ဆေးဝန်ထမ်းတဦး ပြောပြတဲ့ ပဲခူးဖြိုခွဲမှု

ဒီလ ၁၀ ရက်၊ စနေနေ့က ပဲခူးမြို့မှာ စစ်အုပ်ချုပ်ရေး ကောင်စီတပ်တွေက အင်အားသုံး ပစ်ခတ်ဖြိုခွဲ ခံခဲ့ရပြီးတဲ့နောက် ခုချိန်ထိ ပျောက်ဆုံးနေ သူတွေ၊ အဆက်အသွယ် ရှာမရသေးသူတွေ အများအပြား ရှိနေသေးတာကြောင့် အဲ့ဒီနေ့က သေဆုံးသူဟာ ရာဂဏန်းအထိ ရှိနိုင်တယ်လို့ ပဲခူးအဖြစ်အပျက်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးက ပြောပါတယ်။ မနေ့ကလည်း ဆေးဝါးထောက်ကူအဖွဲ့က စေတနာ့ဝန်ထမ်း တဦး ဖမ်းဆီးခံခဲ့ရပြီး အဖမ်းအဆီးတွေ ဆက်ရှိနေတယ်လို့လည်း ပြောပါတယ်။ ပဲခူးမြို့က အခြေအနေနဲ့ပတ်သက်လို့ ကိုယ်တိုင် ကြံုတွေ့ခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးရဲ့ အတွေ့အကြံုကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

“ဆိုးတာကတော့ တော်တော်ဆိုးတာပေါ့။ ဆိုးတယ်ဆိုတာက သူတို့ မနက် ၅ နာရီမထိုးခင်ကတည်းက ဝင်လာတယ်။ ၉ နာရီလောက်မှာ အတားအဆီးတွေ အကုန် ပြိုသွားတယ်ပေါ့။ ကျနော်တို့လည်း အိမ်ထဲမှာ ပိတ်မိနေတာပေါ့။ အပြင်ထွက်လို့လဲ မရဘူး။ ဒဏ်ရာရတဲ့ တယောက်ကိုပဲ ကယ်ပေးလိုက်လို့ရတယ်။ နောက်ပိုင်းကျတော့ ဒဏ်ရာ ရတဲ့သူတွေကို ဘယ်သူမှ ကောက်ပေးလို့မရဘူး။ အလောင်းလည်း ကောက်လို့မရဘူး။ အလောင်းလည်း ကောက်လို့မရဘူး။ တရပ်ကွက်လုံးကလည်း အဲ့ဒီအချိန်မှာ ပိတ်မိနေတာဆိုတော့။ အိမ်ထဲကနေ အပြင်ထွက်တာနဲ့ အပစ်ခံရတာဆိုတော့လေ။ အဲ့ဒါကြောင့်ပါ။”

ဆိုတော့ တကယ်ကုပေးနိုင်တဲ့သူ တယောက်လောက်ပဲရှိပြီး ကျန်တဲ့သူတွေကိုကျ ဒီအတိုင်းပဲ ပစ်ထားခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်သွားတာပေါ့။

“ဟုတ်တယ်။ ပစ်ထားရတဲ့အခြေအနေပဲ။ ကျနော်တို့လည်း သွားမကောက်ရဲဘူးလေ။ သွားကောက်ရင် အပစ်ခံရမှာဆိုတော့။ ဘယ်သူမှ သွားမကောက်ရဲဘူး။ ambulance လည်း ဝင်လို့မရဘူးဆိုတော့ ဒဏ်ရာရတဲ့သူကလည်း ဒဏ်ရာ ရနေလျက်နဲ့ လုံခြုံရာကို ပြေးကြတာပေါ့။ ကျဆုံးတဲ့သူကလည်း နေရာမှာတင် ကျဆုံးသွားတာပေ့ါ။”

အခုဆိုရင် မြန်မာနိုင်ငံမှာ ကျဆုံး ဒဏ်ရာရတဲ့သူတွေ စာရင်းကို ပြုစုတဲ့အဖွဲ့အစည်းတွေက ပြောတာဆိုရင် အနည်းဆုံး ၈၂ ယောက်ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီထက် အများကြီး ပိုနိုင်တယ်လို့လည်း ပြောကြပါတယ်။ ဆိုတော့ အဲ့ဒီနေရာမှာ ကိုယ်တိုင်ရှိနေခဲ့တဲ့သူ တယောက်အနေနဲ့ မြင်ခဲ့ရတဲ့ အခြေအနေအပေါ်မှာ သေဆုံးသူဦးရေက ဒီ့ထက်ပိုများနိုင်သလား။ ဒီအပေါ်မှာ ကိုယ်မြင်ရတဲ့အခြေအနေ ဘယ်လိုယူဆမိလဲ ပြောပြပါဦး။

“မြင်ခဲ့ရတာ ကတော့ အဲ့ဒီနေ့က တရပ်ကွက်လုံး ဘယ်သူမှ ထွက်လို့မရဘူးလေ။ လမ်းမတန်းကတော့ သူတို့က မြင်ရတာပေါ့။ ကျဆုံးတွေက အဲ့ဒီနေ့က တော်တော်များတယ်ပေါ့။ များတဲ့အပြင်ကို အဲ့ဒီမှာက လမ်းမကြီး ၃ လမ်းရှိတယ်လေ။ ကိုယ့်မင်းကိုယ့်ချင်းလမ်း ဆိုတာရယ်။ မဂ္ဂတစ်လမ်းရယ်။ ကန်တော်လေး လမ်းရယ်ပေါ့။ အဲ့ဒီလမ်းသုံးလမ်းလုံးကို တပြိုင်နက်တည်း ဝင်တာ။ ဆိုတော့ အဲ့နေ့က အကျအဆုံးတော့ တော်တော်များတယ်။ ပြီးတော့ ခုချိန်ထိ ဆက်သွယ်လို့မရသေးတဲ့သူတွေ အများကြီးပဲပေါ့။ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိတယ်။ မိန်းခလေးတွေလည်း ပါတယ်။ အဲ့တော့ အကျအဆုံးကတော့ ၈၀ ထက်ကို ကျော်တာပေါ့။ ၁၀၀ လည်း ကျော်သွားနိုင်တယ်။ ကျဆုံးအတည်ပြု ကတော့ ဘယ်လိုမှ အတည်ပြုလို့ မရဘူးပေါ့။ ခန့်မှန်းပဲ ကျနော်တို့က အတည်ပြုလို့ ရပါတယ်။”

အခုချိန်ထိ တင်းကျပ်ထားတုန်းပဲလား။ အခုလက်ရှိ အခြေအနေကိုလည်း သိသလောက် ပြောပြပေးပါလား။

“ဟုတ်ကဲ့။ ကျနော် သိသလောက်ကတော့ အဲ့ဒီနေ့က အလောင်းတွေကို ဘယ်လိုမှ ကောက်လို့မရဘူး။ သူတို့ပဲ ကောက်သွားတာပေါ့လေ။ သူတို့ကောက်သွားပြီးတော့ နောက်နေ့ကျတော့ အလောင်းတွေကို ပြန်ရွေးခိုင်းတယ်လို့ ပြောတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ် ဆိုတာကတော့ အတည်ပြုလို့ မရဘူးပေါ့လေ။ ရှိရင်လည်း ရှိမှာပေါ့။ သူတို့ ပိုက်ဆံနဲ့ပြန်ရွေးခိုင်တယ်လို့တော့ ပြောကြတယ်။ တစ်သိန်းကျော်ပေါ့။ တစ်သိန်းနှစ်သောင်း၊ တစ်သိန်းလေးသောင်းလောက် ပေးထုတ်ရတယ်လို့ ပြောတယ်။ ဘာလို့လဲဆိုတော့ ခုချိန်မှာက ဘယ်သူကမှ facebook တက်ရေးလိုက်ရင်လည်း နောက်မှာလိုက်ပြီးတော့ ဆွဲနေတာတွေရှိနေတော့လေ။ အဲ့ဒါကို တိတိကျကျကြီးတော့ မပြောကြဘူး။ ရပ်ကွက်တွေကလည်း နည်းနည်းလေး လက်နက်တွေနဲ့ဖိတော့ ကြောက်သွားတာပေါ့လေ။ အဲ့ဒီလိုမျိုး နေ့တိုင်းဆိုတော့။ အခုဆိုရင် သုံးရက်ပေါ့။ ဒီနေ့တော့ နည်းနည်းငြိမ်တယ်လို့ ပြောတယ်။ သုံးရက်ဆက်တိုက် အဲ့လိုတွေပစ်နေတာ။ ရွာဘက်တွေဆိုရင် နှစ်ရက်ဆက်တိုက်ပေါ့။ အပစ်ခံရတာ။ ရွာဆိုရင်တော့ ရွာလုံးကျွတ် ထွက်ပြေးနေရတာတွေပေါ့။ အခုတော့ သူတို့ စာရင်းရတဲ့လူတွေ လိုက်ဖမ်းနေတယ်ပြောတယ်။ ကျနော်တို့ medical team ဘက်ကတော့ မနေ့က တယောက် အဖမ်းခံရတယ်။ မနေ့က မနက်ကလေ။”

အဖမ်းအဆီးတွေ ဆက်ရှိနေတဲ့သဘောပေါ့။

“အဖမ်းအဆီးတွေတော့ ရှိနေတယ်။ သူတို့ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် ဆိုတော့၊ သူတို့လိုက်ရှာပြီးတော့ ဖမ်းဆီးတာတွေတော့ ရှိနေပါတယ်။”

အခု အဖမ်းခံရတဲ့သူနဲ့ပတ်သက်လို့ရော ဘာများ သတင်းကြားရပါသလဲရှင့်။

“အဖမ်းခံရတဲ့သူကတော့ - သူက မနက်ခင်း ဆေးရုံမှာ သူအိပ်နေတာကို ရဲကားနှစ်စီးနဲ့ အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတယ်လို့ ပြောတယ်။”

သူနဲ့ပတ်သက်လို့ရော သူဘယ်မှာရှိတယ်ဆိုတာ သိရပါသလား။

“ဘယ်မှာရှိတယ်လို့တော့ ကျနော်တို့တော့ မသိရဘူး။ ထောင်တော့ မရောက်သေးဘူးပေါ့လေ။ စခန်းမှာပဲလို့လည်း ကျနော်တို့ သတင်းကြားတယ်။”

ခုလိုဖြစ်သွားတဲ့ အခြေအနေတွေအပေါ်မှာ ဆေးဝန်ထမ်းတယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။ ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ အခြေအနေတခု။ အရပ်သားပြည်သူတွေ နေထိုင်တဲ့အရပ်ထဲမှာ စစ်မြေပြင်တခုလို လုပ်သွားတဲ့အပေါ်မှာ ဆရာတို့ ဆေးဝန်ထမ်းတွေအနေနဲ့တောင် အကူအညီပေးလို့မရတဲ့ အခြေအနေ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုခံစားရပါလဲ။ ဘာများပြောချင်ပါသေးလဲ။

“ကျနော်တို့တွေ နာနာကျင်ကျင် ခံစားရတာပေါ့လေ။ စစ်မြေပြင်တောင်မှ နှစ်ဘက်အပစ်အခတ် ရပ်ပြီးတော့ အလောင်းတွေ ကောက်ကြသေးတာပဲ။ ဒါက စစ်မြေပြင်မဟုတ်တာ။ အဲ့တော့ ကျနော်တို့ကို ဒဏ်ရာရတဲ့သူတွေကို ပေးမကုတာကတော့ တဖက်သက်ကြီးပေါ့။ လက်နက်နဲ့ဝင်ပြီးတော့ အနိုင်ကျင့်သတ်ဖြတ်တာလို့ အဲ့ဒီလိုခံစားရတယ်။ အဲ့ဒီနေ့က အဖြစ်အပျက်ကတော့ တသက်မမေ့နိုင်တဲ့ဟာကြီးပဲလေ။ ကျနော်တို့အတွက်ကတော့ ဆေးကုခွင့်မပေးတာတော့ နာကျင်တာပေါ့လေ။ ကျနော်တို့ ကယ်လို့ရတဲ့ဟာတွေ ရှိရဲ့သားနဲ့ ကျနော်တို့ ကယ်ခွင့်မရလိုက်ဘူးပေါ့။ တချို့ ဆိုရင် ဒဏ်ရာရပြီး သွေးလွန်ပြီးတော့ ကျဆုံးသွားတဲ့ လူနာတွေ ရှိတာကိုး။ အမှန်ဆိုရင် ကျနော်တို့ ကယ်လို့ရလျက်နဲ့ သွေးလွန်ပြီးတော့ အချိန်ကြာသွားတော့ သွေးထွက်များပြီး ကျဆုံးသွားတဲ့သူတွေ ၂၀ - ၃၀ လောက် ရှိတာဆိုတော့။ ကျနော်တို့ medical team ကို ကုလသမဂ္ဂအနေနဲ့ ကျနော်တို့ကို စစ်မြေပြင်ဖြစ်ဖြစ်၊ အခုလို အဓိကရုန်းထဲမှာဖြစ်ဖြစ် ကျနော်တို့ကို လုံလုံခြုံခြုံနဲ့ ဒဏ်ရာရသူတွေကို ကောက်ခွင့်ပေးဖို့အတွက် ကုလသမဂ္ဂကနေ ပြင်းပြင်းထန်ထန် တောင်းဆိုပေးစေချင်တယ်ဗျ။ ကျနော်တို့ လူနာတွေကို ကျနော်တို့ ကောက်ချင်တယ်လေ။ ဘာလို့လဲဆိုရင် ambulance တွေလည်း ဝင်လို့မရတဲ့အနေအထားမှာ ကျနော်တို့ medical team ကို ယူအန်အနေနဲ့ တခုခု ထောက်ပံ့ပေးဖို့ တောင်းဆိုတာပါ။” 


ခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/bago-crackdown-04-12-2021/5849964.html

ဆေးဝန်ထမ်းတဦး ပြောပြတဲ့ ပဲခူးဖြိုခွဲမှု ဆေးဝန်ထမ်းတဦး ပြောပြတဲ့ ပဲခူးဖြိုခွဲမှု Reviewed by THITHTOOLWIN on 05:58 Rating: 5

No comments:

Powered by Blogger.