မြင်းခြံအနီး စစ်တပ်ပစ်ခတ်မှု ၅ ဦး ဒဏ်ရာရ

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်မြင်ကွင်း

မြင်းခြံမြို့အနီးက သပြေအေးရွာမှာ စစ်တပ်က ဒီကနေ့ ပစ်ခတ်တာကြောင့် ၅ ဦးကျည်ဆံထိမှန်ပြီး ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်ဘက်က ကျေးရွာတွေမှာလည်း စစ်တပ်က ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။ မန္တလေးမြို့မှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

မြင်းခြံမြို့နဲ့ ၈ မိုင်သာဝေးတဲ့ သပြေးအေးကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၃ ရက်နေ့လည်ပိုင်းက စစ်တပ်က ဖမ်းဆီးဖို့လူလာရှာရင်း ဝင်ရောက် ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် ကျေးရွာသား ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးစိုးရိမ်ရတယ်လို့ ရွာသား ၁ ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကားနဲ့လာတာ ၂ စီးပေါ့ဗျာ။ သေးသေးလေးတွေ အဲ့ကားတွေရောက်တော့မှာ။ ရေကြောင်းက ဆက်လာတာ စစ်သားတွေက ၆၀ ကျော် ၇၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ရွာက မြောက်ဖျားက ကစားဝိုင်းရှိတယ်။ အဲ့ကစားဝိုင်းကိုဝင်ပစ်တယ်။ အဲ့မှာ ထိခိုက်တာ ၃ ယောက်ရှိတယ်။ ၃ ယောက်ထိပြီးတော့ ရွာထဲဝင်ပြီးတော့ မေးမြန်းတာတွေလုပ်တယ်။ လူ ၂ ယောက် ဖမ်းစရာရှိတယ်။ မဆိုင်တဲ့သူမလုပ်ဘူးဆိုပြီး သူတို့က အဲ့လိုပြောပြီး ကျွန်တော်တို့ရွာထဲက လူတယောက်က သိုးပျောက်လို့ ခြံထဲက သိုးထွက်လို့ဆိုပြီး သိုးသယ်တာ အဲ့လူကို ပစ်လိုက်တာ အဲ့လူကတော့ စိုးရိမ်ရမယ့် သဘောရှိတယ်ခင်ဗျ။ အားလုံး ၅ ယောက် ပခုံးမှာ မှန်တာက ၂ ယောက် နားရွက်ရှပ်မှန်ပြီး လက်မှန်တာက ၁ ယောက် ခြေသလုံးမှာမှန်တာက တယောက် အခုရွာထဲမှာ သိုးသယ်တဲ့သူက စိုးရိမ်ရတယ်ဆိုပေမယ့် သူကဘယ်လိုမှန်တယ်တော့မသိဘူး။ အခုမှပစ်လိုက်တာ။ ရွာက ဘယ်လိုမှခုခံလို့မရဘူး။ ခုခံစရာလက်နက်မှမရှိတာ။ ဘတ်ဂွလောက် ရှိတယ်ဆိုတော့ အကုန်လုံးရှောင်ကြ ရတာပေါ့။”

ပြီးခဲ့တဲ့ ၁၉ ရက်ကစပြီး ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့ ကြားက ကျေးရွာမှာ စစ်တပ်က မနေ့ ဧပြီ ၂၂ ရက် ညပိုင်းမှာ ရွာသားတွေကို ဖမ်းဆီးပြီး ၁ ဦးကို ပစ်သတ်သွားတယ်လို့ ကနီမြို့ခံတဦးက ပြောပါတယ်။

“ယင်းမာပင်မြို့နယ် တိုင်းတရစ်ကျေးရွာမှာ မနေ့က စစ်ကောင်စီ တပ်ဖွဲ့တွေက ကပိုင်ကြီးကုန်းမှာ တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ၃ ယောက်ကို ဖမ်းဆီးသွားတယ်။ တယောက်ကို ဖမ်းဆီးတဲ့ နေရာမှာ ပစ်သတ်ပြီးတော့ အလောင်းကို သူတို့ယူသွားတယ်။ လက်ရှိကျေးရွာမှာ ရှိတဲ့သူတွေက လုံးဝ စစ်ဘေးရှောင် နေရတဲ့ အနေအထားရှိတယ်။ လတ်တလော အဲ့ကောင်တွေက ၃ ယောက်နဲ့အတူ အခြား သူတို မသင်္ကာတဲ့သူ တွေ့တဲ့သူတွေကို သူတို့ဖမ်းဆီးခေါ်ဆောင်သွားတာက ၁၂ ယောက်လို့ သိရပါတယ်။”

