သတ်ဖြတ်ဖမ်းဆီးမှုတွေ ပဲခူးမှာ ဆက်လက် ဖြစ်ပွား

အဖြိုခွဲမခံရမီ ပဲခူးမြို့ မဂ္ဂတစ်ခံတပ်မှာ ညသပိတ် ပြုလုပ်ခဲ့ကြ

ဧပြီလ ၉ ရက်မနက်ခင်းက ပဲခူးမြို့မှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေပြိုကွဲသွားပြီးနောက်မှာလည်း နောက်ထပ် သတ်ဖြတ်မှုတွေ၊ ရှာဖွေမှုတွေ၊ ဖမ်းဆီးမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

ဆိုင်ကယ်နောက်မှာ ကြိုးနဲ့အဆွဲခံရတယ်ဆိုတဲ့ ကိုသီဟ

ကိုသီဟဟာ ပုဏ္ဏားစုလမ်းမကြီးပေါ်က ခံတပ်တခုမှာ နေရာ ယူဆန္ဒပြနေသူဖြစ်ပါတယ်။ ပုဏ္ဏားစုလမ်းမကြီးနဲ့ ပုဏ္ဏားစုလမ်းသွယ် ၉ လမ်းတို့ဆုံတဲ့နေရာမှာ သူတို့ခံတပ်ကို ဆောက်လုပ်ထားတာပါ။

စစ်တပ်က ခံတပ်တွေကို RPG စိန်ပြောင်းတွေနဲ့ ပစ်ခတ် ဖြိုခွဲခဲ့ပါတယ်။ ၄၀ မမ ဗုံးသီးတွေကို သေနတ်မှာ တပ်ဆင်ပြီး ပစ်ခတ်ဖြိုခွဲမှုတွေလည်း လုပ်ပါတယ်။ ၄၀ မမ ဗုံးသီးကို သေနတ်မှာ တပ်ဆင်ပစ်ခတ်တာကို လက်နက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာတောင် စစ်ပွဲကြီးတွေမှာမှ သုံးတတ်ကြတယ်လို့ ဆိုပါတယ်။ RPG လောင်ချာ၊ ၄၀ မမဗုံးသီးတွေနဲ့ ပစ်ခတ်မှုဟာ အချက်ရေ ၂၀ ကျော် ရှိတယ်လို့ သပိတ်ခေါင်းဆောင် တယောက်ဖြစ်သူ ကိုမျိုးကိုကိုက ဘီဘီစီကို ပြောပါတယ်။ RPG စိန်ပြောင်း၊ ၄၀ မမဗုံးသီးတွေနဲ့ အတားအဆီးတွေကို တိုက်ခိုက် ဖြိုခွင်းပြီးနောက် စက်သေနတ်နဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ် လို့လည်း ဆိုပါတယ်။

စက်သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ကိုသီဟရဲ့ ပေါင်ကို ကျည်ဆံ ၂ ချက် ထိမှန်ခဲ့ပါတယ်။ သေနတ်ဒဏ်ရာ ရသွားတဲ့ ကိုသီဟဟာ ပုဏ္ဏားစု ၉ လမ်းထဲက အိမ်တအိမ်ထဲမှာ ဝင်ရောက်ပုန်းခိုခဲ့ပါတယ်။

