တလုပ်မြို့သားတွေနဲ့ စစ်တပ်နဲ့ ဧပြီ ၂၀ ရက် အပြန်အလှန်ပစ်ခတ်မှု

တလုပ်မြို့ကျေးရွာအတွင်းမှာ ဆန္ဒပြသူများ

ဧပြီလ ၁၉ ရက်နေ့က မြင်းခြံမြို့မှာ စစ်သားတွေဘက်က အကျအဆုံးများခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒီနေ့ ဧပြီလ ၂၀ ရက်နေ့မှာတော့ တမြို့လုံးအနှံ့မှာ စစ်ကားအများအပြား လှည့်လှည်မောင်းနှင်နေခဲ့ပါတယ်။ လမ်းတွေအားလုံးပေါ်မှာ စစ်ကားနဲ့စစ်သားတွေကိုသာ တွေ့မြင်ရပြီး လူတွေ တယောက်မှ အပြင်မထွက်ရဲကြဘူးလို့ မြင်းခြံမြို့သား တယောက်က ဘီဘီစီကို ပြောပါတယ်။

ညနေ ၃ နာရီကျော်ကျော်လောက်မှာတော့ စစ်ကားတချို့ မြို့မြောက်ဘက်ကို ထွက်ခွာလာကြပါတယ်။

“သူတို့က ဆီမီးခုံမြို့ (ဆမိတ်ခုံလို့အသံထွက်) ဘက်ကို သွားမယ်လို့ သတင်းလွှင့်ထားတာဗျ။ ကျွန်တော်တို့ကလည်း အဲသလိုပဲ ထင်ထားတာ။ ဒါပေမဲ့ ကျွန်တော်တို့ရွာနားရောက်တော့ သူတို့က ရွာဘက်လှည့်ဝင်လာကြတယ်ဗျ။ ကားလေးက ၄ စီး။ ထရပ်ကားကြီးက ၃ စီး။ အားလုံးကား ၇ စီးနဲ့ တလုပ်မြို့ကို လာတိုက်တာပါ။” လို့ တလုပ်မြို့သားတယောက်က ဘီဘီစီကို ပြောပါတယ်။

တလုပ်မြို့ဟာ မြင်းခြံမြောက်ဘက်နားက ရွာတရွာဖြစ်ပါတယ်။ နိုင်ငံရေး အစဥ်အလာ၊ တော်လှန်ရေး အစဥ်အလာ ကြီးမားတယ်လို့ ပြောဆိုကြတဲ့ မြင်းခြံနားက ရွာအနည်းငယ်ထဲမှာ တလုပ်မြို့လည်း အပါအဝင်ဖြစ်ပါတယ်။ တလုပ်မြို့ဟာ မြင်းခြံမြို့မပေါ်ခင်ကတည်းက တည်ရှိခဲ့ပြီး ရှေးခေတ်တုန်းက မြို့တမြို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ ရွာတရွာဖြစ်ပေမဲ့ တလုပ်မြို့ကျေးရွာလို့ ခေါ်ပါတယ်။ တလုပ်မြို့ဟာရွာကြီးတရွာဖြစ်ပြီး တခြားရွာတွေဖြစ်တဲ့ မြောက်ရွာ၊ မြို့ကြီးကုန်းရွာ၊ ရဲတိုင်ကျေးရွာတွေနဲ့လည်း အခုအခါ တဆက်တည်း ဖြစ်နေတဲ့ အတွက် တော်တော်ကြီးပါတယ်။ ရွာ ၄ ရွာပေါင်းရင်လူဦးရေစုစုပေါင်း ၁ သောင်းခွဲလောက် ရှိပါတယ်။

