စစ်ကောင်စီတပ် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေ



အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အသက် ၁၈ နှစ်နဲ့အထက် လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆန္ဒပြလူငယ်တွေနဲ့ပြည်သူ တချို့က ပြောပါတယ်။

ဧပြီ ၁၉ ရက် ညပိုင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၈ ရပ်ကွက်က လူငယ် ခုနစ်ဦးကို ရွှေပြည်သာ ရဲစခန်းကို မီးကွင်းပစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခိုင်လုံတဲ့သက်သေအထောက်အထား မရှိဘဲ ဖမ်းဆီးသွား တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရွှေပြည်သာမြို့နယ်မှာ လူငယ်တွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေပြီး ဖက်ဒရယ်အာမီမှာ လူငယ်တွေ ပါဝင်နေတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီးနေတာလို့ ရွှေပြည်သာမြို့နယ်က ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။

အဲဒီနေ့မှာပဲ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်က ချီတက်သပိတ်ကို ဖြိုခွဲပြီး ဆန္ဒပြလူငယ် ၁၄ ဦးကို ဖမ်းဆီးခဲ့တာလို့ သူက ဆိုပါတယ်။

အဲဒီနေ့မှာပဲ မန္တလေးတိုင်း ညောင်ဦးမြို့နယ်က ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွဲခဲ့ပြီး လမ်းသွားလမ်းလာ လူငယ်တွေ အပါအဝင် အနီးအနားက လူငယ် စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ညောင်ဦး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းပေါ်မှာ လူငယ်တွေ သွားလာနေတာကို တွေ့တာနဲ့ တားဆီးစစ်ဆေးနေ တာဖြစ်ပြီး တစ်ခုခုရှာဖွေတွေ့ရှိတာဖြစ်ဖြစ်၊ မသင်္ကာလို့ဖြစ်ဖြစ် ဖမ်းဆီးတာတွေလုပ်နေတာလို့ အဲဒီဒေသခံက ပြောပါတယ်။

မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ စီးလာတဲ့ယာဉ်ကို ရှာဖွေတာ၊ လက်ကိုင်ဖုန်းကို စစ်ဆေးတာတွေ အပြင် လူငယ်တွေကို အင်္ကျီချွတ်ခိုင်းပြီး နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးတွေကိုပါ ရှာဖွေစစ်ဆေးနေတာလို့ မန္တလေးမြို့ခံ လူငယ်တွေက ပြောပါတယ်။

အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင်အရွယ် လူငယ်တွေကို အဓိကထား စစ်ဆေးနေတာလို့ ချမ်းအေးသာစံ မြို့နယ်က လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရန်ကုန်ကပြန်လာတဲ့ လူငယ် ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီး၊ အဲဒီလူငယ်တွေဟာ နယ်စပ်မှာ စစ်သင်တန်းတက်ပြီး ပြန်လာရာကနေ ဖမ်းဆီးခံရတာလို့ လူငယ်တချို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားထားပါတယ်။

အဲဒီနေ့မှာပဲ ရန်ကုန်ကနေ သင်္ကြန်ပိတ်ရက် ခရီးတိုသွားပြီး၊ ရန်ကုန်ကို ပြန်လာတဲ့ သားနဲ့ ချွေးမ ဖမ်းဆီးခံလိုက်ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာလည်း ဧပြီ ၁၇ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဗုံး ၃ လုံး ပေါက်ကွဲ ခဲ့ပြီး ရဲအရာရှိတစ်ဦး သေဆုံးကာ တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီကိစ္စအပေါ် ဒေသခံ လူငယ် ၃၀ ကျော် သံသယနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကင်းမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက သူတို့ကို လက်နက်ကိုင် ပြန်တိုက်မယ့် စစ်ပညာသင်ကြားထားတဲ့ ဖက်ဒရယ်အာမီ ဆိုတာကို ပြည်နယ်နဲ့ တိုင်းတွေမှာ လူငယ်တွေ ဖွဲ့စည်းနေတယ်ဆိုတဲ့သံသယနဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက မှတ်ချက်ပေး ပြောဆိုပါတယ်။

ဖက်ဒရယ်အာမီဆိုတာကို စစ်ကောင်စီတပ်တွေက ကြောက်ရွံ့နေပြီး သူတို့ကို ပြန်တိုက်မလားဆိုတဲ့ သံသယနဲ့ လိုက်ဖမ်းနေတာလို့ ရန်ကုန်က ဆန္ဒပြသပိတ်မှာ အမြဲပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးငယ်တစ်ဦး က RFA ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့နိုင်ဖို့ ဆွေးနွေးနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က NUG ကို ကြိုဆိုထောက်ခံထားကြပါတယ်။

NUG အနေနဲ့ စစ်ဗိုလ်ချုပ်တွေကို CDM ဝင်ဖို့ ဖိတ်ကြားထားပြီးနောက် ဧပြီ ၂၀ ရက်နေ့မှာ တပ်မ ၉၉ က ဗိုလ်မှူးတစ်ဦး CDM မှာ ပါဝင်လာခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုအရ၊ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး စစ်ပညာသင်ကြားနိုင်တဲ့ အသက်၁၈ နှစ်အထက် လူငယ် ၁၀ သန်းကျော်ခန့် ရှိနေပါတယ်။

RFA Burmese



စစ်ကောင်စီတပ် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေ စစ်ကောင်စီတပ် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေ Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.