ဧပြီ ၁၉ ရက်က မုံရွာ ယာကြီး ကလေးဝလမ်းပိုင်းက ဆက်သွယ်ရေး တာဝါတိုင်မှာ စောင့်နေတဲ့ စစ်သား ၅ ဦးကို ဒေသခံတွေကဘက်က ပစ်ခတ်ရာမှာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးထွက်ပြေးခဲ့ရပြီး နောက်ရက် ဧပြီ ၂၀ ရက်မှာတော့ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေ ပြုလုပ်ပြီး ကျေးရွာသားတွေဘက်က ၁၀ ဦးထက် မနည်း သေဆုံးခဲ့သလို စစ်တပ်ဘက်က ၃၀ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးဒဏ်ရာ ရတဲ့ စာရင်းကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

အခုလို ဖမ်းဆီးတာတွေ ပြုလုပ်နေသလိုပဲ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မြတောင် ၊ ဘုရားကြီး ၊ မစိုးရိမ်တိုက်ဟောင်း ၊ ဝိသုဓ္ဓါရုံ စတဲ့ ကျောင်းတိုက်တွေကို ဝင်ရောက်စီးနင်း ရှာဖွေတာတွေ ပြုလုပ်နေတာပါ။ မန္တလေးမှာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ သံဃာတော်တွေပါဝင်တဲ့ သံဃာသဂ္ဂက သပိတ်စစ်ကြောင်းဟာ နေ့စဉ်မပျက် စစ်ကောင်စီ ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်နေတာပါ။ အခုလို ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်နေပေမယ့် စစ်ကောင်စီ ဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သံဃာသမဂ္ဂ သပိတ်စစ်ကြောင်းက ဦးဆောင်ဆရာတော် တပါးက ဗွီအိုအေကို အခုလိုမိန့်ပါတယ်။

“ကျောင်းတိုက်တွေထဲဝင်စီးတယ် ဘာညာဆိုတာက သတ်သတ် အကြောင်းပြချက်မရှိဘဲ နွေဦးတော်လှန်ရေးမှာ လှုပ်ရှားမှုအားကောင်းတဲ့ ကျောင်းတိုက်တွေကို ဝင်စီးတယ်ဆိုမှတော့ ဒီသံဃာတွေကို ချိန်းခြောက်တယ်ပေါ့။ သံဃာတွေကို ချိန်းခြောက်တယ်လို့ ဦးဇင်းက အဲ့လိုယူဆတယ်။ ဒါကအခုမှရယ်လို့ မဟုတ်ဘူး။ ဦးဇင်းတို့ ၂၀၀၇ တုန်းကလည်း သံဃာတွေ ဘုန်းကြီး ကျောင်းတိုက်တွေကို သူတို့ဝင်ပြီး စီးခဲ့တယ်။ ရိုက်နှက် ဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီလို လုပ်ခဲ့ပေမယ့်လည်း ဦးဇင်းတို့ ဒီသံဃာ စစ်ကြောင်းတွေကတော့ ရပ်တန့်သွားတာမျိုးမရှိဘူး။ ရတဲ့နည်းနဲ့မှ ဦးဇင်းတို့က ဆက်ပြီး လှုပ်ရှားမှုတွေဆက်ပြီး လုပ်နေတာ။ ဝင်စီးတယ်ဆိုတာ သံဃာတွေက ညပိုင်းမှာ ဖယောင်းတိုင်မီးတွေ ထွန်းပြီးတော့မှ ဆုတောင်းပွဲ တွေလုပ်ကြတယ်ပေါ့နော် ပရိတ်ရွတ်တယ်။ ဆုတောင်းပွဲတွေလုပ်တယ်။ ဒီလို ပရိတ်ရွတ်တာကိုပဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေကတော့ သူတို့ကို ဆန့်ကျင်တယ်ဆိုပြီးတော့မှ ကျောင်းတိုက်တွေကို ဝင်စီးကြတာ။ သူတို့ ဘယ်လိုပဲ ကျောင်းတိုက်တွေမှာ အကြမ်းဖက်တာမျိုးလုပ်လုပ် ချိန်းခြောက်တာမျိုးတွေ ရှိနေပါစေ ဦးဇင်းတို့ဘက်ကတော့ လုပ်စရာရှိတာတွေ ဆက်ပြီး လုပ်သွားမယ်လို့ ဦးဇင်းက အဲ့လိုပဲပြောချင်တယ်။”

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်တာကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ သေဆုံးသူ ၇၀၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ၃၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားပါတယ်။

အခုလို ပစ်ခတ်တာကြောင့် သေဆုံးတာတွေရှိသလို ဖမ်းဆီးတာတွေရှိနေပေမယ့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ သပိတ်တွေဟာ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြပါတယ်။ 


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/peoples-in-myingyan-killed-by-military-coup-soldier/5864374.html

မြင်းခြံအနီး စစ်တပ်ပစ်ခတ်မှု ၅ ဦး ဒဏ်ရာရ မြင်းခြံအနီး စစ်တပ်ပစ်ခတ်မှု ၅ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.