စစ်ကောင်စီရဲ့ ရန်ပုံငွေရင်းမြစ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ ရန်ပုံငွေရင်းမြစ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ ၂ဝ၂၁ မတ်လက နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲကို တက်ရောက်လာသော အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: Justice For Myanmar

အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise) နဲ့ မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (Myanmar Pearl Enterprise) တို့ကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူလိုက်ပါတယ်။

မြန်မာစစ်တပ်အတွက် ရန်ပုံငွေအရင်းအမြစ်တွေကို ပြည်သူပိုင် သဘာဝသယံဇာတ လုပ်ငန်းတွေကနေ အမြောက်အမြား ရရှိနေကြောင်း၊ ဒီအရင်းအမြစ် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်တွေအရ အခုလို ဆောင်ရွက်တာလို့ အမေရိကန်ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်‌ရေးရုံး (OFAC) က ဧပြီ ၂၁ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီပိတ်ဆို့အရေးယူမှုအရ အမေရိကန်နိုင်ငံတွင်းမှာ (ဒါမှမဟုတ်) အမေရိကန်နိုင်ငံသား တစ်ဦးတစ်ယောက်ရဲ့ လက်ဝယ်မှာ ရှိနေတဲ့ မြန်မာ့သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်းရဲ့ ပိုင်ဆိုင်မှု အကျိုးစီးပွား အားလုံးကို ကန့်သတ်တားဆီးလိုက်ပြီး OFAC ရုံးကို အစီရင်ခံရမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ပိတ်ဆို့အရေးယူခံထားရသူတစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသူတွေက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ (၅၀) ရာခိုင်နှုန်းနဲ့အထက် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း အားလုံးကိုလည်း ကန့်သတ် ပိတ်ဆို့လိုက်တယ်လို့ OFAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) က ဖေဖော်ဝါရီ ၁၀ ရက်နေ့က အမိန့် ထုတ်ပြန်လိုက်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်ဆယ်ဦး၊ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အရပ်သားဆယ်ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူထားပြီ ဖြစ်ပါတယ်။ ဒ့ါပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (Myanma Gems Enterprise) တို့ကိုလည်း စစ်တပ်ရဲ့ ရန်ပုံငွေအရင်းအမြစ်လုပ်ငန်းတွေအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူထားပြီ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/us-sanctions-myanmar-timber-enterprise-and-pearl-enterprise-04212021122351.html

စစ်ကောင်စီရဲ့ ရန်ပုံငွေရင်းမြစ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ  စစ်ကောင်စီရဲ့ ရန်ပုံငွေရင်းမြစ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.