ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ

ချင်းပြည်နယ် မတူပီ မြို့နယ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ ချင်းပြည်နယ်ပြင်ပ ကလေးကဘော်ဒေသ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရောက် ချင်းလူမျိုးတွေက ချင်းအမျိုးသားအဖွဲ့ချုပ်ကိုဖွဲ့စည်းပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူတို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်တွေက ဆန္ဒပြပြည်သူတွေအပေါ် ပစ်ခတ် ဖိနှိပ်နေချိန်မှာ ပြည်တွင်းပြည်ပ ချင်းလူငယ်တွေစုပေါင်းပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization)နဲ့ ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ ကို ဖွဲ့စည်းရတာလို့ CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chinက ဗွီအိုအေကိုပြောပါတယ်။

"အာဏာရှင်စနစ်ဆိုးကြီးကို လုံးဝချုပ်ငြိမ်းစေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ ကျနော်တို့ ကိုယ့်ဒေသကိုအခြေပြုပြီးမှ တတ်နိုင်သလောက် ခုခံကာကွယ်သွားပြီးမှ ဒီအာဏာရှင်ကို တွန်းလှန်တော်လှန်ဖို့အတွက်ပါ။"

ချင်းလူငယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့ ချင်းအမျိုးသား ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့ (CNDF) တပ်ဖွဲ့ ဖွဲ့ရတဲ့အခြေအနေကိုတော့ Salai William Chinက အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီ ခုခံကာကွယ်ရမယ်ဆိုတဲ့ဟာရယ်။ ပြီးတော့အခု CRPHက ဖွဲ့ပေးလိုက်တဲ့ NUG နဲ့ ကျနော်တို့ ဆက်ပြီးမှ ရှေ့ဆက်လှုပ်ရှာသွားဖို့ပေ့ါနော်။ သူတို့နဲ့ပူးပေါင်းပြီး လိုအပ်တဲ့နေရာမှာ ကိုယ့်ဒေသကို စံနစ်တကျ ခုခံကာကွယ်သွားဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီအထဲမှာတော့ လူကြီးလူငယ်လူလတ်ပိုင်းတွေ အများကြီးပါလာတယ်။ လိုအပ်တဲ့သင်တန်းတွေလည်း ကျနော်တို့ ကိုယ့်ဟာကိုယ်ပေးတဲ့ဟာတွေလည်းရှိတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေမှာ သင်တန်းသွားယူတဲ့သူတွေလည်း တချို့ ရှိတယ်ပေါ့နော်။"

လက်နက်ကိုင်အဖွဲ့ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ချိတ်ဆက်မှုနဲ့ လက်နက်ဝယ်ယူဖို့ ရန်ပုံငွေ ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။

"ဒီအတွက်လည်း ကျနော်တို့ လနဲ့ချီပြီးမှ စုထားတဲ့ဟာတွေရှိတယ်။ အဓိက နိုင်ငံခြားရောက် ချင်းလူမျိုးတွေဆီကနေလည်း ကျနော်တို့ အများကြီး လက်နက်ဝယ်ယူဖို့အတွက်လည်း သူတို့ဆီကနေထောက်ပံ့ကြေးလည်းရတယ်။ အဲဒီအပြင် CRPH အပါဝင် ဒီ NUG အစိုးရဆီကနေလည်း ကျနော်တို့ သူတို့နဲ့ စကားပြောထားတဲ့ဟာတွေလည်း ရှိတယ်ပေါ့နော်။"

ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့အနေနဲ့ လောလောဆယ် ဖလမ်းမြို့နယ်နဲ့ ဒေသအချို့ကိုပဲ အခြေပြုထားပြီး နောက်ပိုင်းမှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းမဆိုနဲ့ သဘောထားခြင်း မူဝါဒခြင်းတူတဲ့သူနဲ့ ပူးပေါင်းပြီးမှ လှုပ်ရှားသွားဖို့ရှိတယ်လို့လည်းဆိုပါတယ်။

ဒါပေမဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ဝါရင့်ချင်းနိုင်ငံရေးသမားဟောင်းတစ်ဦးက အခုလိုထောက်ပြပါတယ်။

"အခုဖွဲ့တဲ့အဖွဲ့ကို ဘယ်သူတွေက အဓိက ဦးစီးဦးဆောင်လုပ်နေသလဲ။ ချင်းတမျိုးသားလုံးပါဖို့ သူတို့ဘယ်လိုလုပ်နေသလဲ ဆိုတာမျိုးတွေပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ချင်းမှာက မျိုးနွယ်စုတွေ တအားကွဲပြားတဲ့အခါမှာ အဖွဲ့အစည်းတခုခုဖွဲ့လိုက်ရင် ကျနော်တို့ ချင်းတမျိုးသားလုံးက ကြိုဆိုထောက်ခံတဲ့ အဖွဲ့အစည်းဖြစ်ဖို့က တော်တော်လေးခက်ခဲပါတယ်။ လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်ချင်တဲ့စိတ်ဓါတ်ကိုတော့ ကြိုဆိုတယ်။ ချင်းတမျိုးသားလုံးအားကိုးနိုင်တဲ့အဖွဲ့ ဖြစ်နိုင်ဖို့က သူတို့မှာ စိန်ခါ်မှုရှိတယ်ဆိုတာတော့ ကျနော်တို့လည်းမြင်ထားပါတယ်။"

CNO/CNDF အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို အိန္ဒိယနိုင်ငံ? မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ အကူညီပေးမယ်လို့မျှော်လင့်ကြောင်း CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chinကဆိုပါတယ်။

"လက်ရှိ အိန္ဒိယအစိုးရကို မီဇိုရမ်မှာရှိတဲ့ အစိုးရကနေတဆင့်လည်း ကျနော်တို့ အများကြီး မျှော်လင့်ထားတယ်။ မီဇိုရမ်က အစိုးရအဖွဲ့ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေးအတွက် အများကြီး ကူညီထောက်ပံ့နေတယ်။"

ဒါပေမဲ့ မီဇိုရမ်မှာနေထိုင်ပြီး ချင်းအခွင့်အရေး လှုပ်ရှားနေသူတဦးကတော့ လက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ကျောထောက်နောက်ခံပေးဖို့ ခက်တယ်လို့ဆိုပါတယ်။

"အိန္ဒိယက ဘယ်တော့မှ လက်နက်ကိုင် သူတို့အားပေးတဲ့ကောင်မဟုတ်ဘူးဆိုတော့လေ။ CNF ဆိုရင်လဲ ခိုးကြောင်ခိုးဝှက်နဲ့ အိန္ဒိယမှာနေနေရတာပဲလေ။ အဲဒီလိုမျိုးတွေ လွယ်တော့မလွယ်လောက်ဘူး။"

လက်ရှိ ချင်းပြည်နယ်ထဲမှ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် (ZRO/ZRA)၊ ကူကီးအမျိုးသားအစည်းအရုံး (KNO/KNA) တို့ရှိနေပါတယ်။

CNO/CNDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေးအဖွဲ့အစည်းတွေအပါအဝင် ဒီမိုကရက်တစ် အင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဒီနေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ကိုနိုင်ကွန်းအိမ်/ VOA Burmese

https://burmese.voanews.com/a/chin-youth-formed-chin-defence-armed-group/5862960.html

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.