ဓာတ်ပုံ - စစ်ကောင်စီတပ်သားများ၏မိန်းမများ(ပုံဟောင်း) |
(ကော့သောင်း)ဧပြီလ ၁ ရက်
တနင်္သာရီတိုင်း၊ကော့သောင်းမြို့အတွင်း စစ်ကောင်စီတပ်သားများကားဖြင့်ညကင်းလှည့်ရာတွင် ၄င်းတို့ ၏ မိန်းမများကိုပါအသုံးပြု၍ကင်းပတ်နေရကြောင်း ဒေသ ခံများထံကသိရသည်။
စစ်ကောင်စီတပ်သားများက ကော့သောင်းမြို့ လူ စည် ကားသည့်လမ်းမများပေါ်တွင် ညစဥ်ကားဖြင့် ကင်းလှည့်လည်ခြင်းများလုပ်ဆောင်နေပြီး သေနတ်နှင့်ယူနီဖောင်းဝတ်ဆင်ထားသည့် ၄င်းတို့စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးမယားများပါ လိုက်လံပါဝင်နေသည်ဟု မြို့ခံတဦးကပြောသည်။
"ညဘက်ဆို ၉ နာရီလောက်မှာ ပတ်ကင်းလှည့်ကြတာ။ စစ်သားတွေရဲ့မိန်းမ အမျိုးသမီးတွေက စစ်ဝတ်စုံဝတ်ပြီး သူတို့လက်ထဲမှာသေနတ်တွေပါတယ်။ ကားပေါ်ကလုံးဝမဆင်းဘူး။ ကားပေါ်မှာထိုင်နေကြတယ်။ လှည့်တဲ့ထဲမှာ စစ်ကားက ၃ စီးလောက်ပါတယ်။သူတို့မိန်းမတွေက ၁၀ ယောက်ကျော် လောက်တော့ရှိမယ်။ လှည့်တဲ့လမ်းကြောင်းက ဒီ ဗိုလ်ချုပ်လမ်းရယ်၊ မြရည်ပုလဲလမ်းနဲ့ လမ်းသွယ်လမ်း ကြားတွေပါတယ်'' ဟု ကော့သောင်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါကင်းလှည့်လည်နေချိန်တွင် စစ်ကား၊ရဲကား၊ အ ရပ်သားကားများ ၈ စီးခန့်ပါဝင်ပြီး မီးတန်းများပါဖွင့်လျှက်ကင်းလှည့်နေကြောင်းတွေ့ရသည်ဟု မျက်မြင်မြို့ခံများကဆိုသည်။
စစ်ကောင်စီတပ်က ၄င်းတို့၏အောက်ခြေစစ်သားများ ၏ဇနီးမယားများကို စစ်သင်တန်းတက်ရောက်ခိုင်းကာ နောက်တန်းတပ်ရင်းကင်းဘန်ကာများတွင် အလှည့်ကျ ကင်းစောင့်ခိုင်းခြင်းများ ခိုင်းစေနေသည့်အပြင် ယခု ကဲ့သို့ ပတ်ကင်းများတွင်ပါ ထည့်သွင်းအသုံးပြုလာခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အတွင်း အခြေစိုက်သည့် စကခ ၂၀ နှင့် လက်အောက်ခံတပ်ရင်းများသည် ကရင်ပြည်နယ်၊KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ဆင်ရေး လုပ်ဆောင်နေရပြီး တိုက်ပွဲများအတွင်း အရာရှိအဆင့်များအပါအဝင် ထိခိုက်ကျဆုံးမှုများပြားနေကြောင်း သိရသည်။
စကခ ၂၀ လက်အောက်ခံ မလိဝမ်ကျေးရွာရှိ ခမရ ၅၂၈ တပ်ရင်းတွင်လည်း မတ်လပိုင်းအတွင်းက စတင်ကာစစ်ကောင်စီတပ်သားများ၏မိန်းမများစစ် ယူနီဖောင်းဝတ် ဆင်ကာ ကင်းလှည့်လည်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။
Ayeyarwaddy Times
No comments:
Post a Comment