အစိုးရပြောင်းလဲချိန် ရွှေချောင်းပေးပြီး သစ်ထုတ်နေကြ


KNG

တရုတ်နယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သစ်ထုတ်လုပ်မှု ယခင်နှစ်များထက် ၂ ဆနီးပါးပိုများလာပြီး အခွန်အတွက် မြန်မာအာဏာပိုင်များ က ငွေသားအစား ရွှေချောင်းလက်ခံနေသည်ဟု ကုန်သည်များပြောသည်။

အစိုးရက
တရားဝင်သစ်ထုတ်လုပ်ခြင်းဟု ဖော်ပြပြောဆိုဖြင်းမရှိသော်လည်း တရုတ်လုပ်ငန်းရှင်နှင့် နေ့စဉ်သယ်ယူနေသည့် သစ်ကားများအား အပြည့်အ၀ခွင့်ပြုထားသည်ဟု ရှမ်းပြည်နယ် နမ့်ခမ်းမှ ကုန်သည်တစ်ဦး ပြောသည်။

“လောပန်းတွေကအများကြီးပေးရတယ်။ အဲဒီငွေသိန်းထောင်နဲ့ချီပြီးပေးရတော့ သူတို့အတွက်ကတော့ ငွေသိန်းထောင်ချီယူလာပြီဆိုရင် အိတ်တွေ ဆာလာအိတ်တွေနဲ့ အများကြီးဆိုရင်တော့၊ အဲလိုမျိုးဆိုရင် သူတို့အတွက်လည်းမကောင်းဘူး။ အဲဒါကြောင့် ဘယ်လောက်တန်တယ်ဆိုတာ ကို ရွှေချောင်းလိုက် ချောင်းလိုက်နဲ့ ငွေအစား သယ်ရလွယ်တဲ့ ရွှေကိုအစားထိုးပြီးတောင်းတာပေါ့နော်။ စစ်ဒေသတိုင်းတွေပေါ့နော် ဗျူဟာမှူးတွေဘာတွေနဲ့အပီပေါ့။ သူတို့ကိုပိုက်ဆံဘယ်လောက် ရွှေချောင်း ဘယ်လောက်အဲလိုပေးပြီးတော့ ဒီတိုင်းသွားနေတာ။”

ကချင်ပြည်နယ်ဖက်တွင် မြစ်ကြီးနား မြစ်ဆုံဝန်းကျင်၊ တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသနှင့် ရှမ်းပြည်နယ်ဖက်တွင် မန်စီ၊ မိုးမိတ်၊ မန်တုန်နှင့် မိုးမောက် သစ်တောများမှ ထုတ်လုပ်ခြင်းဖြစ်သည်ဟု ကုန်သည်များပြောသည်။

အဓိက တရုတ်လုပ်ငန်းရှင်ကြီးများက ကျွန်းသစ်နှင့် သစ်မာကို တရုတ်နယ်စပ်ဖက်သို့ သစ်ကားကြီးများဖြင့် နေ့ည မရပ်မနား အများဆုံးတင်ပို့နေကြောင်း ဆက်ပြောသည်။

“ခါတိုင်းနှစ်ဆိုရင် တန်က ၂သောင်း ၃ သောင်းဆိုရင် ဒီနှစ်က ၄၊ ၅၊ ၆ သောင်းလောက် အဲလောက်ထိကို ထုတ်နေတယ်။ အစိုးရကလည်းအပြောင်းအလဲလုပ်နေတဲ့အခါကျတော့ သစ်ထုတ်တဲ့သူတွေအတွက်ကတော့ ဒီနှစ်ကတော့လုပ်ရ အကောင်းဆုံးတဲ့ အဲဒါကြောင့် ဒီမှာလည်းသစ်တွေပုံနေတာပဲ။ တစ်ရက်တစ်ရက်ကိုဆိုရင် နည်းတာမဟုတ်ဘူး။ တစ်ခေါက် တစ်ညထဲကိုက သစ်အစီးရေက ၂၀၀ သုံးလေးရာလောက်ဝင်တယ် တစ်စီးကိုအနည်းဆုံးက ၁၄ တန် ၁၅ တန် အဲလောက်လောက်ကိုတင်တယ်။"

သစ်ထုတ်လုပ်မှုအများဆုံးဖြစ်နေသော်လည်း ပတ်ဝန်းကျင်ဒေသခံများမှာ အကျိုးအမြတ်ပိုမိုခံစားမှုမရှိဟု ဒေသခံများပြောသည်။

ယခုနှစ်သစ်ထုတ်လုပ်ချိန်မှစပြီး ရပ်ရွာတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆိုးဆိုးရွားရွားဖြစ်လာပြီး အမျိုးသမီးများ၏လုံခြုံရေး စိုးရိမ်လာရသည်ဟုပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေထဲ တရုတ်သစ်ထုတ်ခွင့်ပြုသည့်အတွက် ရာဇ၀တ်မှုပိုများလာသည်ဟု ဒေသခံများ ပြောသည်။ သို့သော် ၎င်းဒေသရှိသူများနှင့် ပိုသက်ဆိုင်သည်ဟု KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံ အရာရှိ နော်ဘူ ပြောသည်။

“ကျွန်တော်ထင်တာကတော့ သစ်ထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါးများလာတာကတော့မဟုတ်ဘူးလို့ ထင်တယ်။ ကျွန်တော်တော့ အဲလိုတော့မယူဆဘူး။ ဘာလို့လဲဆိုတော့ အဲဒါနဲ့တွဲပြီးမှ စီးပွားရေးလည်း မဟုတ်ဘူး။ တွဲပြီးမှလုပ်တဲ့လုပ်ငန်းတွေလည်းမဟုတ်ဘူး။ အဓိကတော့ လူတွေအပေါ်မှာပေါ့ သုံးစွဲတဲ့လူတွေ မသာမာတဲ့သူတွေအတွက် ဖြစ်လာတဲ့ကိစ္စလို့ ကျွန်တော်မြင်တယ်။”

သို့သော်လုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်ကြီးများပေါင်းစုံ စုရုံးနေသည့်နေရာ၌ မူးယစ်ဆေးဝါး ပြဿနာရှိနိုင်ပြီး KIO ဖက်တွင် ၎င်းတို့နယ်မြေအတွင်း လက်လှမ်းမီသမျှ ပေါ်လစီအရ ဆက်လက် တိုက်ဖျက်သွားရန် ရှိသည်ဟု ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်များမှတဆင့် သစ်ထုတ်လုပ်မှုကို ၁၉၉၄ ခုနှစ်ကတည်းမှ ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တရုတ်က မြန်မာပြည်မြောက်ပိုင်းမှ သစ်တင်သွင်းခွင့် ကန့်သတ်လိုက်သော်လည်း ခုချိန်ထိ KIO နှင့် မြန်မာအစိုးရထံမှ သဘောတူညီမှုနှင့် သစ်ထုတ်လုပ်နေဆဲဖြစ်သည်။
အစိုးရပြောင်းလဲချိန် ရွှေချောင်းပေးပြီး သစ်ထုတ်နေကြ အစိုးရပြောင်းလဲချိန် ရွှေချောင်းပေးပြီး သစ်ထုတ်နေကြ Reviewed by သစ်ထူးလွင် on 17:20 Rating: 5

No comments:

Powered by Blogger.