ချောင်းဦး၊ ဩဂုတ် ၂၀၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ပျူရွာလို့နာမည်ကြီးနေတဲ့ ကံကြီးကုန်းကျေးရွာကို ရိက္ခာနဲ့ အင်အားလာချပြီး ပြန်ထွက်လာတဲ့ မော်တော်ယာဉ်အား မိုင်တဲမမ တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Farmers Revolution Force(Chaung U)အဖွဲ့ ရဲဘော်တဦးကပြောပါတယ်။
စစ်ကောင်စီတပ်သား ၅၀လောက် လိုက်ပါလာတဲ့ မော်တော်တစီးကို ဩဂုတ်လ ၁၉ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်က ဗန္ဓုလအဖွဲ့သားများ-မုံရွာနဲ့ ပူးပေါင်းကာ မိုင်တဲမမ ၇လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ၈ဦးသေဆုံးတယ်လို့လည်း သိရပါတယ်။
“ရွာက ပျူရွာအကြီးစားကြီးဗျ၊ သတင်းရတဲ့အချိန်က အဆင်သင့်မဖြစ်သေးတော့၊ ပြန်တဲ့ချိန်ကိုစောင့်ပြီး မိုင်တဲမမတွေနဲ့ တိုက်ခိုက်ခဲ့တာ၊ သူတို့ဘက်က ပစ်လို့ အပြန်လှန်ပစ်နေရင်း လေယာဉ်ပျံလာတော့ နောက်ဆုတ်ပြီး ပြေးရတာပေါ့” လို့ အဆိုပါရဲဘော်ကပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် လေကြောင်းအကာကွယ်ယူကာ အထက်ကိုဆန်တက်သွားပြီး ချင်းတွင်းမြစ်ကမ်းနားက ရွာတွေကိုလည်း ၄၀မမ၊ ၆၀မမတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ မုံရွာကနေ စက်လှေအကြီးစားနဲ့ ချောင်းဦးဘက်မှာ ရိက္ခာချပြီးအပြန် ခုလိုတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးတပ်သား အလောင်းတွေကိုတော့ လေယာဉ်နဲ့ သယ်သွားတယ်လို့ မျက်မြင်တွေ့လိုက်တဲ့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ရက်နေ့ကလည်း ကံကြီးကုန်းရွာနားမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီမော်တော်ယာဉ်တစီးကို မိုင်း ၅လုံးနဲ့တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများပြားခဲ့လို့ လူနာတင်ကား ၆စီးနဲ့ ဒဏ်ရာရ သေဆုံးအလောင်းတွေ သယ်ခဲ့ရသေးတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment