ကိုဗစ်ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးလို့ ဆေးလာထိုးကြဖို့ ကြေညာ

နေပြည်တော်မှာ ကျန်းမာရေးဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးစဥ် လာရောက်ကြည့်ရှုတဲ့ ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာတစ်လွှားမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးအထိုးခံချင်လို့ စောင့်စားနေသူ သန်းပေါင်းများစွာရှိပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆရာဝန်တွေနဲ့ ပြည်သူတချို့ကတော့ ကာကွယ်ဆေးသွားမထိုးကြတော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ -နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ- နစက အစိုးရက ကာကွယ်ဆေးလာထိုးကြဖို့ သူတို့ရဲ့မီဒီယာတွေကနေ ဖိတ်ခေါ်နေတာပါ။

မြန်မာပြည်မှာ အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး သုံးသန်းခွဲ လက်ခံရရှိခဲ့ပြီး ကာကွယ်ဆေး တစ်သန်းကျော် ရှိနေသေးတာပါ။

ကိုဗီရှီးဟာ လူတစ်ယောက်ကို နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို လက်ရှိ ဧပြီလနဲ့ မေလမှာ ဆက်ထိုးပေးသွားမှာမို့ ဒုတိယအကြိမ် ထိုးရမယ့်လူတွေ မပျက်မကွက်ထိုးကြဖို့ ကြေညာလိုက်တာပါ။

ကာကွယ်ဆေး ၁ သန်းကျော် ကျန်နေ


ကိုဗစ်ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးလို့ ဆေးလာထိုးကြဖို့ ကြေညာ

အာဏာမသိမ်းခင် ဇန်နဝါရီ ၂၇ ရက်မှာ ဦးစားပေးအုပ်စုဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံး စတင်ထိုးပေးခဲ့ပါတယ်။

ပထမအကြိမ်ထိုးနှံခြင်းအတွက် ကာကွယ်ဆေး ၁ ဒဿမ ၅၄ သန်းထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ၀ ဒဿမ ၃၄ သန်းသာ ထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းတွေကြေညာတွေအရ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗီရှီး ၁ ဒဿမ ၆၂ သန်း ကျန်နေပါသေးတယ်။ မူလစီမံချက်က ပထမအကြိမ်ထိုးအပြီး လေးပတ်အကြာမှာ ဒုတိယအကြိမ် ဆေးပတ်ပြည့်အောင်ထိုးရမှာဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်က အာဏာသိမ်းအပြီး နိုင်ငံမတည်မငြိမ်ဖြစ်ရတဲ့ အကျိုးဆက်တွေကြောင့် ကာကွယ်ဆေးစထိုးတဲ့ရက်ကစပြီး ၁၂ ပတ်မြောက်အထိ ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးတာပါ။

'ဒီကာကွယ်ဆေးက အလွန်အဖိုးတန်ပါတယ်။ ဒါကြောင့် ပထမအကြိမ်ထိုးပြီးတဲ့သူတွေ မဖြစ်မနေ လာထိုးကြပါ။' လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။

ကာကွယ်ဆေး နဲ့ ဖမ်းမိန့်ကြေညာစာ

မန္တလေးမှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံစဥ်

စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ကာကွယ်ဆေးတွေလာထိုးကြဖို့ နှိုးဆော်ထားပေမယ့် နှိုးဆော်စာရဲ့ ကပ်လျက်စာမျက်နှာမှာတော့ CDM လုပ်တဲ့ဆရာဝန်တွေကို ဖမ်းမိန့်ထုတ်တဲ့အကြောင်း ကြေညာထားတာပါ။

ကိုဗစ်ကပ်ရောဂါကို ရှေ့တန်းကနေ လပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ကြတဲ့ ဆရာဝန်တွေဟာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အားတက်သရောဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်မှာတော့ ကိုဗစ်ဆေးအကြောင်း ပြောဆိုသူမရှိသလောက် နည်းပါးသွားကြပါတယ်။ ဆရာဝန်တွေလည်း ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေကိုတင်မကဘဲ ဆေးရုံတွေကိုပါ ကျောခိုင်းပြီး CDM လုပ်ကြပါတယ်။

ကိုဗစ်ရောဂါကို တိုက်ထုတ်ခဲ့တဲ့ ဆရာဝန်တွေကို ပြည်သူတွေက သူရဲကောင်းအဖြစ်သတ်မှတ်ခဲ့ကြပြီး စစ်ကောင်စီကတော့ အာဏာဖီဆန် CDM လုပ်တဲ့ဆရာဝန်တွေကို ဖမ်းမိန့်ထုတ်ခဲ့တာပါ။

ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးအုပ်စုအဖြစ် ကာကွယ်ဆေးအထိုးခံထားရတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းမခံရအောင် ရှောင်တိမ်းနေကြရတာပါ။

ဒါကြောင့် ရှောင်တိမ်းနေကြရတဲ့ဆရာဝန်တွေ အနေနဲ့ ဒုတိယအသုတ်ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာရှိပါတယ်။

ဒါပေမဲ့ CDM လှုပ်ရှားနေကြတဲ့ ဆရာဝန်တွေကလည်း စစ်ကောင်စီက ထိုးပေးမယ့် ကာကွယ်ဆေးကို မထိုးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်တက်မယ့် အမတ်တွေလည်း ကာကွယ်ဆေးပထမအကျော့ထိုးပြီးမှ လွှတ်တော်လည်း ပျက်သွားတဲ့အပြင် အမတ်တော်တော်များများလည်း ဖမ်းမိန့်ထုတ်ခံထားရပါတယ်။


