ဖားကန့်မြို့နယ်တွင်း တိုက်ပွဲများ သုံးရက်ဆက်တိုက်ရှိနေ

KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်ရှိ နေရာ တခုတွင်တွေ့ရ။ (ဇန်နဝါရီ ၂၀၊ ၂၀၁၃)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲဖြစ်နေတာ ၃ ရက်ဆက်တိုက် ရှိနေပြီး ဒီကနေ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA က တပ်မတော် တပ်စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အခြေအနေအရ ဖားကန့်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ရေရှည် ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း ဒေသခံတွေ ခန့်မှန်းနေပါတယ်။ ရန်ကုန်ကလာတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဒီကနေ့ မနက်မှာလည်း ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ဖားကန့် ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“တိုက်ပွဲက ဒီကနေ့ မနက် ၂ နာရီလောက်မှာ ဖြစ်တယ်။ ဝေခါ၊ ဝေလုံမှာလေ၊ ဝေလုံစခန်းမှာ တိုက်ပွဲဖြစ်တယ်။ သတင်းတော့ အတိအကျ ကျနော်တို့ မရသေးဘူး။ အခုတော့ ငြိမ်သွားပြီ၊ မနက်မိုးလင်းတာနဲ့ ငြိမ်သွားပြီ။”

အခြားဒေသခံတစ်ဦးကတော့ တပ်မတော်စခန်းကို KIA က သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။

“ ဒီမနက် ဝေခါမှာတော့ ဖြစ်တယ်ဗျ။ ဝေခါ ၃နာရီမှာ မိုးညှင်းအခြေစိုက် ခမရ ၁၅ ပေါ့လေ။ အဲဒီမှာဖြစ်တော့ ဒီမနက် ၃ နာရီ ဝန်းကျင်မှာတော့ ခမရ ၁၅ ကို ဝင်ပြီးတော့ သိမ်းလိုက်တယ်။ အဲဒီသဘောပေါ့။”

ဝေခါ စခန်းကို သိမ်းယူတာနဲ့ ပတ်သက်လို့တော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

တနင်္လာနေ့ ညနေပိုင်းကလည်း လုံးခင်းအထွက် တံတားမှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

KIA တပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ကံဆီးရွာအနီးက တပ်မတော် တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး တနင်္လာနေ့ ညနေပိုင်းမှာ တပ်စခန်း ၃ ခုကို သိမ်းယူခဲ့ပါတယ်။ တပ်မတော်ဘက်က လေကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့သလို စစ်ကူတပ်တွေလည်း ထပ်မံပို့ဆောင်ခဲ့တဲ့နောက် ကံဆီးရွာဘက်မှာ ဒီနေ့တိုက်ပွဲတွေ ငြိမ်သက်ခဲ့နေပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ ဝေခါရွာဟာ ဖားကန့်မြို့တောင်ဘက်မှာ တည်ရှိပြီး ကံဆီးရွာကတော့ မြောက်ဘက်ပိုင်းမှာ တည်ရှိတာပါ။

ဖားကန့်မြို့ခံတွေကတော့ တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်လာနိုင်တာကြောင့် မြို့အတွင်းမှာ ဗုံးခိုကျင်းတွေ တူးထားကြပြီး အကာအကွယ်ယူနိုင်အောင် ပြင်ဆင်နေကြပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေဟာ ရေရှည်ဖြစ်နိုင်တယ်လို့ သူတို့က ခန့်မှန်းနေကြပါတယ်။

