၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း ခံခဲ့ရပြီး နောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းခဲ့သည့် အမျိုးသမီးများတွင် အသက်အကြီးဆုံး အသက် ၅၀ နှစ် အထက်မှ အသက်အငယ်ဆုံး ၁၅ နှစ်အောက်များ ပါဝင်ခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ သတင်းရရှိသည်။
၂၀၁၀ ပြည့်နှစ်အတွင်းတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ လူကုန်ကူးခြင်း
ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သူ ၁၈၃ ဦးရှိခဲ့ပြီး အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၆၂ ဦး ပါဝင်ခဲ့သည်ဟု သိရသည်။ ယင်းတွင် လူကုန်ကူး ခံရသူများ၏ အသက်အပိုင်း အခြား နှင့် ကလေးသူငယ်၊ အမျိုးသမီးဦးရေ စာရင်းတွင် အသက်အကြီးဆုံး ၅၀ နှစ်အထက် အမျိုးသမီး နှစ်ဦး၊ အသက် ၄၁ နှစ်မှ ၅၀ နှစ်အတွင်း အမျိုးသမီး ကိုးဦး၊ အသက် ၃၁ နှစ် မှ ၄၀ နှစ်အထိ အမျိုးသမီး ၂၀ ဦး၊ အသက် ၁၈ နှစ် မှ ၃၀ နှစ်အထိ အမျိုးသမီး ၁၀၃ ဦး၊ အသက် ငါး နှစ်မှ ၁၇ နှစ်အထိ အမျိုးသမီး ၂၁ ဦး၊ အသက် ၁၅ နှစ်အောက် အမျိုးသမီးခုနစ်ဦးတို့ ပါဝင်ခဲ့သည် ဟု သိရသည်။ လူကုန်ကူးခံရသူများ တွင် အမျိုးသားများလည်း ပါဝင်ခဲ့ပြီး အသက် ၁၈ နှစ် မှ ၃၀ နှစ်အထိ အမျိုးသား ၁၁ ဦး၊ အသက် ငါးနှစ်မှ ၁၇ နှစ်အထိ အမျိုးသားငါးဦး၊ ၁၅ နှစ်အောက် အမျိုးသားငါးဦး စုစု ပေါင်း ၂၁ ဦးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးခံရ သူများတွင် အများစုမှာ အမျိုးသမီးများဖြစ်ပြီး ထိမ်းမြားလက်ထပ်ရန် အလို့ငှာ လူကုန်ကူးခြင်းခံနေရကြောင်း သိရသည်။
လူကုန်ကူးခံရသည့် အမျိုးသမီးများ၏ ဘ၀အခြေအနေသည် မွေးရပ်ဒေသတွင် စားဝတ်နေရေး မပြေလည်မှု၊ ဗဟုသုတနည်းပါးမှု၊ ငွေကြေး အလွယ်တကူ ရယူလိုမှုနှင့်အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတို့သည် တရုတ်နိုင်ငံသို့ ပို့ဆောင်ခံနေရသည့် တွန်းအားများ ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် လက်ရှိဝင်ငွေထက် ပိုမိုရရှိမည်ဟု မျှော်လင့်ခြင်း၊ တရုတ်အမျိုးသားများနှင့် ခေတ္တသာ လက်ထပ်ရမည်ဟု ထင်မှတ်ပြီး ရွှေ ငွေ ပစ္စည်းတို့ကို ရယူကာ ရက်ပိုင်း လပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည်ဆိုသော ပွဲစား၏ စကားကို ယုံလွယ်ခြင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသူများသည် တစ်ဖက်နိုင်ငံသို့ သွားရောက်၍ တရုတ်အမျိုးသားများ နှင့် လက်ထပ်ပေါင်းသင်းခြင်းကို သာမန်အလေ့အထ တစ်ခုအဖြစ် မှတ်ယူခြင်း၊ ၎င်းတို့၏မိဘများ ကိုယ်တိုင် မိမိတို့၏သမီးများ ပြန်လည်ရောင်းစား ခံနေကြရသည်ကို မသိရှိကြခြင်း စသည့် အကြောင်းအရင်း များလည်း ပါဝင်သည်ဟု သိရသည်။
Eleven |
No comments:
Post a Comment