မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက် (အမေရိကန်သံအမတ်ကြီး)

အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သောကြာနေ့ ကုလသမဂ္ဂလုံခြံုရေးကောင်စီရဲ့ မြန်မာ့ရေး သီးသန့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

"မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ကြောက်မက်ဖွယ်ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သိဖို့ လိုနေပြီဖြစ်သလို ဒေသတွင်းတည်ငြိမ်ရေးနဲ့ ကြွယ်ဝလာရေးဟာ သူတို့အပေါ် အမြန်ဆုံး အရေးယူနိုင်မှုပေါ် မူတည်နေပြီ" လို့ သံအမတ်ကြီး က ပြောသွားတာပါ။

လုံခြံရးကောင်စီရဲ့ ရှုတ်ချပြောဆိုမှုကို မြန်မာစစ်တပ်က ဂရုမစိုက်ပဲ သွေးတိုးစမ်းတဲ့ပုံလုပ်နေတဲ့ အတွက် ကောင်စီက နောက်ထပ်ကြေညာချက်ထပ်ထုတ်ပြီး ပြောဆိုနေမလား၊ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်ဖို့ လက်တွေ့အရေးယူ မလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

အခုဆို ထိုင်းမြန်မာနယ်စပ်ဒေသနေ တိုင်းရင်းသားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ထိုးစစ်တွေ ဆင်နေတာကြောင့် ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးနေကြသလို အိန္ဒိယကိုထွက်ပြေးသူကလည်း ရာနဲ့ချီရှိနေတာကြောင့် ဒေသတွင်းတည်ငြိမ်ရေး အတွက် မြန်မာစစ်တပ်အပေါ် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုနေပြီလို့ ပြောပါတယ်။

လုံခြုံရေးကောင်စီက ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုနေပေမယ့် မြန်မာစစ်တပ်က ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ဆက်ကျူးလွန်နေတာကြောင့် ကြေညာချက် ထုတ်ပြန်ရုံနဲ့ အလုပ်မဖြစ်ကြောင်းပြောပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာကို သိစေချင်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ Estonia နိုင်ငံဆိုင်ရာ သံအမတ်ကြီး Sven Jurgenson ကလည်း လုံခြံုရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာလက်နက်ရောင်းဝယ်မှု တားမြစ်တာ အပါအဝင် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဆုံးဖြတ်ချက် မူကြမ်း စတင်ရေးဆွဲဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ် တို့က ဗီတိုအာဏာသုံး ပယ်ချလေ့ရှိပေမယ့် မြန်မာစစ်တပ်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေအတွက် စိုးရိမ်မှုတွေ တိုးလာနေကြောင်း ပြောကြားခဲ့တာပါ။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-unsc-linda-greenfield-us-concern-/5847588.html

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက် (အမေရိကန်သံအမတ်ကြီး) မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက် (အမေရိကန်သံအမတ်ကြီး) Reviewed by THITHTOOLWIN on 07:21 Rating: 5

No comments:

Powered by Blogger.