နယ်စပ်ကုန်သွယ်ရေးတွေရပ်နေလို့ တောင်သူတွေ အခက်ကြုံ



ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်ကစပြီး တရုတ်ပြည်ဘက်က မာဝုန်းဒေါက်ဂိတ်ကို ပိတ်လိုက်တာကြောင့် မြန်မာ နိုင်ငံကနေ တရုတ်ပြည်ဘက်ကို ပို့နေကျဆန်တွေကို ဆက်ပို့လို့မရတော့ဘဲ ဆန်အိတ်ရေ ၁ သိန်း ၆ သောင်းလောက်ဟာ မူဆယ်မြို့က ဂိုထောင်တွေမှာပိတ်မိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီကျယ်ခေါင်မှာ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား အယောက် ၃၀ လောက်မှာ ကိုဗစ် ကူးစက် ရောဂါပိုးတွေ့တာကြောင့် ကုန်သွယ်ရေးဂိတ်ကို ပိတ်လိုက်တာပါ။

ဂိုဒေါင်တွေမှာ သိမ်းထားရတဲ့ဆန်တွေဟာ တန်ချိန် ရှစ်ထောင်လောက်ရှိတယ်လို့ မူဆယ်မြို့ ဆန်စပါး ကုန်စည်ဒိုင်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် ပဲ၊ ပြောင်း၊ ငရုတ်စတဲ့ မြန်မာနိုင်ငံထွက် ပစ္စည်းတွေလည်း တင်ပို့လို့ မရတော့သလို တရုတ်နိုင်ငံ ဘက်က မြန်မာဘက်ကို တင်သွင်းတဲ့ စားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊ ဆေးဝါးနဲ့ စက်မှုလက်မှု ပစ္စည်းတွေ ကလည်း တင်သွင်းလို့ မရဖြစ်နေပါတယ်။

အခုဆိုရင် တရုတ်မြန်မာ ကုန်သွယ်ရေးက ၉၀ ရာခိုင်နုန်းလောက် ရပ်တန့်နေတယ်လို့လည်း မူဆယ်မြို့ ဆန်စပါးကုန်စည်ဒိုင်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းနေတာကြောင့် ငွေကြေးလည်ပတ်မှုတွေလည်း နှေးကွေးနေတဲ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းပစ်ခတ်တာ၊ မြို့တစ်ခုနဲ့တစ်ခု သွားလာရာမှာ စစ်ဆေးမေးမြန်း ဖမ်းဆီး တာတွေရှိနေတာကြောင့်လည်း စပါးရောင်းဝယ်ရေးမှာ အခက်အခဲဖြစ်နေတာပါ။

စပါးအဝယ်ကိုယ်စားလှယ်တွေဟာ ကျေးရွာက လယ်သမားတွေဆီ မရောက်လာနိုင်တာကြောင့် တောင်သူ တွေ စပါးရောင်းဖို့ အခက်ခဲတွေ ဖြစ်နေကြတာပါ။

အခုချိန်မှာ ဈေးချရောင်းရင်တောင် လာဝယ်မယ့်သူမရှိဘူးလို့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က အမည် မဖော်လိုသူ တောင်သူတစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့စပါးကျီလို့ တင်စားရတဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့ဟာလည်း အခုချိန်မှာ စပါးမရောင်းရတဲ့ အတွက် ငွေကြေးခက်ခဲနေကြပါတယ်။

ဝယ်မယ့်ကုန်သည်ရှိပြန်တော့လည်း ငွေမရှိကြဘူးလို့ လပွတ္တာမြို့နယ်က အမည်မဖော်လိုသူ တောင်သူ တစ်ယောက်က ပြောပါတယ်။

လပွတ္တာမြို့မှာ မိုးစပါးဧက ၃ သိန်းကျော်ကနေ စပါးတင်း ၁၇ သန်း၊ နွေစပါး ၂ သောင်း ဧကကျော်ကနေ စပါးတင်း ၁ သန်းကျော် နှစ်စဉ်ထွက်ပါတယ်။ အဲအထဲက ၅၀ ရာခိုင်နှုန်းလောက်ကို ရန်ကုန်ကိုပို့ပြီး မြောင်းမြ၊ ဘိုကလေး၊ ကျုံမငေးနဲ့ မော်ကျွန်းမြို့တွေကိုလည်း ပို့နေတာဖြစ်ပါတယ်။

အခုလက်ရှိမှာ မြန်မာနိုင်ငံကနေ တန်ချိန် ၁ သိန်းကို ဘင်္ဂလားဒေ့ရှ်က ဝယ်ထားပေမယ့် ဆန်တင်ပို့ဖို့ သင်္ဘောကြီးကြီး မရတဲ့အတွက် တန်ချိန် ၃ ထောင်ဆံ့ သင်္ဘောနဲ့ အခါအခါ တင်ပို့ရတာ၊ နိုင်ငံခြားက ဝယ်သူတွေ ဘဏ်ကနေငွေချေလို့မရတာ စတဲ့အခက်ခဲတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးနီး ဖြစ်နေကြတယ်လို့လည်း ရန်ကုန်မြို့က စပါးကုန်စည်ဒိုင်အချို့က ပြောပါတယ်။

စပါးဈေးက အခုနှစ်ဆန်းပိုင်းမှာ တင်း ၁၀၀ ဈေးကို ၆ သိန်းခွဲရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် အခု ၅ သိန်းခွဲအထိ ကျသွားတဲ့အတွက် တောင်သူတွေ ထပ်နစ်နာရတယ်လို့လည်း ပြောကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေ အဆင်မပြေဖြစ်နေလို့ အခက်ကြုံနေရသူတွေအထဲက စပါးတောင်သူတွေအပြင် ကြက်သွန်စိုက် တောင်သူတွေလည်း ပါဝင်ပါတယ်။

ကြက်သွန်စိုက် တောင်သူတွေဟာ အရင်နှစ်က တစ်ပိဿာ ကျပ် ၁ ထောင်ကနေ ၂၀၀၀ အထိ ဈေးရခဲ့ပေမယ့် ဒီနှစ်မှာ ဝယ်သူမရှိလို့ ဈေးက တစ်ပိဿာ ကျပ် ၂၀၀ လောက်အထိ ကျဆင်းသွားတဲ့အတွက် ကြက်သွန်မဖော် တော့ဘဲ မြေကြီးပေါ်မှာ အပုပ်ခံထားရတဲ့အခြေအနေ ဖြစ်နေပြီလို့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကြက်သွန်စိုက် တောင်သူတစ်ယောက်က ပြောပါတယ်။

သူတို့တွေဟာ နေ့စဉ်စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ချေးငှားပြီး ဖြေရှင်းနေကြရတာပါ။

စိုက်ပျိုးတဲ့ရာသီ၊ ရိတ်သိမ်းတဲ့ရာသီတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အချိန်တွေ၊ အရင်းအနှီးတွေ ပြန်ရဖို့အတွက် ရောင်းချနိုင်မယ့်ကာလကို စောင့်နေခဲ့ကြပေမယ့် အခုစစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းဖြစ် ပေါ်နေတဲ့ အခြေအနေတွေကြောင့် တောင်သူတွေရဲ့ အခြေအနေဟာလည်း ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံ တောင်သူတွေက ပြောကြပါတယ်။

RFA Burmese



နယ်စပ်ကုန်သွယ်ရေးတွေရပ်နေလို့ တောင်သူတွေ အခက်ကြုံ နယ်စပ်ကုန်သွယ်ရေးတွေရပ်နေလို့ တောင်သူတွေ အခက်ကြုံ Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.