါ် ပုလိပ်ရာထူးနဲ့ လုံခြုံမှုဆိုင်ရာပိုင်းမှာ စတင် လှုပ်ရှား ပါဝင်လာခြင်း သမိုင်းဖြစ်စဉ်တွေနဲ့ ဆက်စပ်တယ်။

အခုတော့ ဈေးချိုတော်ရုံကြီး ၁၂ ရုံ မရှိတော့ပေမယ့် နာရီစင်ကတော့ အထပ်မြင့် ဈေးရုံနဲ့ ၂၅ ထပ် ကွန်ဒိုမီယံကြား ငုတ်စိစိ ကျန်နေသေး  . . .
ကိုလိုနီခေတ်ရဲ့ အုပ်ချုပ်ရေး ယန္တယားဆိုင်ရာ မှတ်တမ်းတင် အဆောက်အအုံကြီးလည်း ဖြစ်ခဲ့တယ်။ စာတိုက်ကြီး၊ ဗိုလ်ဗထူးလမ်းက ဗုဒ္ဓပြတိုက် စတဲ့ အဆောက်အအုံ ဆိုရင်လည်း သမိုင်းတန်ဖိုး ရှိတာပဲ။ ခေတ်ပေါ် ဗိသုကာနဲ့ အဆောက်အအုံသစ်တွေဟာ သမိုင်းတန်ဖိုး ကြီးမားတဲ့ ရှေးဟောင်း အဆောက်အအုံတွေ နေရာမှာ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေ အရ အစားထိုးမယ် ဆိုရင်တော့ သတိထားကြဖို့ လိုအပ်ပါမယ်''ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
''အခုချိန်မှာ မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ စီးပွားရေး အခွင့်အလမ်းတွေပေါ် မူတည်ပြီး အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။ အဲဒီလို ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ ရှေးဟောင်းကို ဖက်တွယ်သူနဲ့ ခေတ်ကာလကို
စီးမျောလိုက်ပါသူ အကြား မျိုးဆက်ကွာဟမှု အရ ပဋိပက္ခ အသွင်သဏ္ဌာန်တွေလည်း ရှိနိုင်ပါတယ်''ဟုလည်း ပြောပြသည်။
တောနှင့် မြို့အကူး
ထို့ပြင် မန္တလေးမြို့၏ ဖွဲ့စည်းပုံကို ငါးမြို့နယ်မှ ယခုအခါ အမရပူရ မြို့နယ်ကိုပါ တရားဝင် ထည့်သွင်း၍ မြို့ပြ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မန္တလေးမြို့စွန် ဆင်ခြေဖုံးရှိ ကျေးလက် တောရွာများသည်လည်း မြို့ပြ ဧရိယာတွင် ပါဝင်လာပြီး မြို့ပြဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်အတူ အချိုးညီ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်လျက် ရှိကြောင်း လေ့လာသူများက ဆိုသည်။
မူလကတည်းက ဆင်ခြေဖုံးမှကျေးရွာ
မန္တလေးမြို့သည် မြို့ပြ အခြေချ ပြောင်းရွှေ့နေထိုင်မှု အရ မြို့သက်တမ်း အနှစ် ၁၀၀ တင်းတင်းပြည့်သည့် ၁၉၅၉ ခုနှစ်တွင် မြို့ပြ ဧရိယာမှာ ၁၉ ဒသမ ၀၈ စတုရန်းမိုင်ခန့် ရှိခဲ့ရာမှ နှစ် ၁၅၀ သက်တမ်း ဖြစ်သော ၂၀၀၉ ခုနှစ်တွင် မြို့ပြ ဧရိယာသည် ၄၅ စတုရန်းမိုင် အထိ ကျယ်ဝန်းလာခဲ့သည်။ ယင်းကဲ့သို့ မြို့ပြဧရိယာများ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ လျှပ်စစ်မီးသုံးစွဲမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လူနေအဆောက်အအုံများ အထိုက်အလျောက် ပြောင်းလဲတိုးတက်မှု ရှိခဲ့သော်လည်း လူနေမှု အဆင့်အတန်းများနှင့် ပတ်သက်၍ မြို့ပြကဲ့သို့ နေထိုင်မှုပုံစံ လိုအပ်ချက် ရှိသေးကြောင်းကို ''မန္တလေးမြို့ဟာဆိုရင် အရင်က ကျေးရွာအဆင့်မှာပင် ရှိတဲ့ ချမ်းအေးသာစံ မြို့နယ်ထဲက ကန်ကောက်၊ ကျန်းမာရေး၊ ယဉ်ပျံ စတဲ့ ရပ်ကွက်တွေက ဆယ်စုနှစ် အတွင်းမှာ မြို့ပြ ဧရိယာထဲမှာ ပါဝင်လာခဲ့ပါတယ်။ အဲလို ပါဝင်လာတာနဲ့အမျှ လျှပ်စစ်သုံးစွဲမှုတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ အထိုက်အလျောက် ကောင်းမွန်ခဲ့ပေမယ့် လူနေမှု အဆင့်အတန်းမှာတော့ လိုအပ်ချက်လေးတွေ ရှိနေပါ တယ်။ ဥပမာ ဆိုပါတော့ ၂၆လမ်း x ၅၈လမ်းထောင့်က ရေမြောင်းမှာ မနက်မိုးလင်းတာနဲ့ သုံးရေ၊ သောက်ရေတွေက အစ သုံးစွဲနေကြတုန်းပါပဲ။
အရင်က မြောင်းရေရှင် ဆိုတော့ သိပ်ပြဿနာ မရှိခဲ့ပါဘူး။ အခုဆို ရေသေ ဖြစ်တဲ့အတွက် ကျန်းမာရေး အတွက် စိုးရိမ်စရာပါ။ ဒီလို မြောင်းရေသေကို သုံးစွဲမှုတွေ မန္တလေး အရှေ့ခြမ်း ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ရှိနေဆဲပါ။
ဒီလိုပါပဲ အ၀ီစိ ရေတွင်း ဆိုရင် ပေ၂၀ x ၃၀ လောက်နဲ့လည်း သုံးစွဲနေတုန်းကို တွေ့ရတယ်။ ဒီတော့ အသုံးပြုသင့်တဲ့ ရေအမျိုးအစားကို မရနိုင်တာ သေချာပါတယ်''ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားသည်။
မြို့ပေမယ့်
ထိုကဲ့သို့ မြေယာဥပဒေများနှင့် ပတ်သက်၍ လိုအပ်ချက်များ ရှိနေသကဲ့သို့ တချို့ ရပ်ကွက်များတွင် နေထိုင်သူ ပြည်သူများ အနေဖြင့်လည်း လူနေမှု အဆင့်အတန်းကို မြို့ပြနှင့် လျော်ညီစွာ နေထိုင်တတ်ရန် လိုအပ်လျက်
ရှိနေသေးကြောင်းကို''  ယာဉ်ပျံ၊ ကျန်းမာရေး ရပ်ကွက်တွေက လယ်မြေတွေကို အကွက်ချပြီး ရပ်ကွက် တည်ထောင်တာ မကြာသေးတော့ အရင် ကျေးလက် ဓလေ့စရိုက် အတိုင်း အဆင်ပြေသလို ပုံစံမျိုးနဲ့ ၀က်မွေး၊ ဘဲမွေး၊ ကြက်မွေးတာမျိုးတွေ အိမ်အများစုမှာ ရှိနေကြတုန်းပါ။ တချို့ အဆောက်အဦ မရှိတဲ့ မြေကွက်လွတ်ကြီးမှာလည်း ဖြစ်သလို ၀က်တွေ မွေးမြူထားကြတော့ အမြင် မတင့်တယ်သလို ပတ်ဝန်းကျင် သန့်ရှင်းမှု အရလည်း အဆင်မပြေနိုင်ပါဘူး။ အရင်တုန်းက ဆိုရင် အဲဒီဘက် ဒေသတွေက သီးသန့်ရွာ အနေနဲ့ပဲ တည်ရှိပြီး မန္တလေးမြို့တွင်းနဲ့ သတ်သတ်လို ဖြစ်နေခဲ့ပါတယ်။ အခုတော့ မန္တလေးမြို့ ဧရိယာ ၀န်းကျင်နဲ့ တစ်သားတည်း ဖြစ်လာနဲ့အမျှ အချိုးညီ ဖွံ့ဖြိုးဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်''ဟု ကျန်းမာရေးကွက်သစ်ရှိ ဒေသခံ တစ်ဦးက ဆိုသည်။
