ချောင်းဦးမှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးပြီး ရှစ်ဦးကို လမ်းပေါ်မှာတင် ပစ်သတ်၊ ဈေးဝယ်သွားတဲ့ ရဲဘော်နှစ်ဦးနှင့် ပြည်သူ ခြောက်ဦး သေဆုံးဟု ချောင်းဦး CHU PDF ထုတ်ပြန်
ချောင်းဦးနယ် ကံကြီးကုန်းရွာက ပျူတွေကို စစ်ကိုင်း စကစ မြတ်ကျော်နှင့် သန်းထိုက်တို့ ပြီးခဲ့တဲ့ မတ်လက သွားရောက်တွေ့ဆုံ ထောက်ပံ့ခဲ့စဉ်/Photo – S |
ဇွန် - ၈
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ရွှေလှေရွာအနီးမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေနှင့် စစ်အုပ်စု လက်ပါးစေ ပျူစောထီးတွေ ပူးပေါင်းပြီး ဇွန်(၇)ရက် မနေ့က လမ်းသွားလမ်းလာ ခရီးသွား ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးပြီးနောက် ရှစ်ဦးကို လမ်းပေါ်မှာတင် ပစ်သတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့က ဇွန်(၇)ရက် မနက်ပိုင်းက စတင်ပြီး အကြမ်းဖက် စကစနှင့် ပျူစောထီး ပူးပေါင်းအုပ်စုဟာ ချောင်းဦးမြို့နယ်၊ မုံရွာ - အမြင့်လမ်း၊ ကံကြီးကုန်းနှင့် ရွှေလှေရွာကြားမှာ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်ခဲ့ပြီး ကွမ်းပွဲစားတွေ၊ စိုက်ပျိုးရေး လုပ်ကိုင်သူတွေ အပါအဝင် (၁၅)ဦးလောက်ကို ဖမ်းဆီးကာ ညနေပိုင်းမှာတော့ အဲ့ဒီအထဲက ရှစ်ဦးကို လမ်းပေါ်မှာတင် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ မနေ့က ညနေပိုင်းက ချောင်းဦးမြို့နယ် ရွှေလှေရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ချောင်းဦးမြို့နယ် ပကဖ နှင့် ဒေသခံတွေရဲ့ အဆိုအရ မနေ့က ချောင်းဦးနယ် ရွှေလှေနှင့် ကံကြီးကုန်းရွာဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ ပြောဆိုကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြပါတယ်။
"မနက်ပိုင်းက တွေ့ရာလူ အကုန်ဖမ်းသွားတယ်၊ ညနေမှာ အဲဒီထဲက (၈)ယောက်ကို သတ်ပြီး တိုက်ပွဲ ဖြစ်သလိုလို စကစဘက်က ထုတ်ပြန်ထားတာ တွေ့တယ်။ အခု ကျဆုံးသွားတဲ့ (၈) ယောက်ထဲမှာ CHUPDF က ဈေးဝယ်သွားတဲ့ ရဲဘော် (၂) ယောက်ပါတယ်လို့ သိရတယ်၊ ကျန်တဲ့ (၆) ယောက်ကတော့ ဘယ်ကလဲ မသိသေးဘူး၊ တော်လှန်ရေးနဲ့ မသက်ဆိုင်တဲ့ သာမန် ပြည်သူတွေရော ပါတယ်လို့လည်း ကြားတယ် " လို့ ဒေသခံတစ်ဦးက ပြောကြားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြထားပါတယ်။
စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်သူ ရှစ်ဦးအနက် နှစ်ဦးဟာ ချောင်းဦး CHU PDF တပ်ဖွဲ့က ရဲဘော်တွေ ဖြစ်ပြီး ကျန်တဲ့ ခြောက်ဦးကတော့ အရပ်သား ပြည်သူတွေ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - CHU PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
“ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထုတ်လုပ်ရေးဌာနခွဲ မှ ရဲဘော် ချမ်းကို၊ ရဲဘော် နန္ဒ တို့သည် ဝယ်ယူရေးတာဝန် ထမ်းဆောင်ရင်း ဇွန်(ရ)ရက် နံနက်(၇)နာရီခန့်တွင် ကံကြီးကုန်း ပျူစောထီးရွာမှ စခနှင့်ပျူ သောင်းကျန်းသူများ၏ ဖမ်းဆီးခြင်းကို ခံရပြီး ဥပဒေမဲ့ သတ်ဖြတ်မှုကြောင့် အခြားပြည်သူ (၆)ဦးနှင့်အတူ ညနေပိုင်း၌ နိုင်ငံတော်အတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲ ဝမ်းနည်းရပါသည်။ ကျဆုံးအာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး တာဝန်ကို ကျန်ရစ်သူ ကျွန်ုပ်တို့ရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်” လို့ ချောင်းဦး CHU PDF က ဖော်ပြပါတယ်။
စစ်အုပ်စုက လမ်းပေါ်မှာတင် သတ်ဖြတ်သွားတဲ့သူ ခြောက်ဦးနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။
ချောင်းဦးမြို့နယ်ထဲက ကံကြီးကုန်း၊ ကင်မွန်းတော်၊ ကံဇီး စတဲ့ ကျေးရွာတွေဟာ အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ ပျူစောထီးတွေ ကြီးစိုးသောင်းကျန်းနေတဲ့ ရွာတွေဖြစ်ပြီး အဲ့ဒီရွာတွေထဲ အထိုင်ချနေတဲ့ စစ်အုပ်စုနှင့် ပျူတွေက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ အနီးအနားက ရွာတွေကို ဝင်မွှေလုယက် မီးရှို့တာ၊ ဒေသခံပြည်သူတွေကို သတ်ဖြတ်တာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ချောင်းဦးနယ် အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်အများအပြားကို စစ်အုပ်စုက အင်တာနက် ဖြတ်တောက်ထားပြီး လက်နက်အားကိုးနှင့် လူသတ်၊ လုယက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ် စတာတွေကို ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment