အတားအဆီးတွေကြားက ဆန္ဒပြပွဲတွေနဲ့ ရန်ကုန်က သွေးမအေးသပိတ်



ဆန္ဒပြပွဲတွေ လုံးဝလုပ်လို့မရအောင် နေရာစုံ စစ်ကောင်စီတပ်တွေက တားဆီးပိတ်ဆို့ထားတဲ့ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မှာတော့ ဧပြီလ ၂၃ ရက် ဒီနေ့မှာ သွေးမအေးတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းအဖြစ် လူငယ်တွေ ရာဂဏန်းလောက်ပါဝင်ပြီး ပြန်လည်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အခုမြင်တွေ့ရတဲ့ ဗီဒီယိုဖိုင်ကတော့ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင် ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းထိပ်နားမှာပါ။

ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမှာလည်း ဘာတွေလဲ ရန်ကုန်သားတွေ ဆိုတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး လူငယ်တွေချီတက် ဆန္ဒပြခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူသေဆုံးမှုအများဆုံး မြို့ဖြစ်ပြီး ဆန္ဒပြသပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်လို့မရအောင် စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးတာတွေ နေ့စဉ်လုပ်နေတာကြောင့် လူအင်အားအနည်းငယ်နဲ့ ပြောက်ကျားနည်းနဲ့သာ ဆန္ဒပြနေကြရပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ယာကို ဧပြီလ ၂၃ ရက် ဒီကနေ့ နေ့လယ်ပိုင်း အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေ ရောက်လာပြီး အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ခြောက်ယောက် ဖမ်းဆီးသွားပါတယ်။

အခန်းနံပါတ် အတိအကျနဲ့ လူ လေးယောက်ကို ဝင်ဖမ်းတာဖြစ်ပြီး အခြားအခန်းက ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးငယ်နဲ့ မဖမ်းဖို့တောင်းပန်တဲ့ သူ့အမေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြရည်နန္ဒာ တိုက်ခန်းမှာ နေထိုင်သူတစ်ယောက်က RFA ကို ပြောပါတယ်။

ဘာကြောင့်ဖမ်းတာလဲဆိုတော တိတိကျကျ မသိရသေးပါဘူး။

ဧပြီလ ၂၂ ရက်နေ့ မနေ့ကလည်း မြရည်နန္ဒာအိမ်ယာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး လူငယ်ကျောင်းသား လေးယောက်ကို ဖမ်းသွားပါသေးတယ်။

မန္တလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ ပြောက်ကျား စနစ်နဲ့ဆက်လက် ဆန္ဒပြနေကြပါတယ်။

စစ်ကိုင်းဒေသကြီး ကလေးမြို့မှာ ဧပြီလ ၂၃ ရက် ဒီကနေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် သပိတ်စစ်ကြောင်း သုံးချောင်းခွဲပြီးပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက နှစ်ဘက်ညှပ်ပြီး ဖြိုခွင်းဖမ်းဆီးဖို့ ကြိုးစားလာတာကြောင့် လူစုပြန်ခွဲလိုက်ရတယ်လို့ သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ယောက်က RFA ကို ပြောပါတယ်။

ပုံမှန်အတိုင်း စစ်ကြောင်းနဲ့ချီတက်ဆန္ဒပြဖို့ လုပ်နေချိန်မှာပဲ ဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားတာကြောင့် သပိတ်ကိုလူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ ဖမ်းဆီးခံရသူမရှိခဲ့ဘူးလို့ ဆက်ပြောပါတယ်။

ကလေးမြို့က ကျေးရွာအချို့က ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ပုန်းရှောင်နေကြရပါတယ်။

အိမ်ခြေ ငါးရာကျော်ရှိတဲ့ ဝင်းကုန်းရွာဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ အကြား ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် အသက်ကြီးသူတွေရော ကလေးတွေပါ စုစုပေါင်း အင်အား တစ်ထောင်ခန့်လောက် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စားဝတ်နေရေးအတွက် ကူညီပေးမယ့်သူတွေမရှိတာကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဧပြီလ ၂၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အရုဏ်ဦးသပိတ်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ဖြိုခွင်းချိန် သပိတ်မှာပါဝင်တဲ့ အမျိုးသားတစ်ယောက် အနားမှာရှိတဲ့ ဘီလူးချောင်းထဲကို ခုန်ချထွက်ပြေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ အဲဒီအမျိုးသားကို ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

မနေ့က အရုဏ်ဦးသပိတ်ကို မနက်အစောပိုင်း လေးနာရီကျော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖြိုခွင်း ဖမ်းဆီးတာကြောင့် အမျိုးသမီး သုံးယောက် အဖမ်းခံခဲ့ရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တောင်ပို့ကွင်းကျေးရွာက နှစ်နှစ်ခွဲခန့်အရွယ် ကလေး တစ်ယောက် အပါအဝင် ဒေသခံရွာသား ဆယ်ယောက်လောက်ကို စစ်ကောင်စီတပ်တွေက ဧပြီလ ၂၂ ရက် မနေ့က လာရောက်ဖမ်းသွားတယ်လို့ အဖမ်းခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က RFA ရဲ့ မက်ဆေ့ချ်ကနေတဆင့် ဆက်သွယ်ပြောပါတယ်။

ဧပြီလ ၂၁ ရက်ညက ကံမလမ်းခွဲမှာရှိတဲ့ ပန်းတောင်းရဲကင်း မီးလောင်မှုဖြစ်ခဲ့ပြီး အဲဒီကိစ္စအတွက် မေးချင်လို့ဆိုကာ လာဖမ်းသွားတာလို့ ဆိုပါတယ်။

နှစ်နှစ်ခွဲခန့်အရွယ် ကလေးကိုပါ နှိပ်စက်အကြပ်ကိုင်ပြီး အခြားသူတွေနဲ့ မိသားစုတွေ ဝန်ခံခိုင်းတာကြောင့် ကလေးရဲ့ ဖခင်နဲ့ အဖိုးဖြစ်သူက ဝန်ခံလိုက်ရတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူရဲ့ ပြောဆိုမှုအရ သိရပါတယ်။

လာရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားသူတစ်ယောက်တော့ ခြေထောက်ကျိုးသွားတာကြောင့် ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ နှစ်နှစ်ခွဲအရွယ်ကလေးကိုတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် အခြားဖမ်းဆီးခံထားရသူတွေကိုတော့ ပြန်မလွှတ်ပေးသေးပဲ ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ဒီနေ့မှာလည်း မန္တလေးမြို့ရဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းလည်း ဆက်လက်ဆန္ဒပြနေသလို ကန့်ဘလူ မြို့နယ်၊ မော်လမြိုင်မြို့၊ မုဒုံမြို့၊ ပုဂံမြို့သစ်၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ ရေဦးမြို့နယ်၊ စစ်ကိုင်းမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့၊ လောင်းလုံမြို့နယ်၊ ရန်ကုန် စမ်းချောင်းမြို့နယ် အပါအဝင် မြို့နယ်အများ အပြားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ရှိနေကြပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ အဖမ်းခံထားရတဲ့သူ သုံးထောင့်နှစ်ရာကျော်နေပြီလို့ သိရပါတယ်။

RFA Burmese



အတားအဆီးတွေကြားက ဆန္ဒပြပွဲတွေနဲ့ ရန်ကုန်က သွေးမအေးသပိတ် အတားအဆီးတွေကြားက ဆန္ဒပြပွဲတွေနဲ့ ရန်ကုန်က သွေးမအေးသပိတ် Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.