စစ်တပ်က ပုဏ္ဏားစု ၉ လမ်းထဲမှာ ဝင်ရောက်ရှာဖွေပြီး ကိုသီဟ အပါအဝင် တခြားလူငယ် ၂ ယောက်ကိုပါ ဖမ်းဆီးသွားပါတယ်။ သေနတ်ဒဏ်ရာ ရထားတဲ့ ကိုသီဟကို လက်နှစ်ဖက်မှာ ကြိုးနဲ့ချည်နှောင်ပြီး ဆိုင်ကယ်နောက်က တရွတ်တိုက် ဆွဲခေါ်သွားခဲ့တာကို မြင်တွေ့သူတွေ ရှိတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသရဲ့ ပဲခူးမြို့နယ် ဥက္ကဋ္ဌ ကိုအောင်ညီညီသွင်ကဘီဘီစီကို ပြောပါတယ်။ ပဲခူးမြို့က မြို့ခံလူကြီးတယောက် ဖြစ်သူ ဦးဘိုတောက်ကလည်း မျက်စိနဲ့တပ်အပ် မြင်သူတချို့ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရေခဲတိုက်မှာ ကိုသီဟရဲ့ အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတချို့ရဲ့ ရုပ်သံဗီဒီယိုလည်း ပဲခူးမီဒီယာက တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ပြောပြထားတာက “ခန္ဓာကိုယ်မှာလည်း စုတ်ပြတ်သတ်နေတာပဲ။ ပေါင်မှာက ကျည်ထိထားတာ ၂ ချက်။ ဒါကြီးဆိုချိုင့်နေတာပဲ။ ဒီနေရာကြီးဆို ညိုမည်းနေတယ်။ ဒီနားတွေမှာလည်း ပွန်းနေတယ်။ နေပူထဲ လှန်းထားတော့ အသားအရည်ခြောက်သွေ့ပြီး ကွဲအက်နေတာတွေလည်း ရှိတာပေါ့ဗျာ” လို့ ဆိုပါတယ်။ ပြောနေတဲ့သူရဲ့ရုပ်ပုံကို ဖော်ပြမထားတဲ့အတွက် သူညွှန်ပြနေတဲ့နေရာတွေဟာ ဘယ်နေရာတွေဆိုတာကိုတော့ သေသေချာချာ မသိရပါဘူး။

ကိုသီဟရဲ့ မိသားစုဝင် တယောက်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ပုဏ္ဏားစု ၉ လမ်းထဲကနေ သူ့ကို ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ ဆိုင်ကယ်နောက်မှာ ကြိုးနဲ့ချည်ပြီး တရွတ်တိုက် ဆွဲခေါ်သွားတယ်လို့ ပြောတာတွေ ကြားရပါတယ်။ အခုတော့ ပုဏ္ဏားစု ၉ လမ်းထိပ်က လူတွေလည်း အကုန်လုံး စစ်တပ်ကို ကြောက်လို့ ထွက်ပြေး တိမ်းရှောင်ကုန်ကြတော့ မေးမကြည့်ရသေးပါဘူး။ ဆိုင်ကယ်နဲ့ ဆွဲမဆွဲကိုတော့ မိသားစုအနေနဲ့ မသိသေးပါဘူး။ ဒါပေမဲ့ ရေခဲတိုက်မှာ အလောင်းလာထုတ်ပြီး သင်္ဂြိုဟ်လှည့်ပါလို့ မိသားစုကို အကြောင်းကြားပါတယ်။ ဟိုရောက်တော့ အလောင်းက စုတ်ပြတ်သတ်နေတယ်၊ နံလည်းနံနေတယ်၊ မကြည့်ပါနဲ့တော့လို့ ပြောပါတယ်။ မိသားစုကလည်း မကြည့်ရက်လို့ မကြည့်တော့ပါဘူး။ ဆိုင်ကယ်နောက်ကနေ ကြိုးနဲ့ဆွဲမဆွဲ မသိပေမဲ့ ဖမ်းသွားတုံးက သေနတ်ဒဏ်ရာရတာကလွဲပြီး ကျန်တာအကုန် အကောင်းလို့ သေသေချာချာ သိထားရပါတယ်။ သူတို့လက်ထဲရောက်ပြီး တကိုယ်လုံး မြင်မကောင်းလောက်အောင် စုတ်ပြတ်သတ်သွားတယ် ဆိုတာ ဖြစ်သွားတာပါ”

ကိုသီဟရဲ့ ရုပ်အလောင်းကို မိသားစုက စီစဉ်ထားတဲ့နေရာမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ ပြောကြားပြီး နာရေးအစီအစဉ် အဆုံးသတ်ခဲ့တယ်လို့လည်း မိသားစုဝင်က ဘီဘီစီကို ပြောပါတယ်။

