ကျောက်ဆည် လက်ပံရွာနေ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသူ သေနတ်(၆)ချက် ပစ်သတ်ခံရ၊ စကစများ လာရောက်စစ်ဆေးခြင်းမရှိသလို အလောင်းကောက်သူ မရှိဟုဆို၊
ဇန်နဝါရီ - ၂၁
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် လက်ပံရွာနေ စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသော ဦးစိုးလွင်ဆိုသူသည် ယနေ့ မနက်ပိုင်းတွင် ၄င်း၏ နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးကြောင်း နီးစပ်သူများက ပြောသည်။
ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်(၈)နာရီဝန်းကျင်က ကျောက်ဆည်မြို့နယ်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာနေ စကစ သတင်းပေးဟု နာမည်ကြီးသူ ဦးစိုးလွင်သည် နေအိမ်၌ ရှိနေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
"ဖြစ်စဉ်က အမှန်ပါ။ ဒလန်ရှင်းလင်းရေး အဖွဲ့တစ်ဖွဲ့က ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ယနေ့ မနက်(၈)နာရီဝန်းကျင်တွင် အဆိုပါ ဦးစိုးလွင်၏ နေအိမ်သို့ သေနတ်ကိုင်ဆောင်ထားသူများ ဝင်ရောက်လာပြီး သေနတ်ဖြင့် (၆)ချက်ခန့် ပစ်ခတ်သဖြင့် နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စကစများက လာရောက်စစ်ဆေးခြင်း မရှိသဖြင့် သေဆုံးသူ၏ မိသားစုဝင်များပါ ထွက်ပြေးနေရသည်ဟု Kyaukse Media က ဖော်ပြသည်။
“အတည်မပြုနိုင်သေးသော သတင်းများအရ စကစများကလည်း အဆိုပါ ဖြစ်စဉ်အတွက် တာဝန်ယူ လာရောက်စစ်ဆေးခြင်း မရှိဘဲ သေဆုံးသူ၏ မိသားစုဝင်များမှာ ထွက်ပြေး တိမ်းရှောင် လျှက်ရှိကြောင်း သိရှိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကိုလည်း သေဆုံးသည့်နေရာတွင်ပင် ပုံစံမပျက် ထားရှိကြောင်း သိရသည်” ဟု Kyaukse Media က ဆိုသည်။
ယခုရက်ပိုင်းအတွင်း ကျောက်ဆည်ဒေသရှိ စကစ သတင်းပေးဒလန်များ မကြာခဏ အသတ်ခံနေရပြီး ပြီးခဲ့သည့် ဇန်နဝါရီ(၁၇)ရက်ကလည်း ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မုံပင်ကျေးရွာနေ စကစ သတင်းပေးဒလန်ဟု နာမည်ထွက်သူ လင်မယားနှစ်ဦး အသတ်ခံခဲ့ရသေးသည်။ အဆိုပါ လင်မယားနှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်းနှင့် အခြား စကစ သတင်းပေးဒလန်များကိုလည်း သတိပေးကြောင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ - LPDF စဉ့်ကိုင်က ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment