ကျွန်းလှမြို့လယ်ခေါင်၌ စစ်သားနှင့်ပျူများ သတ်ဖြတ်ထားသည့် အမျိုးသား အလောင်း (၂) လောင်းတွေ့


ကျွန်းလှ၊ ဩဂုတ် (၂၇)

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့လယ်၌ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များက သတ်ဖြတ်ထားသည်ဆိုသည့် ဒေသခံ(၂)ဦး၏ အလောင်းကို  ယမန်နေ့နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဘူတာအနီး၌ အသက် (၂၀) အရွယ် လူငယ်တစ်ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေပြီး သစ်ရာမြိုင်ဈေးတောင်ဘက်တွင်လည်း အသက် (၅၀) ကျော် အမျိုးသားတစ်ယောက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

“မြို့ပေါ်မှာရှိတဲ့ ပျူ၊ စခ(စစ်သား)တွေ လုပ်တာပါ၊ သေဆုံးတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တော့မသိဘူးဗျ။ သူတို့ ဘာသာအရ မနေ့က တခါတည်းမြေချတယ်လို့ပြောပါတယ်ဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှာသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ 

လက်ရှိအချိန်၌ ကျွန်းလှမြို့ကို ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များက မြို့အတွင်း လှည့်လည်သောင်းကျန်းနေသည့်အတွက် ပြည်သူများ အပြင်မထွက်ရဲဘဲ ထိတ်လန့်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ကန့်ဘလူမြို့နယ်ဘက်က စစ်ဗိုလ်ညီကိုတောင် ပစ္စည်းလု၊ လူသတ်အလောင်းဖျောက်တာကို ပြောပြောင်တင်းတင်းလုပ်ခဲ့တာလဲ ပျူတွေပါပဲ။ ဖမ်းပြတယ် ခေါ်စစ်တယ် အရေးယူမှုတစ်စုံတစ်ရာမလုပ်ဘဲ ပြန်လွှတ်ပြီး ယခုထိ လက်နက်ကိုင်ပျူခွေးလုပ်နေကြတာပဲ။ သူတို့ဘာလုပ်လုပ် ဥပဒေ ဂရုစိုက်စရာမလိုဘူးဆိုတော့ ကျွန်တော်တို့ ကျွန်လှမြို့နယ်ပြည်သူတွေအတွက်ရင်နာစရာပေါ့”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားရာနှင့်ချီသည့် စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။

ယမန်နေ့ မနက်ပိုင်းကလည်း ကုန်းစည်းကျေးရွာအား မီးရှိုးဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် ညောင်ပင်ကျေးရွာကို လက်နက်ကြီးဖြင့်ပစ်၍ ဝင်ရောက်စီးနင်းနေပြီး တည်ပင်ဆိပ်ရွာတွင်စခန်းချကာ ဒေသခံပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်၌ ကျွန်းလှမြို့နယ် ၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေပြီး ကျေးရွာများကိုလည်း မီးရှို့ ဖျက်ဆီးနေသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်နယ်စပ်ရှိ ကျေးရွာများကိုလည်း အာဏာသိမ်းစစ်တပ်က သြဂုတ်လ (၂၃) ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့် ၆ အရွယ်ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးဒုက္ခသည် (၄) ဦး သေဆုံးခဲ့သေးသည်။


Lu Nge Khit

ကျွန်းလှမြို့လယ်ခေါင်၌ စစ်သားနှင့်ပျူများ သတ်ဖြတ်ထားသည့် အမျိုးသား အလောင်း (၂) လောင်းတွေ့ ကျွန်းလှမြို့လယ်ခေါင်၌ စစ်သားနှင့်ပျူများ သတ်ဖြတ်ထားသည့် အမျိုးသား အလောင်း (၂) လောင်းတွေ့ Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.