တလုပ်မြို့ရွာဦးက သုံးပန်လှစေတီ

တလုပ်မြို့ကျေးရွာရဲ့ တောင်ဘက်ဝင်ပေါက်ကို တံခါးနှစ်ထပ်ပြုလုပ်ထားတာက ရွာရဲ့ ထူးခြားချက်တခုပါ။ ပထမတံခါးနဲ့ ဒုတိယတံခါးအကြားမှာ အိမ်နဲ့အဆောက်အအုံတချို့၊ လုပ်ငန်းတချို့လည်းရှိပါတယ်။ ပထမရွာတံခါးရဲ့ အပြင်ဘက်မှာရွာကို တိုးချဲ့လိုက်တဲ့ အတွက် နောက်ထပ်တံခါးတခုထပ်လုပ်ပြီး တံခါးနှစ်ဆင့်ဖြစ်သွားတာပါ။

“ရွာတောင်ဘက် ပထမတံခါးက စတီးနဲ့ လုပ်ထားတာဗျ။ ဒုတိယတံခါးက သံနဲ့လုပ်ထားတာ။ သူတို့က ပထမတံခါးကို သော့ဖျက်ပြီးဝင်လာကြပါတယ်။ ဒုတိယတံခါးရှေ့ကနေ ရပ်ပြီး ရွာထဲကို သေနတ်နဲ့ပစ်ကြတာပါ။” လို့တလုပ်မြို့ရွာသားဦးသိန်းမောင် (နာမည်လွှဲပြောင်းထားသူ) က ဘီဘီစီကို ပြောပါတယ်။

ဒုတိယတံခါးရှေ့ကနေ သေနတ်နဲ့ရွာထဲကို ပစ်ခတ်ချိန်မှာ ရွာထဲကလူတွေက လေးခွ၊ တူးမီးသေနတ်နဲ့ ခုခံပစ်ခတ်ကြပါတယ်။ ဓားနဲ့တုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။ အနီးအနားရွာအားလုံးက လာရောက်စုပေါင်းကြတဲ့အတွက် ခုခံတဲ့ရွာသားအင်အားက ၅၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

“ရွာသားတွေက မင်းတို့မိုက်ရင် ရွာထဲဝင်ခဲ့လို့ ရွာထဲကနေ လှမ်းခေါ်ပါတယ်။ စစ်သားတွေကလည်း မင်းတို့မိုက်ရင် ထွက်ခဲ့လို့လှမ်းအော်ပါတယ်။ တဖက်နဲ့တဖက်လာခဲ့ပဲ ခေါ်နေပါတယ်။ ဘယ်ဘက်ကမှ ရှေ့မတိုးပါဘူး။” လို့နောက်ထပ်ရွာသားတယောက်က ပြောပါတယ်။

စစ်သားတွေဟာဒုတိယတံခါးကနေရှေ့တက်မလာဘဲ တံခါးနှစ်ခုအကြားမှာရှိတဲ့ အိမ်တချို့မှာ ဝင်ရောက်မွှေနှောက်သွားခဲ့တယ်လို့ ဦးသိန်းမောင်ကပြောပါတယ်။ တံခါးနှစ်ခုအကြားမှာရှိတဲ့ ဆန်စက်တစက်ကိုလည်း ဝင်ရောက်ပြီး ဖျက်ဆီးသွားခဲ့ပါတယ်။ ဆန်စက်က ဆန်အိတ်တွေ သယ်သွားတယ်လို့ လူမှုကွန်ရက်မှာ သတင်းတချို့ထွက်ပေါ်ခဲ့ပေမဲ့ ဦးသိန်းမောင်ကတော့ အဲဒီသတင်းမမှန်ပါဘူးလို့ ဆိုပါတယ်။

“ဆန်အိတ်တွေ သယ်သွားတာမျိုးတော့ မရှိပါဘူး။ ဆန်စက်နဲ့ တခြားအိမ်တွေကနေ သူတို့လိုချင်တဲ့ ပစ္စည်းနည်းနည်းပါးပါး ယူသွားတာမျိုးတွေတော့ ရှိပါတယ်။ သိပ်များများစားစားကြီး ကားနဲ့တိုက်သွားတာမျိုး မရှိပါဘူး။” လို့ဆိုပါတယ်။

