CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်က ရွာ ငါးရွာကို စစ်တပ်က သွားလာခွင့်ကန့်သတ်

ချင်းပြည်နယ် ထန်တလန်မြို့ကနေ ဟားခါးမြို့ကို သွားတဲ့လမ်းကို မြင်တွေ့ရစဉ် / Photo: RFA

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို သွားရာလမ်းမှာရှိတဲ့ ကျေးရွာ ငါးရွာကို ဧပြီလ ၂၁ ရက် မနေ့ကနေစပြီး တပ်မတော်က မြို့ပေါ်ကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်း အနီးမှာရှိတဲ့ ဗန်ဇမ်၊ ဖာရွန်၊ လွန်းဒိမ်၊ တလန်ပီ၊ တန်လုံ စတဲ့ ကျေးရွာ ငါးရွာကို ထန်တလန်မြို့ကို သွားလာခွင့်ပိတ်ပင်ထားတာလို့ ဆိုပါတယ်။

အဲဒီရွာတွေက ကျန်းမာရေးကိစ္စနဲ့ ထန်တလန်မြို့ကို သွားတဲ့သူတွေကိုလည်း စစ်တပ်က စစ်ဆေးရေးဂိတ် ကနေ မနေ့ကစပြီး ပြန်လှည့်ခိုင်းတာတွေ ရှိနေတယ်လို့ တလန်ပီကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အပြင်မသွားရဆိုတာ ခရီးသွားခွင့်မပြုတာ။ မနေ့က ဆိုင်ကယ်နဲ့ ထန်တလန်ဘက်သွားတဲ့သူတွေ ပြန်လှည့်ခိုင်းတယ်။ စစ်တပ်တွေက ဆောက်ပုန်းရွာမှာ စစ်ဆေးဂိတ်တွေ လုပ်ထားတယ်။ မနေ့က တလန်ရွာက လူနာတွေရော၊ တလန်ပြည်က ဟားခါးသွားတဲ့သူတွေကိုလည်း ပြန်လှည့်ခိုင်းတယ်ပေါ့နော်။ ဆောက်ပုန်းရွာကနေ ထန်တလန် မဝေးတော့ဘူး ၁၂ မိုင်ပဲရှိတာ။ ကျွန်တော်တို့ရွာကနေ ဆောက်ပုန်းရွာ ကိုတော့ ၁၂ မိုင် ကျော်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ စားသောက်ကုန်တွေကတော့ ထန်တလန်၊ ဟားခါး ကနေ သယ်တယ်။ အခု ခရီးသွားခွင့်ကို အကြာကြီး ဆက်ပိတ်ပင်မယ်ဆိုရင် အခက်အခဲ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ရွာထိပ်မှာ CNF တပ်စခန်းရှိတာလေ အဲဒါကြောင့် စစ်ကောင်စီရဲ့ စစ်တပ်တွေ က ဒီမှာမရှိတာလို့ ပြောပါတယ်”

အခုလို မြို့ပေါ်ကို သွားလာခွင့်ကိုပိတ်တဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရပေမယ့် ချင်းအမျိုးသား တပ်ဦး (CNF) ဌာနချုပ်သွားရာ လမ်းကြောင်းနားက ရွာတွေဖြစ်တာကြောင့် အခုလိုပိတ်ပင်တာ ဖြစ်နိုင်တယ် လို့ ဒေသခံတွေက ဆိုကြပါတယ်။

အရင်က ညအချိန် သွားလာတာတွေမလုပ်ဖို့ စစ်တပ်စ စ်ဆေးရေးဂိတ်တွေက ကန့်သတ်ထားပေမယ့် မနေ့ကစပြီး နေ့ဘက်တွေမှာပါ ကန့်သတ်လာတာလို့ ဆိုပါတယ်။

အခုလို နေ့ရောညပါ သွားလာခွင့်ပိတ်ပင်ထားလို့ အဲဒီကျေးရွာတွေဟာ စားသောက်ကုန်တွေကို မြို့ပေါ်ကနေ သွားရောက်ဝယ်ယူဖို့အတွက်ပါ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို လူမဲ့သပိတ်တွေနဲ့ လှုပ်ရှားနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/donot-allow-travel-to-five-villages-in-thantlang-04222021071524.html

CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်က ရွာ ငါးရွာကို စစ်တပ်က သွားလာခွင့်ကန့်သတ်  CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်က ရွာ ငါးရွာကို စစ်တပ်က သွားလာခွင့်ကန့်သတ် Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.