မန္တလေးမြို့နှင့် ဆက်စပ်လျက် ရှိသော တံခွန်တိုင်၊ တောင်မြင့်၊ ကြည်ကုန်း၊ အင်းခရု၊ ငွေတော်၊ သင်ပန်းကုန်း ကွက်သစ်၊ ကန်သာယာ ကွက်သစ်၊ ထွန်တုံးရပ်၊ အောင်ပင်လယ်ရပ်၊ အောင်သာယာ၊ ဂွေ့ကြီးကုန်း၊ ရေကြည်၊
ကန်ကောက်၊ သရက်ကုန်း၊ နန်းဦးလွင်၊ ဘူးကုန်း၊ စည်ပိုင်းကုန်း၊ အုတ်စက်၊ နွယ်နီ၊ အိုးဘို၊ စက်ရိပ်၊ နေပူရွာ၊ ယဉ်တော်ရွာ စသည့် တို့သည် ယခင်က မန္တလေးမြို့နှင့် သီးခြား ဖြစ်သော ကျေးလက်တောရွာများ အဖြစ် တည်ရှိခဲ့ရာမှ ယခုအခါ မြို့ပြ ဧရိယာတွင် ပါဝင်လာခဲ့ကြောင်း တွေ့ရှိရသည်။
အခိုင်အမာတစ်ခု
မည်သို့ပင်ဖြစ်စေ ဒုတိယကမ္ဘာစစ် အတွင်း မီးလောင်ဆုံးရှုံးခဲ့သော မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအ၀င် မှန်နန်းတော်၊ ရာဇပလ္လင် ရှစ်ရပ်မှ စ၍ ရွှေနန်းတော် ၄၈ ရပ်နှင့် အဆောင်တော်ပေါင်း ၁၀၀ ကျော်ကို ၁၉၉၀ ပြည့်နှစ်က မူလပုံစံ နီးပါး အသစ် ထပ်မံ တည်ဆောက်ခဲ့သော မန္တလေး နန်းမြို့တွင်းရှိ နန်းဆောင် နန်းပြသာဒ်များနှင့် ထီးမူနန်းရာများမှာ မန္တလေး၏ မူလဇာတိ ပြယုဂ် အဖြစ် အခိုင်အမာ ရှိနေသေးသောကြောင့် ယခုအခါ ပြည်တွင်း ပြည်ပ ဧည့်သည်များ စိတ်ပါဝင်စားစွာ သွားရောက် လည်ပတ်လေ့လာ ကြည့်ရှုကြကြောင်း တွေ့ရှိရသည်။
မန္တလေးမြို့၏ ထင်ရှားသော အဆောက်အအုံများ
၁။ မြနန်းစံကျော် ရွှေနန်းတော်နှင့် ကျုံးမြို့ရိုး ပြာသာဒ်များ (၁၈၆၀ ၀န်းကျင်) - မူရင်းမပျက် ပြုပြင် တည်ဆောက်ပြီး။
၂။ မန္တလေးဘူတာကြီး (၁၈၈၉ ခုနှစ် ၀န်းကျင်) - ၁၉၉၀ ကျော်တွင် ဖျက်သိမ်းပြီး ခေတ်မီ အထပ်မြင့် အဆောက်အအုံသစ် တည်ဆောက်ခဲ့။
၃။ မန္တလေးဈေးချိုရုံကြီး ၁၂ ရုံ (၁၉၀၃ ခုနှစ်တွင် ပြန်လည် တည်ဆောက်) - ၁၉၉၁ တွင် ဖျက်သိမ်း။
၎။ ရဲသိပ္ပံကျောင်း (၁၉၀၉ ခုနှစ်) - ယခုအခါ ကလေးအထူးကု ဆေးရုံ အဖြစ် ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိ။
၅။ ဈေးချိုတော် နာရီစင် (၁၉၀၉ ခုနှစ်) - ယခုတိုင် တည်ရှိနေဆဲ။
၆။ မန္တလေး တက္ကသိုလ် ပင်မဆောင် (၁၉၂၀ ၀န်းကျင်) - ဆက်လက် တည်ရှိနေဆဲဖြစ်။
၇။ ဗဟိုအမျိုးသားအထက်တန်းကျောင်း ခြင်္သေ့ဆောင် (၁၉၂၀ ၀န်းကျင်) - ၁၉၉၅ တွင် မူရင်းမပျက် ပြန်လည် တည်ဆောက်။
၈။ စည်ပင်သာယာရုံး (၁၉၅၅ ခုနှစ်) - ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေး(ယခင် ပုလိပ်ရုံး) ကော်မတီရုံး အဖြစ် တည်ရှိနေဆဲဖြစ်။
အရှေ့လေနှင့် မန္တလေးအဟောင်း အသစ် အရှေ့လေနှင့် မန္တလေးအဟောင်း အသစ် Reviewed by သစ်ထူးလွင် on 18:01 Rating: 5

No comments:

Powered by Blogger.