ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ

ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ ဆန္ဒပြသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ကိုင်ဆောင်ထားစဉ်။ Photo- Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ နောက်တစ်မှု ထပ်တိုးတရားစွဲလိုက်တယ်လို့ အမှုလိုက်ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကိုပြောပါတယ်။

ဒီပုဒ်မနဲ့ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲတရားစွဲထားပြီး ဖြစ်ပေမယ့် ဒီနေ့ စစ်ကောင်စီရဲ့ နောက်ထပ်တရားလိုတစ်ဦးဖြစ်တဲ့ ဦးညီညီ (ခေါ်) ဦးထွန်းမြင့်အောင်က ဒီပုဒ်မနဲ့ပဲ ထပ်တိုး တရားစွဲလိုက်တာဖြစ်ပါတယ်။

"အရင်စွဲပြီးသားပုဒ်မနဲ့ နောက်ထပ်တရားလို တစ်ယောက်က ထပ်စွဲတာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေညွှန်ကြားချက်တွေကို ဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ၊ လူသုံးဆယ်ဦးထက် ကျော်လွန်ပြီး လူစုလူဝေးလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်စွဲတာပါ၊ အမေဒေါ်အောင်ဆန်းစုကြည်ကတော့ စွဲထားသမျှ အမှုတွေအားလုံးကို ကျမတို့ ရှေ့နေအဖွဲ့ကပဲ ဆောင်ရွက်ပေးဖို့ အပ်ပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဒီနေ့ရုံးချိန်းကိုလည်း အွန်လိုင်း ဗီဒီယိုစနစ်နဲ့ ရုံးထုတ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို ကျန်းကျန်းမာမာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမှုလိုက်ရှေ့နေ အဖွဲ့နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ ထပ်မံတောင်းဆိုခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ ရှေ့နေ အဖွဲ့တွေထဲက ကိုယ်စားလှယ်လွှဲစာလျှောက်ထားတဲ့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းနဲ့ ဒေါ်စန်းမာလာညွှန့် သုံးဦးတို့လည်း ရှေ့နေ ပါဝါတင်ခွင့်ရခဲ့ပေမယ့် ဒီနေ့ရုံးချိန်းကိုတော့ ကြားနာခွင့်မရခဲ့ပါဘူး။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတာ နေပြည်တော်မှာ ငါးမှုနဲ့ ရန်ကုန်မှာ တစ်မှု စုစုပေါင်း ခြောက်မှုရှိသွားပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ … လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင်ကြံရွယ်မှုနဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေတို့ဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၂၆ ရက်နေ့ကို အွန်လိုင်းဗီဒီယိုစနစ်နဲ့ ထပ်မံရုံးထုတ်ဖို့ ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/aung-san-suu-kyi-trial-one-more-charge-myanmar-military-coup-04122021080814.html

ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ  ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.