ရွာတံခါး နှစ်ခုအကြားမှာရှိတဲ့ သုံးထပ်တိုက်တလုံးကို အတင်းတံခါးဖျက်ဝင်ပြီး တိုက်အပေါ်ထပ်ကနေ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ကြပါတယ်။

တလုပ်မြို့ဟာ မြင်းခြံမြို့မပေါ်ခင်က မြို့အဖြစ်တည်ရှိဖူးတဲ့ရွာ

ဒါပေမဲ့ နောက်ဆုံးမှာတော့ ရွာထဲအထိဝင်မလာဘဲ ပြန်လည် ဆုတ်ခွာသွားပါတယ်။ ရွာသားတွေဘက်ကရော၊ စစ်တပ်ဘက်ကရော အကျအဆုံးမရှိပါဘူး။ သေနတ်ထိမှန် ဒဏ်ရာရသူလည်း မရှိပါဘူး။

“တလုပ်မြို့တို့ ရဲတိုင်တို့က သတ္တိကောင်းပြီး လက်ယဥ်တဲ့ရွာတွေလို့ နာမည်ကြီးကျော်စောလို့လားတော့ မသိဘူးပေါ့နော။ နောက်ဆုံးတော့သူတို့တက်မလာဘဲ ပြန်ဆုတ်သွားပါတယ်။ ဒါပေမဲ့သူတို့က မင်းတို့ရွာသားတွေကိုငါတို့ဖမ်းသွားတယ်။ ငါတို့လိုချင်တဲ့လူရရင် ပြန်လဲမယ်လို့ပြောသွားတယ်ဆိုပြီးလည်း တချို့ရွာသားတွေက ကြားလိုက်တယ်လို့ ပြောတာပဲ။” လို့နောက်ထပ်ရွာသားတယောက်ကဆိုပါတယ်။

စစ်တပ်က တလုပ်မြို့ကို ပစ်ခတ်နေချိန်မှာပဲ တဆက်တည်းရှိတဲ့ ရဲတိုင်ရွာအနီး ကန်ညောင်ပင်နားက ဘီယာဆိုင်ကို သွားမွှေပြီး ရဲတိုင်ရွာသား ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ မည်သူမည်ဝါဆိုတာ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

ရဲတိုင်ရွာထဲမှာ ရွာသားတချို့ကို ဝင်ရောက်ရိုက်နှက်သွားတယ်လို့လည်း တလုပ်မြို့ရွာသားတယောက်က ပြောပါတယ်။

“ရိုက်နှက်သွားတာတွေရှိတယ်လို့ ကျွန်တော်တို့ကြားရတယ်။ သေလောက်တဲ့ဒဏ်ရာတွေ ရသွားတာမျိုးတော့ မဟုတ်ဘူးထင်ပါတယ်။ ကျွန်တော်လည်း မျက်စိနဲ့မြင်ရတာတော့ မဟုတ်ဘူးဗျ။”

စစ်တပ်က သူတို့ပြန်လာဦးမယ်လို့ ကြိမ်းမောင်းသွားကြောင်း ရွာသားတွေကပြောပါတယ်။ စစ်တပ်က လာရောက်ပစ်ခတ်တိုက်ခိုက်တဲ့ ရည်ရွယ်ချက်ကို ရွာသားတွေကတော့ သေသေချာချာ မသိဘူးလို့ ဆိုကြပါတယ်။ သူတို့လိုချင်တဲ့လူနဲ့ လူချင်းပြန်လဲမယ်လို့ ပြောကြောင်း သတင်းထွက်ပေါ်ပေမဲ့ သူတို့က ဘယ်သူ့ကို ဖမ်းချင်မှန်း၊ လိုချင်မှန်းလည်း မသိဘူးလို့ဆိုကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56823454

တလုပ်မြို့သားတွေနဲ့ စစ်တပ်နဲ့ ဧပြီ ၂၀ ရက် အပြန်အလှန်ပစ်ခတ်မှု  တလုပ်မြို့သားတွေနဲ့ စစ်တပ်နဲ့ ဧပြီ ၂၀ ရက် အပြန်အလှန်ပစ်ခတ်မှု Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.