ဝမ်းဗိုက်မှာ ဒဏ်ရာရပြီး ပုန်းခိုရာအိမ်ထဲကနေ ဖမ်းဆီးခံသွားရသူ တယောက်ရှိသေးကြောင်း အတည်ပြုနိုင်ပေမဲ့ နောက်ဆက်တွဲသတင်း ထပ်မံ မကြားရသေးပါဘူး။

လူဦးရေနည်းပါးပေမဲ့ ဖြိုခွဲခံရပြီးနောက်တနေ့မှာတောင် ဆက်လက်ဆန္ဒပြခဲ့

ဖမ်းမိတဲ့နေရာမှာ ရိုက်အသတ်ခံရသူ ကိုမောင်သက်

ကိုမောင်သက်က ဆိုရှယ်လစ် ၁၅ လမ်းမှာ နေထိုင်ပါတယ်။ ကိုမောင်သက်ဟာ အသက် ၄၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သူဟာ ပန်းရန်အလုပ်၊ လက်သမားအလုပ် လုပ်ကိုင်ပါတယ်။ ဇနီးနဲ့ သားသမီး ၂ ယောက်ရှိပါတယ်။ သမီးအကြီးက ၉ တန်း၊ သားအငယ်က ၂ တန်းပါ။ သားသမီး ၂ ယောက်ရဲ့ဖခင် ကိုမောင်သက်ဟာ စစ်တပ်က မသေမချင်း ရိုက်နှက် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

ဧပြီလ ၉ ရက် ဆိုရှယ်လစ်ရပ်ကွက် သပိတ်ခံတပ်ကို ဖြိုခွဲချိန်မှာ ကိုမောင်သက်နဲ့ အတူတူ သပိတ်အလုပ်လုပ်ကိုင်သူ ဆိုရှယ်လစ် ၁၅ လမ်းထဲက လူငယ် ၂ ယောက် အဖမ်းဆီးခံခဲ့ကြရပါတယ်။ အခုအချိန်အထိ သူတို့ သေသလား၊ ရှင်သလားဆိုတဲ့သတင်း ပြန်မကြားသိရပါဘူး။

ကိုမောင်သက်ကတော့ ပဲခူးအရှေ့တောင်ဘက်က ရွာတွေဆီ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ အတိုက်အခံပါတီကြီးတခုရဲ့ အဖွဲ့ဝင်တွေက သတင်းပေးလိုက်လို့ ကိုမောင်သက် ကျိုက္ကဒန်ရွာမှာ တည်းခို ပုန်းရှောင်နေတာကို စစ်တပ်က သိသွားပြီး ဧပြီလ ၁၁ ရက်နေ့မှာ သွားဖမ်းခဲ့ကြတယ်လို့ ကိုမောင်သက် မိသားစုနဲ့ နီးစပ်သူတယောက်က ဘီဘီစီကို ပြောပြပါတယ်။

ဖမ်းဆီးမိတဲ့နေရာ ဖြစ်တဲ့ ကျိုက္ကဒန်ရွာမှာပဲ ကိုမောင်သက်ကို တုတ်တွေနဲ့ ရိုက်နှက် သတ်ဖြတ်လိုက်ကြတယ်လို့ မိသားစုနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

“နေ့လည် ၂ နာရီလောက်မှာတော့ အလောင်းကို ရင်ခွဲရုံကနေ လာယူလှည့်ပါလို့ ပြောတယ်။ အလောင်းကိုသွားယူတော့ ဗိုက်ကိုခွဲ၊ ကလီစာတွေထုတ်ပြီး ရင်ဘတ်ကို ဝက်သိုးချုပ် ချုပ်ထားပါတယ်။ နောက်ကျောမှာတော့ အညိုအမည်းတွေ၊ ကွဲပြဲနေတာတွေ၊ အရှိုးရာတွေ တွေ့ရပါတယ်”

ကိုမောင်သက်ရဲ့ ရုပ်အလောင်းဟာ ဆိုရှယ်လစ် ၁၅ လမ်းထဲက သူ့နေအိမ်မှာ ရောက်ရှိနေပါပြီ။ ကိုမောင်သက်ကို မိသားစုက ဧပြီလ ၁၁ ရက်နေ့အထိ မသင်္ဂြိုဟ်ရသေးပါဘူး။

အဖမ်းဆီးခံလူငယ် ၅ ဦးသေဆုံး

မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးသွားသူတွေအနက် ဒဏ်ရာမရဘဲ အဖမ်းဆီးခံသွားရသူ လူငယ် ၅ ယောက်ဟာ နောက်တနေ့မှာ သေဆုံးသွားပြီဖြစ်ကြောင်း သက်ဆိုင်ရာ မိသားစုတွေကို စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုတချို့နဲ့ မေးမြန်းဖို့ ကြားခံလူကတဆင့် ကြိုးစား ဆက်သွယ်ရာမှာတော့ မိသားစုဝင်တွေက ကြောက်ရွံ့နေကြတဲ့အတွက် ဘီဘီစီနဲ့ ပြောဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ စစ်တပ်နဲ့ မိသားစုရဲ့ အတည်ပြုချက်မရပေမဲ့ လူငယ် ၅ ယောက် သေဆုံးကြောင်းကို ရင်ခွဲရုံမှာ သွားရောက်ကြည့်ရှုသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

လက်စားချေတိုက်ခိုက်မှု

မတ်လ ၉ ရက်မနက်ပိုင်းမှာ သပိတ်ခံတပ်တွေကို ဖြိုခွင်းမှုကြောင့် အများအပြားသေဆုံးခဲ့ကြပြီးနောက် နေ့လယ်ပိုင်းမှာ ပေါက်ကွဲမှု ၃ ခုဖြစ်ပွားခဲ့ပါတယ်။ ပဲခူးတိုင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ Max ဆီဆိုင်နဲ့ ပဲခူးမြို့တော်ခန်းမတို့မှာပါ။

“ပဲခူးက မြို့ပြ ပြောက်ကျားလူငယ်အဖွဲ့ဆိုတာ ကျွန်တော်တို့ ကြားနေတာကြာပါပြီ။ သူတို့လက်တွေ့ လုပ်တာလို့တော့ သိပ်မသိခဲ့ဘူး။ အဲဒီနေ့ကတော့ ဖောက်ခွဲမှု ၃ ခုကို ပဲခူးမြို့ပြ ပြောက်ကျားလူငယ်အဖွဲ့က လုပ်သွားတယ်လို့ ကြေညာပါတယ်။ ရဲ ၁၀ ယောက်သေဆုံးတယ်ဆိုတဲ့ သတင်းလည်းကြားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျက်မြင်တော့ မဟုတ်ပါဘူး။ ရဲနဲ့ စစ်သားတွေကလည်း သူတို့ဘက်က ကျဆုံးတဲ့ အလောင်းတွေကို အပါမခံကြဘူးဗျ” လို့ သပိတ်ခေါင်းဆောင် တယောက်က ဘီဘီစီကိုပြောပါတယ်။ ရဲ ၁၀ ယောက် သေဆုံးတယ်ဆိုတာကို ဘီဘီစီက နောက်ထပ် တခြားလူတယောက်ရဲ့ သီးခြားအတည်ပြုချက် မရပါဘူး။

အဖြိုခွဲမခံရခင်တရက်က ဗကသစစ်ကြောင်း

တရမန်းကြမ်း ဖမ်းဆီးရှာဖွေ

အပြင်းအထန်ဖမ်းဆီးရှာဖွေမှုတွေ၊ ပစ်ခတ်မှု၊ စီးနင်းမှုတွေကိုလည်း ၉ ရက်နေ့ ဖြိုခွဲမှုနောက်ပိုင်းမှာ စစ်တပ်က ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသရဲ့ ပဲခူးမြို့နယ်ဥက္ကဋ္ဌ ကိုအောင်ညီညီသွင်နဲ့ ပဲခူးဗကသ ဥက္ကဋ္ဌဟောင်း ကိုမျိုးကိုကိုတို့ကို ဖမ်းဆီးဖို့ သဲကြီးမဲကြီး ကြိုးစား အားထုတ်ခဲ့ပါတယ်။