“အဓိကကတော့ ကျနော်တို့ ဖားကန့်ဒေသမှာတော့ အခုလောလောဆယ် ဗျူဟာ တပ်မကုန်းပေါ့နော်။ အရင်တုန်းကတော့ ဗျူဟာကုန်းခေါ်တာပေါ့။ အခု တပ်မကုန်း၊ အဲဒီနဘေးနားမှာတော့ ဆွတ်ငိုင်ယန်ရှိတယ်။ မော်ဝမ်းကြီး၊ မော်ဝမ်းလေး ရှိတယ်။ မော်ဝမ်းရှိတယ်။ ဖားကန့်မြို့မပေါ့နော်။ ၂၀၁၁က၊ ၂၀၁၃က ဖြစ်နေတဲ့ အတိုင်းအရဆိုရင် ကျနော်တို့က ဗုံးခိုကျင်းတော့ ပုံမှန်တော့ လုပ်ထားကြတာပဲ။ လောလောဆယ်ကတော့ ကျနော်တို့က Conflict ဧရိယာလို့ သတ်မှတ်ထားတာပဲ။ ဆိုတော့ ကျနော်တို့ ဧပြီ၊ မေ ဒီအတောအတွင်းမှာတော့ ဖားကန့်ဒေသမှာတော့ စစ်ငွေ့ သန်းတဲ့အနေအထားမှာတော့ ဆက်ပြီး ရှိနေမှာပေါ့နော်။”

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကလည်း လက်ရှိ အခြေအနေဟာ တိုက်ပွဲကြီးတွေ ဖြစ်ပွားမယ့် အခြေအနေကို ဦးတည်နေကြောင်း သုံးသပ်ပါတယ်။

“အရင်တုန်းကတော့ ဧရာဝတီအရှေ့ခြမ်းမှာဖြစ်ရင် အနောက်ခြမ်းမှာ ငြိမ်နေတယ်။ အနောက်ခြမ်းမှာဖြစ်ရင် အရှေ့ခြမ်းမှာ ငြိမ်နေတယ်။ နောက်ပြီး မြောက်ပိုင်းမှာဖြစ်ရင်လည်း တောင်ပိုင်းမှာ ငြိမ်နေတယ်။ အခုကတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံး မှာ စစ်ဆင်ရေးပုံစံမျိုးနဲ့ KIA က လုပ်လာတဲ့အပေါ်မှာ ကျနော်တို့လည်း အများကြီးတော့ စိုးရိမ်တာပေါ့လေ။ အဲဒီအပေါ်မှာ တပ်မတော်ဘက်ကလည်းပဲ စစ်ကြောင်းတွေ၊ အင်အားတွေ ပြန်တိုးချဲ့လာတယ်ဆိုတာတော့ ကျနော်တို့လည်း ကြားသိရတာပေါ့လေ။ တိုးလာပြီးတော့မှ သူက တိုက်ပွဲကြီးကြီးမားမားဖြစ်မယ့် အရိပ်အယောင်ပေါ့ အဲဒီလိုပုံစံမျိုးတော့ ကျနော်တို့ တွေ့ရတယ်လေ။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတာကို ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြတဲ့အချိန်မှာ တပ်မတော်က အကြမ်းဖက် မနှိမ်နင်းဖို့ KIA က အကြောင်းကြားခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့ မြစ်ကြီးနားမြို့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် လူ ၂ ယောက် သေဆုံးခဲ့ရပြီး မတ်လ ၁၁ ရက်နေ့မှာ KIA က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာက တပ်မတော်စခန်းတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေတောက်လျှောက် ဖြစ်ပွားခဲ့သလို KIA ဌာနချုပ် လိုင်ဇာအနီးက အလောဘွမ်စခန်းမှာ စစ်ရေးတင်းမာမှုတွေ ကြီးမားနေသလို မြစ်ကြီးနားက လေတပ်အခြေစိုက်စခန်းကိုလည်း ဝင်ရောက်ပစ်ခတ်တာ၊ စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/kia-phakant/5860018.html

ဖားကန့်မြို့နယ်တွင်း တိုက်ပွဲများ သုံးရက်ဆက်တိုက်ရှိနေ ဖားကန့်မြို့နယ်တွင်း တိုက်ပွဲများ သုံးရက်ဆက်တိုက်ရှိနေ Reviewed by THITHTOOLWIN on 23:56 Rating: 5

No comments:

Powered by Blogger.