မိုးညှင်းမြန်မာ့မီးရထားစက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDMဝန်ထမ်း (၄၉)ဦးအား တာဝန်မှ ယာယီရပ်စဲ


ဧပြီ၊၂၄ 

မိုးညှင်းမြန်မာ့မီးရထားစက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်း(၄၉)ဦးကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း ကြေညာချက်ကို ဧပြီ(၂၂)ရက်နေ့က စက်မှုနှင့်သွားလာရေး တိုင်းအမှတ်(၁)ဒုတိယမန်နေဂျာဦးအောင်ကျော်နိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီထံတွင် တာဝန်မထမ်းဆောင်လိုခြင်းကြောင့် ကချင်ပြည်နယ်မိုးညှင်းမြို့က မီးရထားဝန်ထမ်းများသည် မိုးညှင်းမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်တော်လှန်ရေး အထွေထွေသပိတ်တွင် ဖေဖော်ဝါရီ(၈)ရက်နေ့ကတည်းက ပူးပေါင်းပါဝင်ခဲ့ကြသည်။ 

ယင်းအပြင် မန္တလေး-မြစ်ကြီးနား ရထားများပြေးဆွဲခြင်းမပြုဘဲ ဆန္ဒထုတ်ဖော်ခြင်းသည် (၃)လကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်များနှင့်ရထားပြန်လည်ပြေးဆွဲပါက လုံးဝအလုပ်မဆင်းရန် ဆုံးဖြတ်ထားသည့်အတွက် အဆိုပါဝန်ထမ်း (၄၉)ဦးကို အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့ တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး  ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်းတော်မဲဇာ၊မော်ဟန်ကာဒူ လမ်းပိုင်းရှိ ရထားသံလမ်းနှင့်တံတားများ မိုင်းခွဲဖျက်စီးမှုရှိခဲ့ရာ ယင်းသို့ပျက်စီးသော တံတားနှင့်သံလမ်းနေရာတို့ကို မန္တလေးတိုင်းအမှတ်(၂) မြန်မာ့မီးရထားသွားလာရေးမှ ယင်းနေရာများတွင် အစားထိုးပြင်ဆင်ရန် လုပ်ဆောင်နေသည်များရှိနေ‌သော်လည်း ယင်းလုပ်ငန်းများတွင် မိုးညှင်းမီးရထား ဝန်ထမ်းများမပါဝင်ကြောင်းလည်း သိရသည်။ 

မိုးညှင်းမြို့နယ်တွင် မြန်မာ့မီးရထားဝန်ထမ်း စုစုပေါင်း (၃၀၀)ခန့်ရှိပြီး အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် ဝန်ထမ်း (၉၀)ရာခိုင်နှုန်းရှိကြောင်းလည်းသိရသည်။





Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မိုးညှင်းမြန်မာ့မီးရထားစက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDMဝန်ထမ်း (၄၉)ဦးအား တာဝန်မှ ယာယီရပ်စဲ မိုးညှင်းမြန်မာ့မီးရထားစက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDMဝန်ထမ်း (၄၉)ဦးအား တာဝန်မှ ယာယီရပ်စဲ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.