ပဲခူးဗကသ ဥက္ကဋ္ဌ ကိုအောင်ညီညီသွင်နဲ့ ဗကသကျောင်းသားတွေ ပုန်းခိုနေတယ်လို့ ယူဆတဲ့ စိုင်တီရွာ၊ စျေးညောင်ပင်ကျေးရွာတွေဘက်ကို ကား ၁၅ စီးနဲ့ သွားရောက် ဝိုင်းပတ် ဖမ်းဆီးခဲ့ပါတယ်။ စစ်ကားကြီး ၈ စီး၊ အချုပ်ကား ၂ စီး၊ ဒက်ဗယ်လ်ကပ်ဆာ့ဖ်ကား ၅ စီးနဲ့ လာဝိုင်းခဲ့တယ်လို့ ပဲခူးဗကသ ဥက္ကဋ္ဌ ကိုအောင်ညီညီသွင်က ဘီဘီစီကို ပြောပါတယ်။ ကား ၁၅ စီးနဲ့ လာဝိုင်းပေမဲ့ ကိုအောင်ညီညီသွင်နဲ့ ဗကသကျောင်းသားအားလုံး လွတ်မြောက်ခဲ့ကြပါတယ်။

ဗကသဥက္ကဋ္ဌဟောင်း ကိုမျိုးကိုကိုရဲ့ အိမ်ကိုလည်း စစ်ကားတွေနဲ့ လာဝိုင်းပါတယ်။ ကိုမျိုးကိုကိုက ကြိုတင် တိမ်းရှောင်သွားတဲ့အတွက် မမိခဲ့ပါဘူး။ ကိုမျိုးကိုကိုကို မတွေ့တော့ အိမ်သော့ကို ရိုက်ဖျက်ပြီး ဆိုင်ကယ် ၃ စီး၊ စာအုပ်ဘီရိုထဲက အမေရိကန် ဒေါ်လာ ၁၀၀၀ နဲ့ စားသောက်ကုန်တွေကို ယူသွားပါတယ်။ သယ်မသွားနိုင်တဲ့ ပရိဘောဂပစ္စည်းတွေအားလုံးကို ရိုက်ချိုး ဖျက်ဆီးသွားတယ်လို့ ကိုမျိုးကိုကိုက ဘီဘီစီကို ပြောပါတယ်။

မတ်လ ၁၀ ရက် တောနင်းပစ်ခတ်ဖမ်းဆီးမှု

မတ်လ ၉ ရက်နေ့က ပစ်ခတ်ဖြိုခွင်းမှုမှာ တခြားမြို့နှိမ်နင်းမှုတွေမှာ မသုံးတဲ့ စစ်ဖက်သုံးကိရိယာတမျိုးကို အသုံးပြုခဲ့ပါတယ်။ အဲဒါကတော့ ဒရုမ်းလို့ခေါ်တဲ့ လူမဲ့လေယာဉ်ငယ်တွေ ဖြစ်ပါတယ်။ ဝေဟင်မှာ လူမဲ့ ဒရုမ်းလေယာဉ် လွှတ်တင်ပြီး လူအများစု ထွက်ပြေးတိမ်းရှောင်ရာကို ဒရုမ်းပုံရိပ်နဲ့ ခြေရာခံပြီး လိုက်လံပစ်ခတ်၊ ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ ပဲခူးဗကသဥက္ကဋ္ဌ ကိုအောင်ညီညီသွင်က ဘီဘီစီကို ပြောပါတယ်။

စစ်တပ်ဟာ အဘက်ဘက်က ပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် အများပြည်သူရဲ့ တခုတည်းသော လွတ်လမ်းဟာ ဆံတော်တွင်းလမ်းနဲ့တည့်တည့်မှာရှိတဲ့ မြို့အရှေ့တောင်ဘက်က ကျေးရွာတွေ ဖြစ်ပါတယ်။

