ချင်းပြည်နယ် မတူပီမြို့က လူငယ်တွေ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံ



အိန္ဒိယ မြန်မာနယ်စပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ချင်းပြည်နယ်က မတူပီမြို့မှာ အာဏာသိမ်း စစ်ကောင်စီက မြို့နေလူထုကို ထိတ်လန့်အောင် ခြိမ်းခြောက်တာတွေ၊ ဖိအားပေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် မတူပီမြို့က ရဲအယောက်လေးဆယ် အပါအဝင် လူငယ်အများအပြားဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြတယ်လို့ မြို့ခံတဦးက RFA ကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေနဲ့ လက်တွဲလာတဲ့ လက်နက်ကိုင် အင်အားစုတွေထဲမှာ စစ်သားက အနည်းအကျဉ်းပဲ ရှိပြီး ရဲတွေက ပိုများပါတယ်။ အာဏာသိမ်းပြီး ၂လကျော်အတွင်း ပြည်သူနဲ့ပူးပေါင်းတဲ့ရဲတွေရဲ့ အရေအတွက်ကို အတည်ပြုနိုင်ဖို့ မလွယ်သေးပါဘူး။ ဒါပေမယ့် အိန္ဒိယ နယ်စပ်နဲ့ မိုင်ကိုးဆယ်လောက်ပဲဝေးတဲ့ ချင်းပြည်နယ် မတူပီမြို့တခုမှာပဲ ရဲအယောက်လေးဆယ်က နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံမှာ ခိုလှုံနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတူပီမြို့ခံတဦးက RFA ကိုပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေရှိပါတယ်။ လောလောဆယ်မှာတော့ လူသေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းမှုတွေ မရှိသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း ဖမ်းဆီးမှုတွေရှိနေပြီး ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေ၊ အိမ်တွေထဲအထိ ဝင်ပြီး ဖျက်ဆီးနှောင့်ယှက်တာတွေ၊ ခြိမ်းခြောက်တာတွေကို စစ်ကောင်စီ လက်နက်ကိုင်တွေက လုပ်နေလို့ မတူပီမြို့နေလူထုက ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဘက် ခိုလှုံသွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံဖက် ပြန်လွှဲပြောင်းပေးဖို့ စစ်ကောင်စီက အိန္ဒိယနိုင်ငံကိုပြီးခဲ့တဲ့လတုန်းက တောင်းဆိုခဲ့တာရှိပါတယ်။ မတူပီအပါအဝင် အိန္ဒိယနယ်စပ်နဲ့ နီးတဲ့ ချင်းပြည်နယ်ထဲက လူငယ်တော်တော်များများဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကနေ ကင်းဝေးအောင် အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသလို တချို့လူငယ်တွေကလည်း စစ်ကောင်စီကို ပြန်ခုခံတိုက်ခိုက်ဖို့ အိန္ဒိယနိုင်ငံကို သွားနေကြပါတယ်။

RFA Burmese



ချင်းပြည်နယ် မတူပီမြို့က လူငယ်တွေ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံ ချင်းပြည်နယ် မတူပီမြို့က လူငယ်တွေ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံ Reviewed by THITHTOOLWIN on 06:13 Rating: 5

No comments:

Powered by Blogger.