မြန်မာနိုင်ငံမှာ ရှေ့နေတွေအပေါ် အကြမ်းဖက်နေမှုကို သြစတြေးလျ ဘားကောင်စီနဲ့ ရှေ့နေများအသင်း ရှုတ်ချ

The Law Council of Australia / သြစတြေးလျ ဘားကောင်စီ

မြန်မာနိုင်ငံမှာ ရှေ့နေတွေနဲ့ တရားသူကြီးတွေကို အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက် နှောင့်ယှက်၊ မတရား ဖမ်းဆီး ထိန်းသိမ်းနေတာတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သြစတြေးလျ ဘားကောင်စီနဲ့ သြစတြေးလျ ရှေ့နေများအသင်းက ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ရဲ့ ထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့ အမှုသည်တွေဘက်က ကိုယ်စားပြု အမှုရင်ဆိုင်ခဲ့တဲ့အတွက် ရှေ့နေတွေကို ဖမ်းဆီး ထိန်းသိမ်း ခံနေရတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေကြောင့် အကြီးအကျယ် စိုးရိမ်မိတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားရုံး အဆင့်ဆင့်က တရားသူကြီးတွေကိုလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ တာဝန်ကနေ ရပ်စဲတာတွေ၊ မတရားထိန်းသိမ်းထားတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက ရှေ့နေတွေအနေနဲ့ သူတို့ရဲ့ အမှုသည်တွေနဲ့ လွတ်လပ်စွာ သွားရောက် တွေ့ဆုံခွင့်၊ စကားပြောခွင့် ရှိသလို အမှုသည်တွေကို ဥပဒေကြောင်းအရ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် သတင်းအချက်အလက်တွေကို ရယူပိုင်ခွင့် ရှိရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှေ့နေတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရှိသလို ဥပဒေကြောင်းဆိုင်ရာ၊ တရားစီရင်မှုဆိုင်ရာကိစ္စ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကိစ္စတွေကို အများရှေ့မှာ ပြောဆိုပိုင်ခွင့် ရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-မတရားထိန်းသိမ်းခံထားရတဲ့ ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ ကျန်တဲ့သူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့

-ဥပဒေအကျိုးဆောင် ပုဂ္ဂိုလ်တွေကို သူတို့ရဲ့ တာဝန်တွေကို ဘေးကင်းလုံခြုံစွာနဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်နဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကနေ ကာကွယ်စောင့်ရှောက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့

-လူတိုင်းလူတိုင်းအတွက် ပြစ်မှုဆိုင်ရာ စစ်ဆေးကြားနာမှုအဆင့်ဆင့်မှာ သီးခြားလွတ်လပ်၊ သင့်လျော်တဲ့ ဥပဒေကြောင်းဆိုင်ရာ အကူအညီတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ရနိုင်ခွင့် ပေးဖို့ စတဲ့ အချက်တွေကို သြစတြေးလျ ဘားကောင်စီနဲ့ သြစတြေးလျ ရှေ့နေများအသင်းက အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာနိုင်ငံမှာ ရှေ့နေတွေအပေါ် အကြမ်းဖက်နေမှုကို သြစတြေးလျ ဘားကောင်စီနဲ့ ရှေ့နေများအသင်း ရှုတ်ချ မြန်မာနိုင်ငံမှာ ရှေ့နေတွေအပေါ် အကြမ်းဖက်နေမှုကို သြစတြေးလျ ဘားကောင်စီနဲ့ ရှေ့နေများအသင်း ရှုတ်ချ Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.