ဒါကြောင့် ကာကွယ်ဆေးတွေပိုလာမယ့်သဘော ရှိပါတယ်။

ကိုဗစ်လှိုင်းပြင်းထန်စဥ်က လူငယ်အများအပြား ကိုဗစ်တိုက်ဖျက်ရေးမှာ စေတနာ့ဝန်ထမ်း ပါဝင်ခဲ့ကြ

လက်ရှိကျန်နေတဲ့ ကာကွယ်ဆေး တစ်သန်းကျော်ထဲက ဒုတိယအကြိမ်ထိုးရမယ့်သူတွေကို ထိုးပေးပြီးလို့ ထပ်ပိုခဲ့ရင် ပြည်သူတွေကိုထိုးပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ကာကွယ်ဆေးထိုးပေးဖို့ ဦးစားပေးအစီအစဥ်တွေကလည်း အရင်အတိုင်းမပြောင်းလဲဘူးလို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

ဒါ့အပြင် အအေးထိန်းစနစ်နဲ့သိုလှောင်ထားရတဲ့ ကာကွယ်ဆေးတွေရဲ့အာနိသင်ကလည်း အစွမ်းထက်ဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ဆရာဝန်တွေနဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ CDM လုပ်သွားကြလို့ ကာကွယ်ဆေးတွေကိုသိုလှောင်ထိန်းသိမ်းမှုတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လားဆိုတာ သံသယရှိတယ်လို့ CDM လုပ်နေတဲ့ဆရာဝန်တွေက ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်ကူးစက်မှု အနည်းငယ်ပြန်တက်လာတဲ့အကြောင်း ဆရာဝန်တွေကအတည်ပြုပါတယ်။

တတိယလှိုင်း ဖြစ်လာမလား

အိမ်နီးချင်းနိုင်ငံတချို့မှာ ကူးစက်မှုပြန်မြင့်လာပြီး ဆေးဝါးပြတ်လပ်၊ ကုသရေး အခက်အခဲတွေရှိနေ

ပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူအုပ်ကြီးက ကိုဗစ်ကူးစက်မှာ ကြောက်တဲ့ပုံမပေါ်ခဲ့ပါဘူး။ ပြည်သူအများစုအနေနဲ့ ကိုဗစ် ၁၉ ရောဂါထက် အာဏာသိမ်းမှု နောက်ဆက်တွဲအ ခြေအနေတွေကို ခါးစီးခံနေကြရပါတယ်။

စစ်တပ်နဲ့ ရဲရဲ့ ပစ်ခတ်နှိမ်နင်းမှု၊ ဖမ်းဆီးမှု၊ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံရမှုနဲ့ ဘဏ်စနစ်မတည်ငြိမ်မှု အပါအဝင် လူမှုစီးပွားပြဿနာတွေက လက်ငင်းဖြေရှင်းရမယ့်ပြဿနာတွေလို့ သူတို့က ရှုမြင်ပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတချို့မှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးတွေ တွေ့လာရပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေကြောင့် ဆေးရုံအများစုမှာဆရာဝန်မရှိတဲ့ မြန်မာမှာလည်း ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတချို့ တွေ့လာနေပါတယ်။

ကိုဗစ်တတိယလှိုင်း မြန်မာမှာ ဖြစ်လာနိုင်ခြေရှိသလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာပါတယ်။

'ပေါ့ဆရင်တော့ ဖြစ်လာနိုင်ခြေရှိပါတယ်။ အများကြီးမစစ်နိုင်လို့ အများကြီးမတွေ့တာပါ' လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ရောဂါစစ်နှုန်းက အာဏာမသိမ်းခင်ကထက် ဆယ်ဆကျော် ကျဆင်းသွားပြီး တစ်ရက်ကို တစ်ထောင်ဝန်းကျင်ဘဲ စစ်နိုင်တော့တာပါ။

လက်ရှိရှိတဲ့အင်အားနဲ့ တတိယလှိုင်းအတွက်ပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

' တကယ်တတိယလှိုင်းဖြစ်လာရင် ဆရာဝန်တွေအနေနဲ့ လူနာတွေကို ပစ်ထားမှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်' လို့ သူက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှာ ရုံးတက်နေတဲ့ ဆရာဝန်တွေကတော့ တတိယလှိုင်းအတွက် စိုးရိမ်နေကြပြီး CDM လှုပ်ရှားနေတဲ့ ဆရာဝန်တွေကတော့ ကိုဗစ်အပြင် အာဏာရှင်စနစ်အမြစ်တွယ်သွားမှာ ကိုလည်း စိုးရိမ်နေကြပါတယ်။

'ရောဂါချင်းတူရင်တောင် COVID ထက် COUP ကို ပိုကြောက်ပါတယ်' လို့ ကာကွယ်ဆေးဒုတိယအကြိမ်သွားမထိုးတဲ့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56852085

ကိုဗစ်ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးလို့ ဆေးလာထိုးကြဖို့ ကြေညာ ကိုဗစ်ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးလို့ ဆေးလာထိုးကြဖို့ ကြေညာ Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.