မြန်မာ့အရေး အာဆီယံထိပ်သီး စစ်ကောင်စီအကြီးအကဲတက်ရောက်မည်

(FILES) In this file photo taken on July 19, 2018, Myanmar's Chief Senior General Min Aung Hlaing, commander-in-chief of the Myanmar armed forces, arrives to pay his respects to Myanmar independence hero General Aung San and eight others assassinated in 1

စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ စစ်တပ်ပြောခွင့်ရသူကို ကိုးကားပြီး ဂျပန် Nikkei Asia သတင်းက ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပမယ့် အာဆီယံအရေးပေါ်အစည်းအဝေးကို ဗိုလ်ချုပ်မှုှးကြီး မင်းအောင်လှိုင်တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပြောဆိုထားတာပါ။

ဒီမတိုင်ခင်ကလည်း အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်မယ်လို့ ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ တက်မယ်လို့သတင်းတွေလည်း ထွက်ခဲ့တာကြောင့်၊ လူကိုယ်တိုင် တက်မှာလား အွန်လိုင်းကတဆင့် တက်မှာလားဆိုတာ သဲသဲကွဲကွဲသိနိုင်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုံးလက်ခံဖြေဆိုခြင်းမရှိပါဘူး။

လက်ရှိ အလှည့်ကျဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကလည်း အာဆီယံခေါင်းဆောင်တွေ ဂျကာတာမြို့မှာ လာမယ့်စနေနေ့ကျရင် တွေ့ဆုံမယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာသတင်းထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဘရူနိုင်းစော်ဘွား Hassanal Bolkiah က အစည်းအဝေး ဥက္ကဌအဖြစ်တာဝန်ယူမယ်လို့ သူ့ရုံးက ကြေငြာချက်ထုတ်ထားပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာတော့မရှိပါဘူး။

မြန်မာအပါအဝင် အာဆီယံအရာရှိတချို့ကတော့ ဒီအစည်းအဝေးဟာ မြန်မာ့အရေး သီးခြားလုပ်တဲ့ ထိပ်သီးအစည်းအဝေးဖြစ်တယ်လို့ အတည်ပြုပြောဆိုထားကြပါတယ်။ ဒီအစည်းအဝေးကို ဗိယက်နမ် ဝန်ကြီးချုပ်သစ် Pham Minh Chinh တက်ရောက်မယ်လို့ ဗီယက်နမ်အစိုးရက ဒီကနေ့ပဲပြောပါတယ်။ ထိုင်းနိုင်ငံကတော့ ဝန်ကြီးချုပ်ကိုယ်တိုင်တတ်ရောက်မှာမဟုတ်ပဲ၊ နိုင်ငံရေးခြားရေးဝန်ကြီးကို စေလွှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။

မြန်မာ့အရေး အာဆီယံထိပ်သီးစည်းဝေးနေချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ဂျကာတာမြို့ကို လာရောက်မယ်လို့ သိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို တတ်ရောက်မှာမဟုတ်ပေမယ့်လို့၊ အစည်းအဝေး ဘေးပန်းမှာ ဆွေးနွေးပွဲတွေ လုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။ မြန်မာ့အရေးကို အာဆီယံအသင်းကြီးအနေနဲ့ ကြားဝင်ညှိုနှိုင်းကိုင်တွယ်ဖြေရှင်းဖို့ကို အိမ်နီးချင်းတရုတ်ရော အမေရိကန်ပြည်ထောင်စုရော ကမ႓ာကုလသမဂ္ဂအသင်းကြီးကပါ ထောက်ခံပြောဆိုထားကြပါတယ်။

ပြည်တွင်းရေးဝင်မစွက်တဲ့မူဝါဒ လက်ကိုင်ထားတဲ့ အာဆီယံအသင်းကြီးမှာ မြန်မာ့အရေး ဆွေးနွေးမှာဖြစ်တဲ့အတွက် ဒီအစည်းအဝေးကို အမျိုးသားညီညွှတ်ရေအစိုးရ NUG ကိုဖိတ်ကြားသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHRက ဧပြီလ ၂၀ ရက်နေ့မှာ ကြေငြာချက်ထုတ် တိုက်တွန်းထားပါတယ်။ NUG ရဲ့အသံကို နားမထောင်ပဲ မြန်မာ့အရေးကို ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်မှာမဟုတ်ဘူးလို့လည်း ကြေငြာချက်မှာ ဖော်ပြထားတာပါ။

ရက်စက်ကြမ်းကြုတ်စွာ အာဏာသိမ်းထားတဲ့ သူ့ရဲ့လုပ်ရပ်ကို လုံးဝတာဝန်မခံ ငြင်းဆန်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း မြန်မာပြည်သူကိုယ်စား အာဆီယံအစည်းအဝေးကို ဖိတ်ခေါ်ထားတာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ်လို့လည်း ကြေငြာချက်မှာ အကြံပြုထားပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ အာဆီယံအသင်းကြီးက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားထားတာ ချက်ချက်ပြန်ရုပ်သိမ်းသင့်တယ်လို့ ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/military-council-chief-will-attand-asean-in-indonesia/5861573.html

မြန်မာ့အရေး အာဆီယံထိပ်သီး စစ်ကောင်စီအကြီးအကဲတက်ရောက်မည် မြန်မာ့အရေး အာဆီယံထိပ်သီး စစ်ကောင်စီအကြီးအကဲတက်ရောက်မည် Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.