ပဲခူး ပစ်ခတ်ဖြိုခွဲမှု၊ စစ်အာဏာသိမ်း

လယ်ကွင်းတွေထဲအထိ စီးနင်းရှာဖွေ ပစ်ခတ်မှုတွေ လုပ်ခဲ့

မတ်လ ၉ ရက်နေ့က မြို့ပေါ်မှာ ရှင်းလင်းမှုတွေလုပ်ပြီးနောက် မတ်လ ၁၀ ရက်နေ့မှာ မြို့အရှေ့တောင်ဘက် လယ်ကွင်းထဲမှာ စီးနင်းရှာဖွေ ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။

“လယ်ကွင်းထဲဆင်းလာပြီး သေနတ်နဲ့ လိုက်ပစ်တယ်ဗျ။ အမဲလိုက်သလိုမျိုးပဲ။ သားကောင်ကို အမဲလိုက်သလိုမျိုးပဲ။ လယ်ကွင်းထဲမှာရှိတဲ့ သပိတ်ကာကွယ်ရေးအဖွဲ့တွေကို လိုက်ပစ်တယ်ဗျ။ သူတို့က သေနတ်နဲ့ပစ်ရင်း လိုက်တာ။ မတ်တပ်ရပ်ပြေးရင် ကွင်းပြင်ထဲမှာ သတ်ကွင်းကြီးဆိုတော့ လူငယ်တွေက ပစ်ကွင်းကျုံ့အောင် ကုန်းပြီးပြေးကြရတယ်ဗျ။ အဲသလိုပြေးရတာဆိုတော့ မတ်တပ်ရပ်ပြေးတဲ့ စစ်သားတွေလက်က လွတ်အောင်မပြေးနိုင်ဘဲ အဖမ်းခံရတာ များပါတယ်။ ရိုးရိုးဖမ်းမိတဲ့သူတွေကိုတော့ အချုပ်ကားတွေပေါ် ဖမ်းခေါ်သွားပါတယ်။ ဒဏ်ရာရထားတဲ့ လူငယ် ၂ ယောက်ကိုတော့ အသေ ပစ်သတ်လိုက်တယ်ဗျ” လို့ ဗကသဥက္ကဋ္ဌ ကိုအောင်ညီညီသွင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီလူငယ်လေး နှစ်ယောက်ပစ်သတ်ခံလိုက်ရတာကို ကိုအောင်ညီညီသွင် သေသေချာချာသိပါသလားလို့ ဘီဘီစီက မေးမြန်းရာမှာတော့ ကိုအောင်ညီညီသွင်က သူပုန်းနေတဲ့နေရာနဲ့ ချောင်းလေးတခုသာခြားတဲ့အတွက် အကုန်မြင်နေခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အမည်ကိုတော့ ကိုအောင်ညီညီသွင်က မသိဘူးလို့ ဆိုပါတယ်။

ပဲခူးအရှေ့ခြမ်းကလူတွေ ထွက်ပြေးတိမ်းရှောင်

ပဲခူးမြစ် အရှေ့ဘက်ခြမ်းရပ်ကွက်တွေမှာ အခုအခါ ယောက်ျားမှန်သမျှ အကုန် ထွက်ပြေးတိမ်းရှောင်နေကြပြီလို့လည်း ဒေသခံတွေက အတည်ပြု ပြောဆိုထားပါတယ်။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ ကလေး မကျန် တအိမ်လုံး ထွက်ပြေး တိမ်းရှောင်သွားကြသူတွေလည်း အများအပြား ရှိနေပါတယ်။

မတ်လ ၉ ရက် ပစ်ခတ်နှိမ်နင်းမှုမှာ သေဆုံးသူစာရင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ တချို့က ၆၀ လို့ ဆိုကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ပဲခူးမှာ သေဆုံးသူ ၈၂ ယောက်ရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56713115

သတ်ဖြတ်ဖမ်းဆီးမှုတွေ ပဲခူးမှာ ဆက်လက် ဖြစ်ပွား  သတ်ဖြတ်ဖမ်းဆီးမှုတွေ ပဲခူးမှာ ဆက်လက် ဖြစ်ပွား Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.